ရန်ကုန်၊ နိုဝင်ဘာ ၂၉
ရိုဟင်ဂျာမူဆလင်များအပေါ် သွေးထွက်သံယို နှိမ်နင်းမှုများကြောင့်ဟုဆိုကာ ဆန္ဒပြမှုများနှင့် မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် အကြံအစဉ်အား ဖော်ထုတ်နိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို တနင်္လာနေ့တွင် ရွှေ့ဆိုင်းလိုက်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ နှိပ်စက်ညှင်းပမ်းမှုများနှင့် သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟူသော စွပ်စွဲချက်များဖြင့် ရိုဟင်ဂျာမူဆလင်ထောင်ပေါင်းများစွာသည် ရခိုင်ပြည်နယ်မှ နယ်စပ်ကို ဖြတ်ကျော်ကာ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ထွက်ပြေးခဲ့ကြသည်။
လူမျိုးတုန်း ရှင်းလင်းမှုများရှိနေသည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောကြားခဲ့သည့်အတွက်လည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်သည် နိုင်ငံတကာ၏ တုန့်ပြန်ပြောဆိုမှုများကို ခံနေရသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရက အဆိုပါ စွပ်စွဲပြောဆိုမှုများကို ငြင်းဆိုထားသည်။ ပြီးခဲ့သည့်လက ရဲစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် တပ်မတော်က “အကြမ်းဖက်သမားများ”ကို လိုက်ခံရှာဖွေနေခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်ပြီး စုံစမ်းနိုင်ရန်အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ်ဆက်စပ်နေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ နိုင်ငံတကာ သတင်းသမားများနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးသူများ သွားရောက်ခွင့်ကို တားဆီးထားသည်။
ကမ္ဘာပေါ်တွင် မူဆလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ဆန္ဒပြသူထောင်ပေါင်းများစွာက လမ်းမများပေါ်ထွက်ကာ မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေးဖြတ်တောက်ရန် ၎င်းတို့အစိုးရကို တောင်းဆိုခဲ့ကြသည်။
အိုင်အက်စ်နှင့် အဆက်အသွယ်ရှိသော စစ်သွေးကြွသုံးဦးအား ဂျကာတာရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစဉ်နေမှုဖြင့် ဖမ်းဆီးလိုက်သည်ဟုလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က တနင်္ဂနွေနေ့က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသို့ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ သွားရောက်ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ သို့သော် အဆိုပါ ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။
“ရခိုင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် အင်ဒိုနီးရှားခရီးစဉ်ကို ကျွန်မတို့ရွှေ့ဆိုင်းထားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားသည်။
“မကြာမီမှာ ပြန်လည်စီစဉ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။ သို့သော် ခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ လုံခြုံရေးအခြေအနေကြောင့်မဟုတ်ဟု ၎င်းက ငြင်းဆိုခဲ့သည်။