အင်တာနက်နှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများအတွက် Global Tech နှင့် မိတ်ဖက်အဖွဲ့များ လက်မှတ်ရေးထိုး

တစ်နိုင်ငံနှင့် တစ်နိုင်ငံ အင်တာနက်ဆက်သွယ်မှုများ ပိုမိုလွယ်ကူလာစေမည့် International Gateway (IGW) ဝန်ဆောင်မှုနှင့် ဖျော်ဖြေတင်ဆက်မှုမျိုးစုံ ကြည့်ရှုခံစားနိုင်မည့် La La Kyi (လာလာကြည့်) ပလက်ဖောင်းအတွက် Golbal Technology Group နှင့် မိတ်ဖက်ပါတနာများ ဒီဇင်ဘာ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းတို့ကုမ္ပဏီသည် ပထမဦးဆုံး မြန်မာနိုင်ငံသားများပိုင် IGW ဝန်ဆောင်မှု ပေးနိုင်မည့်အပြင် OTT (Over-the-top) နှင့် ရုပ်မြင်သံကြား ဖျော်ဖြေတင်ဆက်မှုကဏ္ဍတွင် ဦးဆောင်သွားနိုင်မည်ဟု Global Technology က ပြောကြားသည်။ ထို့ပြင် နောင်တွင်လည်း အာဆီယံနိုင်ငံများအထိ ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟုဆိုသည်။

“ကျွန်တော်တို့ ၂၀၀၃ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် အင်တာနက် package အနေနဲ့ ၁ Mbps ကို ဒေါ်လာ ၃၀၀ နဲ့ ဝယ်ခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ ၁ Mbps ကို ၈ ဒေါ်လာပဲ ကျပါတော့တယ်။ အကယ်၍ အခုလို IGW ဝန်ဆောင်မှုပေးနိုင်တဲ့ ကုမ္ပဏီတွေ ပိုပြီးတိုးလာမယ်ဆိုရင်တော့ နောင်လာမယ့်နှစ်တွေမှာ ဈေးနှုန်းဟာ ဒီထက်ပိုပြီး သက်သာသွားမှာပါ။ ဈေးကွက်ထဲမှာ ဝန်ဆောင်မှုပေးနိုင်တဲ့ လိုင်စင်တွေကို ပုဂ္ဂလိကအခန်းကဏ္ဍကို ခွင့်ပြုချက်ပေးတာ ဒါက ပထမဆုံးပါပဲ။ အခုလောလောဆယ် ကျွန်တော်တို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ နောက်ဆုံးစစ်ဆေးချက်နဲ့ အတည်ပြုချက်ကို စောင့်နေပါတယ်။ မကြာမီမှာ ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုကို မိတ်ဆက် ချပြသွားနိုင်မှာပါ” ဟု Global Technology Group ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိန်းသန်းတိုးက ပြောကြားသည်။

၎င်းတို့အနေဖြင့် ဈေးနှုန်းသက်သာပြီး စိတ်ချယုံကြည်ရသော အဆင့်မြင့်အင်တာနက်ချိတ်ဆက်မှုနှင့် အရည်အသွေး မြင့်မားသော ကွန်ရက်များကိုလည်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် အိမ်သုံး ရုံးသုံးများအတွက် အကောင်အထည်ဖော်ပေးမည်ဟု ဆိုသည်။

“အင်တာနက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IGW ဝန်ဆောင်မှုလုပ်ငန်းသည် အရေးကြီးသည့် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့်အပြင် အများပြည်သူ သုံးစွဲနေသည့် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံး အင်တာနက်ဈေးနှုန်းများ ပိုမို ကျဆင်းစေရန်အတွက် အဓိကကျပါတယ်” ဟု Global Technology ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် Global Technology Group က Cisco Systems Inc. နှင့် ပူးတွဲပြီး International Gateway နှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် အခြေခံလိုအပ်ချက်များ တည်ဆောက်ရန် လုပ်ဆောင်နေသည်။

“အရှေ့တောင်အာရှရဲ့ အင်တာနက်အသုံးပြုမှုနှုန်းဟာ ကမ္ဘာ့တတိယနေရာမှာ တည်ရှိပြီး အသုံးပြုသူ အရေအတွက်ဟာ အမေရိကန်နိုင်ငံ လူဦးရေ အရေအတွက်ထက် ပိုမိုများပြားနေပါတယ်။ နိုင်ငံအတွင်းမှာ နေထိုင်တဲ့ လူတိုင်းသာ အင်တာနက်ကို အသုံးပြုနိုင်မယ်ဆိုရင် စီးပွားရေးနဲ့ ပညာရေးကဏ္ဍတွေမှာ ယခုထက် ပိုပြီး တိုးတက်လာမယ်လို့ မြင်ပါတယ်။ ယခုလို အစဉ်မပြတ်ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ခေတ်မှာ Global Technology Group ရဲ့ International Gateway (IGW) က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု Cisco Systems Inc. မှ ထိုင်းနှင့်အင်ဒိုချိုင်းနား၏ Director of Operation Sales ဖြစ်သူ Mr.Promporn Ketudat က ပြောကြားသည်။

“စီလီကွန်ဗယ်လီရဲ့ နည်းပညာနဲ့ မြန်မာနိုင်ငံ စီးပွားရေးစွမ်းဆောင်ရှင်တို့ရဲ့ ပူးပေါင်းမှုကနေ ရရှိလာမယ့် ရလဒ်တွေက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ IGW ဝန်ဆောင်မှုလုပ်ငန်းအတွက် Global Technology Group နဲ့ Cisco System တို့ရဲ့ ပူးပေါင်းမှုဟာ နိုင်ငံနှစ်ခုမှာရှိကြတဲ့ ဆက်ဆံရေး ပိုမိုခိုင်မာတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်” ဟု American Chamber of Commerce Myanmar ၏ အမှုဆောင်ဒါရိုက်တာ Ms.Zara Dang ကပြောကြားသည်။

IGW ဝန်ဆောင်မှုအား တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အား ဆက်သွယ်မည်ဖြစ်ပြီး နောင်အနာဂတ်တွင် ပင်လယ်ရေမျက်နှာပြင်အောက်မှတဆင့် ဆက်သွယ်သွားနိုင်ရန် (Submarine Cable) အတွက်လည်း ရင်နှီး မြုပ်နှံသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် Video-on-demand လုပ်ငန်း စတင်ရေးအတွက် လိုအပ်သည့် ဗီဒီယို ဖျော်ဖြေတင်ဆက်မှုများ ထုတ်လွှင့်ပို့ဆောင်ရန် Global Technology Group နှင့် အမေရိကန်နိုင်ငံရှိ စီလီကွန်ဗယ်လီ အခြေစိုက် Harmonic Inc. ကုမ္ပဏီ၊ ပြင်သစ်နိုင်ငံ အခြေစိုက် Viaccess-Orca (VO) ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပါသည်။

Global Technology Group ကုမ္ပဏီသည် အွန်လိုင်းမှတစ်ဆင့် ဗီဒီယိုကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုများပေးမည့် La La Kyi (လာလာကြည့်) ပလက်ဖောင်းကို Global Innovations Media အမည်ဖြင့် မိတ်ဆက်သွားမည် ဖြစ်သည်။ ၎င်း ပလက်ဖောင်းပေါ်တွင် မြန်မာ့ရုပ်ရှင်၊ စီးရီး၊ ဖျော်ဖြေတင်ဆက်မှုကဏ္ဍအစုံအလင်ကို ဝင်ရောက် ကြည့်ရှုနိုင်မည့်အပြင် နိုင်ငံတကာကမ္ဘာ့အဆင့်မီ ရုပ်ရှင်များ၊ စီးရီးများ၊ ဖျော်ဖြေရေး အစီအစဉ် မြောက်များစွာကိုလည်း မြန်မာ့ ပရိတ်သတ်များထံသို့ တင်ဆက်ပေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ရဲ့နည်းပညာကို Global Technology Group အတွက် ထောက်ပံ့ခွင့်ရတဲ့အတွက် အလွန် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အနေနဲ့ Global Technology Group အဖွဲ့အစည်းနဲ့ သာမက Viacess-Orca ကုမ္ပဏီတို့နဲ့ပါ ပူးတွဲလုပ်ဆောင်ပြီး အလွန်ကောင်းတဲ့ ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရေးဆွဲမှာဖြစ်ပြီး ကြည့်ရှုသူများ မျှော်မှန်းထားသည်ထက် ပိုမိုတဲ့ အခွင့်အလမ်းကောင်းတွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟု Harmonics Inc ၏ Vice President ဖြစ်သူ Mr. Eric Louret က ပြောကြားသည်။

Viacess-Orca ၏ VP sales APAC ဖြစ်သူ Mr. Jean-Christophe JUBIN ကလည်း “ကျွန်တော်တို့ကို နည်းပညာကုမ္ပဏီ အထောက်အပံ့တစ်ခုအနေနဲ့ La La Kyi (လာလာကြည့်) ပလက်ဖောင်းအတွက် ရွေးချယ်ခံရလို့ အလွန်ဝမ်းသာ ဂုဏ်ယူရပါတယ်။ နောက်ပြီး Global Technology Group နဲ့ လက်တွဲပြီး မြန်မာနိုင်ငံကို ပိုမိုခေတ်မီဆန်းသစ်တဲ့ နိုင်ငံတစ်ခုဖြစ်လာအောင် လုပ်ဆောင်ပေးချင်ပါတယ်” ဟု ပြောကြားသည်။

Global Technology Group ကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့်ရှိ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဆက်သွယ်ရေးကွန်ရက်တွင် တည်ဆောက်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း Network Facilities Services (Individual) လိုင်စင်ကို ရရှိခဲ့သည်။ FTTX (Fiber Network) ဝန်ဆောင်မှုများကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရန်ကုန်၌ စတင်ဝန်ဆောင်မှုပေးခဲ့ပြီး မန္တလေးနှင့် ပဲခူးဒေသများတွင် ဆက်လက်တိုးချဲ့ ဝန်ဆောင်မှုပေးလျှက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar