အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဘယ်လောက် ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်ကိုယ်စားလှယ်တွေက အဂတိ လိုက်စားမှုများ တိုက်ဖျက်ရေးဆိုင်ရာ အဆိုတင်သွင်း ဆွေးနွေးကြကာ အဆိုကို ထောက်ခံဆန္ဒမဲ ပေးပြီး အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ် ထပ်မံဖော်ထုတ်လိုက်ပြန်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေက ပြည်သူ့လွှတ်တော်မှာ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေတဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အစိုးရကနေ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ ဆိုတဲ့ အဆိုတစ်ရပ်ကို အမတ်တွေ ဆွေးနွေး အတည်ပြုခဲ့ကြပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း စံချိန်တင် ရလောက်အောင် အမတ် ၃၂ ယောက် စာရင်းပေး ဆွေးနွေးခဲ့ကြပါတယ်။ တပ်မတော်သားအမတ်တွေ အပါအဝင် ဆွေးနွေးခဲ့သူ အားလုံးလိုလိုလောက်ဟာ အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြတာချည်း ဖြစ်ပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း လာရောက်ဖြေရှင်းသူ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းကတော့ သူတို့ ကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှတွေကို ရှင်းပြပြီး အဆိုကို မှတ်တမ်းသဘောလောက် ထားဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီးတဲ့ အခါမှာတော့ အဆိုကို ကန့်ကွက်သူ တစ်ယောက်မှ မရှိဘဲ တခဲနက် အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကင်ဆာ ရောဂါလို အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ ထိထိရောက်ရောက် တိုက်ဖျက်ပေးနိုင်မလား ဆိုတာ ဆွေးနွေး ကြည့်ကြရအောင်ပါ။

လွှတ်တော်တွင်းတင်တဲ့ အဆိုအပြည့်အစုံကတော့ “ နိုင်ငံအဝှမ်း အဂတိ လိုက်စားမှုများ ထင်ရှားသိသာစွာ ကျဆင်း လျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း ” ဆိုပြီး ဖြစ်ပါတယ်။ အဆိုနဲ့ ပတ်သက်ပြီး အမတ်တွေကတော့ သူတို့ ကြုံတွေ့ကြရတာတွေ၊ တကယ် ဖြစ်ပျက်နေတာတွေကို ဥပမာမျိုးစုံပေး၊ ရှုဒေါင့်မျိုးစုံက ဆွေးနွေးပြီး ထောက်ခံခဲ့ကြတာပါ။ အဲဒီအထဲမှာ တပ်မတော်သား အမတ်တွေလည်း ပါဝင်ပါတယ်။

တကယ်လည်း အမတ်တွေ ဆွေးနွေးပြခဲ့တာတွေ မှန်ကန်ပါတယ်။ အရင် စစ်အာဏာရှင် အဆက်ဆက် လက်ထက်ကနေ ၂၀၁၆ မတ်လကုန်မှာ အာဏာလွဲှအပ်ပေးသွားတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တိုင်အောင် အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ထိပ်ဆုံး အာဏာပိုင်တွေကစ အောက်ခြေ ဝန်ထမ်းတွေအထိတိုင်အောင် ဖြစ်ပွားခဲ့တာပါ။

အဂတိလိုက်စားမှုတွေ များလွန်းတော့ နေရာ အတော်များများမှာ အဂတိလိုက်စားမှုကို အဂတိလိုက်စားမှုလို့ မမြင်ကြတော့ဘဲ လုပ်ရိုးလုပ်စဉ် ပုံမှန်အလုပ်တွေလို လုပ်ကိုင်ဆောင်ရွက်နေကြတာကိုလည်း နေ့စဉ် တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုကို ထိပ်ပိုင်း အာဏာရှိသူတွေ လုပ်ကိုင်တဲ့ အဂတိလိုက်စားမှု၊ အလယ်အလတ်တန်းစား အရာရှိတွေရဲ့ အဂတိလိုက်စားမှုနဲ့ အောက်ခြေအဆင့်မှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုတွေ ဆိုပြီး ခွဲခြားနိုင်ပါတယ်။

ထိပ်ပိုင်း အစိုးရတာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ရင် သူတို့ကိုယ်တိုင်နဲ့ သားသမီး မိသားစုဝင်တွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ကြည့်လိုက်ရုံနဲ့ အဂတိလိုက်စားမှုတွေ ဘယ်လောက် လုပ်ထားတယ် ဆိုတာ ငြင်းလို့ကို မရနိုင်ပါဘူး။ တရားဝင် ရရှိထားတဲ့ ဝင်ငွေတွေနဲ့ ဘယ်လိုမှ နှှိုင်းယှဉ်လို့ မရနိုင်လောက်အောင် ကြွယ်ဝ ချမ်းသာနေကြတာ တွေ့မြင်နိုင်ပါတယ်။

အလယ်အလတ်တန်းစား အရာရှိတွေကြားမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုကတော့ တည်ဆဲ ဥပဒေတွေရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြတာမျိုးပါ။ ဒီ အဆင့်ထဲမှာလည်း အဂတိလိုက်စားလို့ ရနိုင်တဲ့ ရာထူး၊ နေရာကို လိုက်ပြီး ကြွယ်ဝ ချမ်းသာမှု ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူ နှစ်ဖက်စလုံးကို အရေးယူမယ်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေရင် အမှုမှန်တွေ ဖော်ထုတ်ရ ခက်ခဲစေပါတယ်။ တချို့နိုင်ငံတွေမှာ လုပ်သလို အဂတိလိုက်စားသူကို ထောင်ချောက်ဆင် ဖမ်းဆီးတာမျိုးလည်း မလုပ်နိုင်တဲ့ အတွက် နှိမ်နင်းရ ခက်ခဲစေမှာ ဖြစ်ပါတယ်။ ဒီလို ဥပဒေ ပြဋ္ဌာန်းချက်တွေ အားလုံး ပြန်သုံးသပ်ပြီး လိုတာ ပြုပြင်ဖို့ လိုပါတယ်။ 

အောက်ခြေ အမှုထမ်း အရာထမ်းကြားထဲ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုကတော့ လုပ်ခလစာ ဝင်ငွေနည်းပါးပြီး မိသားစု အသုံးစရိတ် မလောက်ငှတာ၊ အစိုးရက ချပေးထားတဲ့ ဌာနနဲ့ ရုံးအသုံးစရိတ် နည်းပါးလွန်းလို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ် ဝင်ငွေရအောင် ရှာရတာ စတဲ့အချက်တွေကနေ ပေါက်ဖွားလာတာမျိုးပါ။ ကြာတော့ ဒီ အဆင့်ထဲမှာ ဖြစ်ပေါ်နေတဲ့ အဂတိလိုက်စားမှုဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်သဘော လက်ခံ ကျင့်သုံးနေကြတဲ့ အခြေအနေအထိ ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် ကိုင်တွယ် တိုက်ဖျက်မယ် ဆိုရင် စနစ်ကျတဲ့ နည်းဗျူဟာ မဟာဗျူဟာတွေ ချမှတ်လုပ်ကိုင်ဖို့ လိုပါလိမ့်မယ်။ ပထမ အရေးအကြီးဆုံးက အဂတိ လိုက်စားမှုကို ဘယ်အပိုင်းက စ ကိုင်တွယ်မလဲ ဆိုတာပါ။

လက်ရှိ အစိုးရ လက်ထက်မှာ ဖြစ်ပေါ်တဲ့ အဂတိလိုက်စားမှုတွေကို ဦးစားပေး ဆောင်ရွက်မှာလား၊ အရင် အစိုးရ အဆက်ဆက် ကျူးလွန်သွားတဲ့ အဂတိလိုက်စားမှုကိုတွေကိုရော တစ်ပြိုင်နက်တည်း ကိုင်တွယ်မှာလား၊ ဥပက္ခာ ပြုထားမှာလား စတာတွေ သုံးသပ်ဖို့ လိုပါတယ်။

နောက် ဒုတိယ ရွေးချယ်ရမှာက အဂတိ လိုက်စားမှု ပြဿနာ ကိုင်တွယ်ရာမှာ ကြီးမားတဲ့ အဂတိလိုက်စားမှု ပြဿနာတွေကို ရွေးချယ် ကိုင်တွယ်မှာလား၊ သေးသေးကြီးကြီး အားလုံးကို တပြေးညီ ကိုင်တွယ်မှာလား ဆိုတာပါ။

နောက်ထပ် အရေးကြီးတာ တစ်ခုကတော့ တပ်မတော်က ကိုင်တွယ်နေတဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာ ကိစ္စတွေမှာ ဖြစ်ပေါ်တဲ့ အဂတိလိုက်စားမှုတွေ၊ တပ်မတော်က ထိန်းချုပ်ထားတဲ့ ပြည်ထဲရေး၊ နယ်စပ်ရေး၊ ကာကွယ်ရေး ဝန်ကြီးဌာနတွေထဲက အဂတိလိုက်စားမှုတွေကိုရော ဘယ်လို သဘောထားမလဲ၊ ဘယ်လို ကိုင်တွယ်မလဲ အသေအချာ စီမံထားဖို့ လိုအပ်ပါတယ်။

နောက်ပြဿနာ တစ်ခုက အဂတိလိုက်စားမှု ပြဿနာကို သူ့ချည်းသက်သက် ကိုင်တွယ်လို့ မရဘဲ အခြားသော ဆက်စပ် ပြဿနာတွေကိုပါ ဖြေရှင်းပေးဖို့ပါ။ ဒီအထဲ လွှတ်တော် ဥက္ကဋ္ဌ ကိုယ်တိုင် ထောက်ပြခဲ့တဲ့ အချက်ကတော့ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေတွေကို ပြန်ပြီး သုံးသပ် ပြင်ဆင်ဖို့ပါ။

လက်ရှိ ဥပဒေတွေမှာ ထိပ်တန်း အစိုးရတာဝန်ရှိသူတွေကို လွှတ်တော်ဘက်ကနေ အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါရှိပါတယ်။ ဒါပေမဲ့ တိုင်ကြားသူရှိမှ၊ တနည်းပြောရရင် တိတိကျကျ အချက်နဲ့ အလက်နဲ့ မှန်မှန်ကန်ကန် တိုင်ကြားတာတွေကိုမှ အရေးယူမယ် ဆိုတဲ့ ဥပဒေမျိုးကြောင့်လည်း အဂတိလိုက်စားမှုကို နှိမ်နင်းရ ခက်ခဲစေပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှုမှာ လာဘ်ပေးသူရော၊ လာဘ်ယူသူ နှစ်ဖက်စလုံးကို အရေးယူမယ်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် နှစ်ဖက်စလုံးက ရေငုံနှုတ်ပိတ်နေရင် အမှုမှန်တွေ ဖော်ထုတ်ရ ခက်ခဲစေပါတယ်။ တချို့နိုင်ငံတွေမှာ လုပ်သလို အဂတိလိုက်စားသူကို ထောင်ချောက်ဆင် ဖမ်းဆီးတာမျိုးလည်း မလုပ်နိုင်တဲ့ အတွက် နှိမ်နင်းရ ခက်ခဲစေမှာ ဖြစ်ပါတယ်။ ဒီလို ဥပဒေ ပြဋ္ဌာန်းချက်တွေ အားလုံး ပြန်သုံးသပ်ပြီး လိုတာ ပြုပြင်ဖို့ လိုပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ချက်က အဂတိလိုက်စားမှု တိုက်ဖျက်နေတာနဲ့ တပြိုင်နက်တည်း အစိုးရဝန်ထမ်းတွေရဲ့ လစာကို တကယ်လက်တွေ့ကျကျ လောက်လောက်ငှငှ ပေးနိုင်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။ တပြိုင်နက်တည်း အစိုးရ ရုံးဌာနတွေရဲ့ တကယ်လိုအပ်နေတဲ့ ရုံးအသုံးစရိတ်တွေကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို တပြိုင်နက်တည်း ဟန်ချက်ညီညီ စနစ်တကျ အကောင်အထည် ဖော်နိုင်မှသာ အင်န်အယ်လ်ဒီ အစိုးရရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်မှု ရနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားနေမှုကနေ ရုန်းထွက်နိုင်မှာ ဖြစ်ကြောင်းပါ။

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.