အခြေခံဥပဒေပြင်ဆင်ရေးအဆို ပြည်ထောင်စုလွှတ်တော်သို့ ဇန်နဝါရီ ၂၉ ၌ တင်သွင်းမည်

ရဲမွန်

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပေးခဲ့သည့် အချက်တစ်ချက်ဖြစ်သော ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို အကောင်အထည်ဖော်ရန်အတွက် ပြင်ဆင်ရေးအဆိုကို ဇန်နဝါရီ ၂၉ရက် (မနက်ဖြန်)တွင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်သွင်းတော့မည်ဟု အမည်မဖော်လိုသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက Frontier ကို အတည်ပြုသည်။

ထိုကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် မနက်ဖြန် တင်သွင်းတော့မည်ဖြစ်ကြောင်း နေပြည်တော်တွင် ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ အစည်းအဝေးတွင် ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကြေညာခဲ့သည်ဟု အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

“ဘယ်ကိုယ်စားလှယ်က တင်မယ်ဆိုတာတော့ မပြောသွားဘူး။ မနက်ဖြန်တင်မယ်ဆိုတာတော့ သေချာတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂ဝ၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲကြေညာစာတမ်းတွင် ထည့်သွင်းခဲ့ပြီး တိုင်းရင်းသားပြည်သူများ တည်ငြိမ်အေးချမ်းစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ထွန်းရေးကို ဦးစားပေး ဆောင်ရွက်မည်ဟုလည်း ယင်းစာတမ်းတွင် ရေးသားထားသည်။

ယခုကဲ့သို့ ပြင်ဆင်ရေးအဆိုအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်လာခြင်းမှာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိကာ အာဏာရလာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပထမဆုံးစတင်လှုပ်ရှားမှုဖြစ်သည်။

မကြာမီသေးမီက ချင်းပြည်နယ်ခရီးစဉ်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဆင့်တဆင့်ချင်း ဆောင်ရွက်နေကြောင်းနှင့် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် ပြုလုပ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အမြန်ဆုံးလုပ်ငန်းစဉ်အနေဖြင့် ဆောင်ရွက်သင့်ကြောင်းနှင့် ပြင်ဆင်ရေး ပိုမိုထိရောက်စေရန် တပ်မတော်နှင့်လည်း ကြိုတင်ညှိနှိုင်းကာ သဘောတူညီချက်ယူသင့်သည်ဟု ပြောသည်။

“စိတ်လှုပ်ရှားစရာကောင်းလောက်တဲ့ ပြင်ဆင်မှုမျိုးတော့ ဖြစ်လာမှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ယင်းဥပဒေပုဒ်မ ၄၃၆ တွင် ပြဌာန်းထားချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ပြီး ယခင်လွှတ်တော်သက်တမ်းတွင်လည်း တပ်မတော်ကိုယ်စားလှယ်များက မထောက်ခံခဲ့သောကြောင့် အရေးပါသည့် အချက်များ ပြင်ဆင်နိုင်ခဲ့ခြင်းမရှိပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar