အချက်အလက် ဝန်ဆောင်မှုဘက်သို့ တယ်လီနောက အာရုံပြောင်းရွှေ့

၂၀၁၄ ခုနှစ်၌ တယ်လီကွန်းဈေးကွက်အား ဖွင့်ပေးလိုက်ပြီးချိန်က စတင်ကာ သုံးစွဲသူအရေအတွက် တဟုတ်ထိုးမြင့်တက်ခဲ့မှုသည် ယခုအခါ တည်ငြိမ်သည့် အနေအထားသို့ ရောက်ရှိလာပြီဖြစ်သဖြင့် အချက်အလက် ဝန်ဆောင်မှုဘက်သို့ အာရုံစိုက်ရန် တယ်လီနောမြန်မာက စီစဉ်နေသည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။

“အလွန်အမင်း မြင့်တက်မှုက ငြိမ်သက်သွားပါပြီ” ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr Lars Erik Tellmann က နိုဝင်ဘာ ၂ ရက်နေ့က ရိုက်တာနှင့် အင်တာဗျူးတွင် ပြောကြားသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ဝါးကြီးအုပ်ထားသည့် ဆက်သွယ်ရေး ဈေးကွက်တွင်းသို့ နော်ဝေမှ တယ်လီနောနှင့် ကာတာမှ အူရီဒူးတို့ ၂၀၁၄ ခုနှစ်၌ စတင်ဝင်ရောက်လာချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။

ထိုအချိန်က စတင်ပြီး မိုဘိုင်းဖုန်း ပြန့်နှံ့မှုနှုန်းမှာ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က ပြီးခဲ့သည့် ဇူလိုင်လတွင် ကြေညာခဲ့သည်။ ထိုသို့ မြင့်တက်လာမှုက ဝင်ငွေပိုမိုရရှိစေနိုင်သည့် အင်တာနက်ဝန်ဆောင်မှုဘက်သို့ ဆက်သွယ်ရေးကုမ္ပဏီများကို အာရုံပြောင်းရွှေ့သွားစေခဲ့သည်။ မြန်မာနိုင်ငံတွင် Facebook က လွှမ်းမိုးထားသည့်အချက်က ထိုသို့ရွှေ့ပြောင်းစေရန်အတွက် တွန်းအားပေးနေသည်။

“ဆင်းကတ်လိုချင်နေတဲ့သူတွေမှာ အခုဆို ဆင်းကတ်တွေ ရှိနေပါပြီ။ ဒါကြောင့် ပြိုင်ပွဲက မိုဘိုင်းဖုန်းတွေကို တစ်ခါမှ မသုံးဆွဲဖူးတဲ့ သုံးစွဲသူအသစ်တွေထက်စာရင် လက်ရှိသုံးစွဲနေသူတွေဘက်ကို လှည့်သွားပါပြီ” ဟု Tellmann က ပြောသည်။

“လူတိုင်းက မိုဘိုင်းဖုန်းတွေကိုပဲ သုံးကြပါတယ်။ ရွေးချယ်စရာ လိုင်းဖုန်းတွေလဲ မရှိသလို တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေလဲ နည်းနည်းပဲ ရှိပါသေးတယ်။ အင်တာနက်လိုင်း ရောက်ရှိမှုကလည်း အတော်ကို နည်းနေပါသေးတယ်” ဟု ၎င်းက ရိုက်တာကို ပြောကြားသည်။

“ဒါက လူတွေ ဘာကြောင့် သူတို့ စမတ်ဖုန်းတွေကို အလွန်လိုချင်နေကြပြီးတော့ အွန်လိုင်းပေါ် တက်ချင်နေကြသလဲဆိုတာကို ပြောပြပေးနေပါတယ်” ဟု ၎င်းကပြောသည်။

ယခုနှစ် တတိယသုံးလပတ်အတွင်း တယ်လီနော၏ မြန်မာနိုင်ငံမှ အမြတ်ငွေ ၄၀ ရာခိုင်နှုန်းကို အချက်အလက် ဝန်ဆောင်မှုမှ ရရှိခြင်းဖြစ်သည်ဟု Tellmann က ပြောသည်။ ကျန် ၆၀ ရာခိုင်နှုန်းကိုမူ သမားရိုးကျ ဖုန်းနှင့် စာတိုပေးပို့ခြင်းတို့မှ ရရှိခြင်းဖြစ်သည်။

ကုမ္ပဏီက တာဝါတိုင် ၆,၈၀၀ ကို တည်ဆောက်ပြီးဖြစ်ကာ ၂၀၁၈ ခုနှစ်အကုန်တွင် နောက်ထပ် တာဝါတိုင် ၃,၂၀၀ ကို ထပ်မံတည်ဆောက်ရန် စီစဉ်ထားသည်။

ဂျပန်နိုင်ငံမှ ကေဒီဒီအိုင်နှင့် ဆူမီတိုမို ကော်ပိုရေးရှင်းတို့နှင့် ၂၀၁၄ ခုနှစ်တွင် ပူးပေါင်းခဲ့သည့် အမ်ပီတီက သုံးစွဲသူ ၂၁ သန်းရရှိထားသည်ဟု လေ့လာသူများက ပြောကြားမှုကိုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

တယ်လီနောက ၁၈ သန်း ရရှိထားပြီး ဒုတိယနေရာတွင် ရှိနေကာ အူရီဒူးက ကိုးသန်းရရှိထားသည်။

မြန်မာအစိုးရထံမှ စတုတ္ထမြောက် အော်ပရေတာအဖြစ် ဆက်သွယ်ရေးလိုင်စင်အား ရရှိခဲ့ပါက မြန်မာကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်ဟု ဗီယက်နမ်နိုင်ငံမှ Viettel က ပြီးခဲ့သည့် ဧပြီလက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar