ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် လုံးဝ ကိုက်ညီမှု မရှိဘဲ အတုအယောင်ရွေးကောက်ပွဲမျှသာဟု သတ်မှတ်ခံရသည့် စစ်ကော်မရှင်၏ အာဏာတည်မြဲရေး နိုင်ငံရေးကစားပွဲကို တော်လှန်ရေး အဖွဲ့များက ဟန့်တားသွားမည်ဟု ပြောဆိုလိုက်ပြီးနောက် မဲရုံဝန်ထမ်းများအဖြစ် တာဝန်ပေးခံရနိုင်ခြေရှိသည့် ငြင်းဆိုခွင့်များစွာ မရှိသော အစိုးရဝန်ထမ်းပြည်သူများက သူတို့၏ လုံခြုံရေးကို စိုးရိမ် ပူပန်နေကြသည်။
ဖရွန်တီးယား
အချိန်က ဩဂုတ် ၁၄ ရက်၊ နံနက်ခင်း။ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ မွန်ပြည်နယ် ရေးမြို့ရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ယာဥ်ပိတ်ဆို့ စစ်ဆေးမှု ပြုလုပ်နေကြသည်။ ဖြတ်သန်းသွားလာသော ယာဥ်များအနက် မော်လမြိုင်ဘက်သို့ ခရီးနှင် လာသော ယာဥ်ပေါ်မှ လက်နက်မဲ့ ကျောင်းဆရာမ ၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။ ထိုတပ်ဖွဲ့ဝင်များသည် မွန်ပြည်တော်လှန်ရေးတပ်နှင့် ရေးမြို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည်။
“သူတို့ကို စစ်ဆေးလိုက်တဲ့အခါ စစ်တပ်ရဲ့ ရွေးကောက်ပွဲသင်တန်း တက်ဖို့ သွားတာ ဖြစ်နေတယ်။ အဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ” ဟု မွန်ပြည်တော်လှန်ရေးတပ်၏ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ဖရွန်တီးယားကို ပြောသည်။
အဖမ်းခံလိုက်ရသော ဆရာမ ၄ ဦးသည် ရေးမြို့နယ်အတွင်းရှိ လမိုင်းမြို့၊ မော့ကနင် ၊ နှစ်ကရင်နှင့် ဘေးလမိုင်းကျေးရွာများမှ အထက်တန်းပြဆရာမများ ဖြစ်သည်။ ၎င်းတို့အား တစ်ရက်ကြာ ဖမ်းဆီးထိန်းသိမ်း၍ စစ်ဆေးမေးမြန်းပြီးနောက်တွင် စစ်ကော်မရှင်၏ ဒီဇင်ဘာ ၂၈ မှ စတင်၍ အဆင့်ဆင့် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ခံဝန်ချက်နှင့်အတူ ပြန်လွှတ်ပေးခဲ့သည်။
“ကျမတို့အနေနဲ့ ဒီစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မပါဝင်ဖို့ သတိပေးထားပြီး ဖြစ်တယ်။ ဒီလို သတိပေးထားတဲ့အပေါ်မှာ ဆက်လက် အရေးယူဆောင်ရွက်တာ ဖြစ်တယ်။ ဒီရွေးကောက်ပွဲ အသက်မဝင်လာနိုင်ဖို့ ကျမတို့တားဆီးသွားမယ်” ဟု မိတလဉာဏ်က ဆိုပါသည်။
စစ်တပ်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ဆောင်ရာ၌ အုပ်ချုပ်ရေးမှူး များနှင့် အရပ်ဘက်ဝန်ထမ်းများအနေဖြင့် ပါဝင် လုပ်ကိုင်ကြခြင်း မပြုရန် သတိပေးချက် တစ်စောင်ကို မွန်ပြည်တော်လှန်ရေးတပ်က ဇူလိုင် ၂၀ တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသည် မွန်ပြည်နယ်မှ အင်အားစုများကလည်း နိုင်ငံတဝှန်းက တော်လှန်ရေးအဖွဲ့များနည်းတူ စစ်အုပ်စု ၏ အာဏာတည်မြဲရေးအတွက် ပြုလုပ်သည့် အယောင်ဆောင် ရွေးကောက်ပွဲကို ဆန့်ကျင် ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းနောက် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမည်ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း အာဏာသိမ်းအကျိုး ဆက်အဖြစ် တိုင်းပြည်အတွင်း တစတစ ကြီးထွားလာသော ပြည်တွင်းစစ်ကြောင့် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ရွှေ့ဆိုင်းနေခဲ့သည်။
ယခုရွေးကောက်ပွဲကလည်း မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းများကို ဖြေရှင်းရန် မဖြစ် နိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအဝင် ဩဇာကြီးမားသော နိုင်ငံရေးပါတီများအား ယှဉ်ပြိုင်ခွင့် လုံးဝပိတ်ပင်ထားခြင်းကြောင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲတစ်ခု မဖြစ်လာ နိုင်ပေ။
“အကြမ်းဖက်စစ်တပ်က ဘာလို့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပလဲ ဆိုရင် သူတို့ မတရားသိမ်းယူထားတဲ့ အာဏာကို တည်မြဲစေဖို့ ဖြစ်တယ်။ ဒုတိယအချက်က အကြမ်းဖက်စစ်တပ်အနေနဲ့ ပြည်သူတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ကင်းလွတ်ခွင့်ရချင်လို့ ဖြစ်တယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။
နိုင်ငံအတွင်းရှိ နေရာအများစုမှာ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေ သည်။ မနှစ်က စစ်ကော်မရှင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူ ရာတွင် နိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၄၅ မြို့နယ်ကိုသာ ကောက်ယူနိုင်ခဲ့သည်။
ကျန်မြို့နယ်များအနက်မှ ၁၂၇ မြို့နယ်တွင် သန်းခေါင်စာရင်းကို တစိတ်တပိုင်း ကောက်ယူနိုင် ခဲ့သော်လည်း ကျန် ၅၈ မြို့နယ်တွင်မူ “လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်များ”ကြောင့် လုံးဝ ကောက်ယူနိုင်ခြင်း မရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ် ၁၈ တွင် ဆိုသည်။ တော်လှန်ရေး အဖွဲ့အစည်းများကလည်း အဆိုပါရွေးကောက်ပွဲကို မဖြစ်မနေ တားဆီးမည်ဟု အခိုင်အမာ ဆိုသည်။
“ကျနော်တို့ စိုးမိုးထိန်းချုပ်နယ်မြေတွေထဲမှာ ဒီတရားမဝင်ရွေးကောက်ပွဲကို လာရောက်ဆောင်ရွက်မယ်ဆိုရင် ဆောင်ရွက်တဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ ဒီလိုလူမျိုးတွေကို ဖမ်းဆီးပြီး တရားဥပဒေတွေနဲ့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ အမတ်များနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးပြီး နိုင်ငံတော်၏အာဏာကို ရယူပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့သည့် ဇူလိုင် ၃၁ တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖျက်သိမ်းခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အတွက် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ၎င်းတို့လက်သင့်ရာ လူပုဂ္ဂိုလ်များ ဖြင့်ပင် ထပ်မံ ဖွဲ့စည်းခဲ့သည်။
ထို့ပြင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ဆက်တိုက် ထုတ်ပြန်ခဲ့ပြီး ဇူလိုင်လမှ စတင်ကာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရန် ကျောင်းဆရာ၊ ဆရာမများနှင့် အရပ်ဘက်ဝန်ထမ်းများအတွက် လေ့ကျင့်သင်တန်းများကို ဖွင့်လှစ်လျက် ရှိသည်။

“သွေးစွန်းမည့် ရွေးကောက်ပွဲ”
ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ သြဂုတ် ၁၄ က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အစည်းအဝေးတစ်ခု ပြုလုပ်နေစဉ် မြို့ပြပြောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
“တော်လှန်ရေးအဖွဲ့တွေကတော့ ဒီအတုအယောင်ရွေးကောက်ပွဲကို တားဆီးရမယ်။ တစ်ဘက်မှာ စစ်တပ်ကလည်း မရရအောင်လုပ်မယ်လို့ ပြောဆိုထားတယ်။ အဲ့တော့ တိုက်ခိုက်မှုတွေက ဖြစ်လိမ့်မယ်” ဟု ယခုအခါ ကရင်အမျိုးသားအစည်းအရုံး၏ ထိန်းချုပ်နယ်မြေသို့ ရောက်ရှိနေသော ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ဝင်ဟောင်း ကိုချမ်းမင်း (အမည်လွှဲ) က ဖရွန်တီးယားကို ပြောသည်။
“ဒီရွေးကောက်ပွဲဟာ သွေးစွန်းလိမ့်မယ်။ တိုက်ခိုက်မှုတွေက မြို့ကြီးတွေထက် ကရင်၊ မွန်နဲ့စစ်ကိုင်းဒေသလို နယ်ဘက်တွေမှာ ပိုဖြစ်ပွားလိမ့်မယ်။ စစ်တပ်ကလည်း လူတွေ ဘယ်လောက်သေသေ သူတို့ အရေးစိုက်မှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်” ဟု ကိုချမ်းမင်းက ဆိုသည်။
စစ်ကော်မရှင်၏ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ မိမိဆန္ဒမပါဘဲ မဲရုံများ၌ အလုပ်လုပ်ရန် တာဝန်ပေးခံထားရသည့် အုပ်ချုပ်ရေးမှူးများနှင့် ဆရာ၊ဆရာမများသည် စစ်အုပ်စုနှင့် တော်လှန် ရေး တပ်ဖွဲ့များကြား ညှပ်မည်ကို စိုးရိမ်နေကြသည်။
ထိုသို့ စိုးရိမ်နေသူများထဲမှ ရန်ကုန်မြို့၊ အလုံမြို့နယ်တွင် မိဘ၊ ညီအစ်မနှစ်ဦးနှင့်အတူ နေထိုင် သည့် ဆရာမ မသူဇာ(အမည်လွှဲ) လည်း ပါဝင်သည်။ သူသည် ဇူလိုင်လလယ်၌ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အကြိုသင်တန်းကို သူ့ ဆန္ဒမပါဘဲ တက်ရောက်ခဲ့ရသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်၌ သူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန် ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ သို့သော် သူ၏ လုံခြုံရေးကို စိုးရိမ်ပူပန်ကြသည့် မိသားစု ဝင်များ၏ ဖိအားပေးမှုကြောင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့ရသည်။ ရွေးကောက်ပွဲ သင်တန်းကို တက်ရောက်လိုစိတ် မရှိခြင်းမှာ တော်လှန်ရေးကို ထောက်ခံသည့် စိတ်တစ်ခုတည်း ကြောင့် မဟုတ်ဘဲ ကြောက်ရွံ့စိတ်က အဓိက ဖြစ်သည်။
“ရွေးကောက်ပွဲလုပ်ဖို့ သင်တန်းတွေ တက်ရမယ်ဆိုပြီး စကြားတည်းက ကျမ မတက်ချင်ခဲ့ဘူး။ တစ်ခုခုဖြစ်မှာ ကျမ ကြောက်တယ်။ ဘယ်လိုမှကို မတက်ချင်ဘူး။ အခုက နိုင်ငံရေးအခြေအနေတွေ မကောင်းဘူး။ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူမှအာမမခံနိုင်ဘူး” ဟု အသက် ၃၅ နှစ်အရွယ် မသူဇာက ဖရွန်တီးယားကို ပြောသည်။
ထိုသင်တန်းကို သူတို့မြို့နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ ပြုလုပ်ခဲ့သည်ဟု မသူဇာ က ဆိုသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အရာရှိများက ရွေးကောက်ပွဲဥပဒေကို ရှင်းလင်း ပြောပြပြီး ကျောင်းဆရာ၊ ဆရာမအများစုဖြစ်သည့် သင်တန်းသားများအား မဲပေးရာ တွင် အသုံးပြုရမည့် အီလက်ထရောနစ်မဲပေးစက်များကို မည်သို့ အသုံးပြုရမည်ကို သင်ကြား ပေးခဲ့သည်။
မွန်ပြည်နယ်မှ ဆရာမ ၄ ဦး ဖမ်းဆီးခံရသည့် သတင်းကို ဖတ်မိသောအခါ ပို၍ပင် ထိတ်လန့် ကြောက်ရွံ့ခဲ့ရသည်ဟု မသူဇာက ဆိုသည်။
“အဲဒီ သတင်းတွေ့တော့ ပိုစိုးရိမ်တာပေါ့။ ဒါပေမဲ့ ကျမတို့က ငြင်းလို့ မရဘူးလေ (ရွေးကောက်ပွဲမှာ မပါဖို့)။ တက်ဆို တက်ရတာပဲ” ဟု သူက ဆိုသည်။

လုံခြုံရေး အစီအမံများကြား ထိတ်လန့်နေရခြင်း
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၌ ပြုလုပ်ခဲ့သည့် သင်တန်းတစ်ခုအတွက် စစ်ကော်မရှင်က လုပ်ဆောင်ခဲ့သော လုံခြုံရေးအစီအမံများကို သြဂုတ်လလယ်အတွင်း ဖရွန်တီးယားက တွေ့မြင်ခဲ့ရသည်။ သြဂုတ် ၁၆ ရက်တွင် ရှင်စောပုလမ်းပေါ်၌ စစ်သား ၈ ဦးနှင့် စစ်တပ် လက်အောက်ခံ အပြာရောင်ယူနီဖောင်းဝတ် ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးတို့ကို လက်နက်များ အပြည့်အစုံတပ်ဆင်၍ လုံခြုံရေးယူနေသည်ကို မြင်တွေ့ခဲ့ရသည်။
လမ်းတလျှောက်တွင် နေရာယူထားသော စစ်သားများနှင့် အပြာဝတ်ပြည်သူ့စစ်များကို ရဲအရာရှိတဦးက ဓာတ်ပုံ ရိုက်ယူနေသည်။ ပြည်သူအများအပြားသည် ထိုအခြေအနေကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ရပြီး အိမ်ပြင်ထွက်ရန် မရဲကြောင်း ဆိုသည်။
နောက်တစ်နေ့တွင် စစ်သားများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် အဆိုပါနေရာနှင့် အနီး လမ်းကြားထဲတွင် ရှိနေသော အုပ်ချုပ်ရေး ရုံးပတ်လည်တွင် လုံခြုံရေးချ၍ နေရာယူကြပြီး ရုံးရှေ့တွင် “ရွေးကောက်ပွဲအတွက် အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြု နည်းသင်တန်း” ဟူသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်။
အဆိုပါကာလအတွင်း ပတ်ဝန်းကျင်အနီးတဝိုက်ရှိ လမ်းဘေးစျေးသည်များကိုလည်း ဖယ်ရှား ပစ်ခဲ့သည်။
“သင်တန်းကတော့ မနက်တစ်ပိုင်းလုံး လုပ်တာပါ။ စမ်းချောင်းမှာ အဲ့ဒီ အပြာဝတ် ပြည်သူ့စစ်တွေကို ပထမဆုံး တွေ့ဖူးတာပဲ” ဟု ရပ်ကွက်သား တစ်ဦးက ပြောသည်။
ထိုသို့ လုံခြုံရေးအင်အား ပြသမှုများ ရှိသော်လည်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ အဖွဲ့ဝင် များသည် တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့နေကြသည်။
“ဘာတွေဖြစ်လာနိုင်လဲ ဆိုတော့ (တစ်) ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေကို အန္တရာယ်ပေးနိုင်တယ်။ (နှစ်) မဲလာပေးမယ့်သူတွေကို အန္တရာယ်ပေးနိုင်တယ်။ (သုံး) ရွေးကောက်ပွဲမှာ အသုံးပြုမယ့်မဲရုံတွေ၊ မဲပေးစက်တို့ကို ဖျက်ဆီးပစ်နိုင်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဗဟို အတွင်းရေးမှူးကော်မတီဝင် ဒေါက်တာမျိုးဆက်သွေးက ဖရွန်တီးယားကို ဩဂုတ် ၂၀ တွင် ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီကို သတ်မှတ်ချိန်အတွင်း ပါတီဝင်အင်အားမပြည့်မီ ဟု အကြောင်းပြ၍ စက်တင်ဘာ ၉ ရက်တွင် ဖျက်သိမ်းခဲ့သည်။
“ကျနော် သက်တမ်းတလျှောက် ကြုံခဲ့တဲ့ ရွေးကောက်ပွဲတွေထဲမှာ ဒီရွေးကောက်ပွဲက အခက်ခဲဆုံးပဲ” ဟု မျိုးဆက်သွေးက ထပ်လောင်းပြောသည်။ မျိုးဆက်သွေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီမှတဆင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။
မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေကလည်း လုံခြုံရေးသည် ရွေးကောက်ပွဲ၏ အကြီးမားဆုံးအခက်အခဲဖြစ်ကြောင်း ဖရွန်တီးယားကို ပြောသည်။
“ကျနော်တို့ ဘယ်လိုဖိအားတွေ ဖြစ်လဲဆိုတော့ သွားဖို့လာဖို့ အတွက်ကို သေချာစီစဉ်ရတယ်။ နည်းနည်း သတင်းတွေ၊ ဘာတွေ သေချာစုံစမ်းမေးပြီးမှ သွားလို့ရတယ်။ ကျနော်တို့ စည်းရုံးရေးကို လွတ်လွတ်လပ်လပ် သွားလို့မရဘူး။..ကိုယ်စားလှယ်လောင်းတွေ ကြေညာရင် ပိုပြီး အခက်အခဲ ဖြစ်မယ်။ အဲ့ဒါက ကျနော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ” ဟု ၎င်းက ပြောသည်။
ပထမအဆင့် ရွေးကောက်ပွဲကို ကျင်းပရန် ၃ လခန့်သာ လိုတော့သော်လည်း စစ်ကော်မရှင်သည် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများအတွက် လုံခြုံရေးအစီအမံများနှင့် ပတ်သက်၍ ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
“လုံခြုံရေးအတွက် သီးခြားဆွေးနွေးတာမျိုး မရှိသေးဘူး။ ပလဖ(ပြည်သူ့စစ်)တွေကို မဲရုံလုံခြုံရေးအတွက် ထားမယ်တော့ ကြားတယ်။ တိတိကျကျတော့ မသိသေးဘူး။..ရွေးကောက်ပွဲမှာပါတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဝန်ထမ်းတွေကို သီးခြားလုံခြုံရေး ပေးမှာမဟုတ်ဘူး။ အဲ့တော့ကိုယ့်ဟာကိုယ်ကာကွယ်ရမှာပဲ။ နေပြည်တော်က အုပ်ချုပ်ရေးမှူးအများစုက စစ်သင်တန်းတက်ပြီး လက်နက်ရှိတော့ ကိုယ့်ဘာသာ ကာကွယ်နိုင်တယ်” ဟု နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
မျိုးဆက်သွေးက ရွေးကောက်ပွဲတွင် ပါဝင်မည့်ပါတီများက လိုအပ်ချက်များကို အာဏာပိုင်များ ထံ တောင်းဆိုထားသော်လည်း ၎င်းတို့ထံမှ တိကျသည့် အစီအစဉ်တစ်စုံတစ်ရာ မရရှိကြောင်း ပြောသည်။
“ပါတီတွေဘက်က တောင်းဆိုတယ်။ အစိုးရဘက်ကလည်း သူတို့လုပ်စရာရှိတာတွေ လုပ်ပေးမယ်ပဲ ပြောတယ်။ ဒီလောက်ပဲ” ဟု သူက ဆိုသည်။
နိုင်သန်းရွှေကဲ့သို့ပင် မျိုးဆက်သွေးကလည်း သူ၏ပါတီသည် စည်းရုံးရေးကို မည်သို့စတင် စီစဉ်ရမည်ကို မသိရှိသေးကြောင်း ဖရွန်တီးယားကို ပြောသည်။ အန္တရာယ်ရှိသည်ဟု ယူဆရ သော နယ်မြေများ၌ပါ စည်းရုံးရေးလုပ်ငန်းကို ဘေးကင်းလုံခြုံစွာ လုပ်ဆောင်နိုင်ရန် ပါတီက အွန်လိုင်းမှတဆင့် စည်းရုံးရေးလုပ်မည်ဟု စဉ်းစားခဲ့ကြောင်း သူက ဆိုသည်။
အွန်လိုင်းမှတဆင့် စည်းရုံးရေးလုပ်ခြင်းအတွက် အကန့်အသတ်များစွာ ရှိသော်လည်း သူက “Facebook၊ TikTok နဲ့ YouTube တို့ကတဆင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်ထားတယ်။ လက်တွေ့သွားတာကတော့ နားထောင်နေတဲ့သူ ပြည်သူရဲ့ခံစားချက်ကို မြင်ရတယ်။ သူတို့ကလည်း တိုက်ရိုက်မေးလို့ရတယ်။ တိုက်ရိုက်ဖြေလို့ ရတယ်” ဟု ဆိုသည်။

ပွတ်တိုက်မှုများကြား သားကောင်မဖြစ်လို
NUG ၏ မူဝါဒသည် အရပ်သားများကို ပစ်မှတ်မထားကြောင်းနှင့် NUG လက်အောက်ရှိ တပ်ဖွဲ့များသည် အရပ်သားများကို တိုက်ခိုက်မည်မဟုတ်ကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။ သို့သော် လက်တွေ့တွင်မူ NUG သည် ၎င်း၏လက်အောက်ခံဟု အမည်ခံထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အချို့၏ လုပ်ရပ်များအပေါ် တိုက်ရိုက်ချုပ်ကိုင်နိုင်မှုက အားနည်းမှုကလည်း စိုးရိမ်စရာ အကြောင်းတစ်ရပ်အဖြစ် ရှိနေသည်။
စစ်ကော်မရှင်သည် မဲဆန္ဒရှင်များကို ရွေးကောက်ပွဲတွင် မဲပေးရန် အတင်းအကျပ် ဖိအားပေးနိုင် သည်ဟု ဦးနေဘုန်းလတ် ဆိုသည်။
“ပြည်သူတွေကတော့ တရားမဝင်ရွေးကောက်ပွဲကို လက်ခံတဲ့အနေအထားမျိုး ရှိမနေဘူး။ ပြည်သူတွေကို အတင်းဓားမိုးပြီးတော့ သေနတ်ထောက်ပြီးတော့ အတင်းအကြပ် မဲပေးခိုင်းတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ တတ်နိုင်သမျှ ပြည်သူတွေအနေနဲ့ မပူးပေါင်းမပါဝင်ဖို့ တိုက်တွန်းပေမဲ့ အခြေအနေအရပ်ရပ်ကြောင့် ဇွတ်အတင်းခိုင်းစေတာမျိုးတွေ ရှိလာမယ်ဆိုရင် ဒါဟာ အလွန်ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တာမို့လို့ ဒီလိုကိစ္စတွေကို မှတ်တမ်းတင်ပြီး တစ်နည်းနည်းနဲ့ နိုင်ငံတကာသိအောင် လုပ်ဆောင်ကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု သူက ပြောသည်။
တစ်ချိန်တည်းတွင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများကလည်း မဲရုံဝန်ထမ်းများအား အန္တရာယ်ဖြစ်စေနိုင်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှုတ်ချကြောင်း ပြောဆိုခဲ့သည်။
“ဒီကိစ္စက လုံးဝမဖြစ်သင့်ဘူး။ အရပ်သားတွေမှာလည်း သူတို့ဘဝရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရတယ်။ အလုပ်ဆိုတာ အစိုးရအလုပ်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီအလုပ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းဖြစ်ဖြစ် ကိုယ့်ဘဝကိုယ် ရှင်သန်အောင်တော့ ကြိုးစားရတာပဲ” ဟု နိုင်သန်းရွှေက ပြောသည်။
“အဲ့လိုမျိုးလုပ်တယ်ဆိုတာ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်။ ကျနော်တို့ကို နှိပ်စက်ညှင်းပန်းတဲ့သဘောလည်း သက်ရောက်သွားသလို ဖြစ်တယ်။ နောက်တစ်ခုက ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်သွားကြတယ်။ အဲ့မှာ ပြည်သူလူထုတွေ (မဲဆန္ဒရှင်ပြည်သူတွေနဲ့ မဲရုံဝန်ထမ်းတွေ) က တော်လှန်ရေးကို အတားအဆီးလုပ်တာလည်း မဟုတ်ဘူး” ဟု သူက ပြောသည်။
သို့သော်လည်း ထိုငြင်းဆိုချက်က ရွေးကောက်ပွဲပြုလုပ်ခြင်းကို ဆန့်ကျင်နေကြသော တော်လှန် ရေး အဖွဲ့များကို စိတ်ပြောင်းသွားအောင် မပြုလုပ်နိုင်ပေ။
“အရပ်သားတွေကို တိုက်ခိုက်တာ မဖြစ်သင့်ဘူးဆိုပြီး ရွေးကောက်ပွဲဝင်မယ့်ပါတီတွေက ပြောတယ်။ စစ်တပ်ကိုကြတော့ ဘာလို့ အဲ့လိုသွားမပြောကြတာလဲ။ စစ်တပ်က နေ့တိုင်း ဗုံးတွေကြဲပြီး သတ်ဖြတ်နေတယ်။ ဒါကိုရောမတားဘူးလား။.. ဒီရွေးကောက်ပွဲကနေ စစ်တပ်က ကိုယ့်ကိုယ်ကိုယ် ရွေးကောက်ခံအစိုးရအဖြစ် ပုံဖော်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီရွေးကောက်ပွဲမှာ ပါဝင်သူတိုင်းဟာ စစ်တပ်ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ လွတ်မြောက်အောင် ကူညီနေတာပါ” ဟု မြို့ပြပြောက်ကျား တိုက်ခိုက်ရေးသမားဟောင်း ကိုချမ်းမင်းက ပြောသည်။
ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံနိုင်သည့် အခြေအနေများကြား ညှပ်နိုင်ခြေရှိသည့် ပြည်သူများသည် စစ်ကော်မရှင်နှင့် တော်လှန်ရေး အင်အားစုနှစ်ဘက်စလုံးဆီမှ ၎င်းတို့အပေါ် ကျရောက်လာနိုင် သည့် ရန်များကို စိုးရိမ်ကြောက်ရွံ့နေကြသည်။
၎င်းတို့ထဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့ရှိ အစိုးရကျောင်းတစ်ကျောင်းတွင် အလုပ် လုပ်နေသည့် ဆရာမ မဇင်မာ (အမည်လွှဲ) လည်း ပါဝင်သည်။ ၅နှစ်အရွယ် သားသည်မိခင် တစ်ဦး ဖြစ်သူ မဇင်မာသည် မဲရုံ၌ တာဝန်ချခံရခြင်း မရှိသေးသော်လည်း တာဝန်ချခံရလာပါက မဲရုံ၌ အလုပ်လုပ်ရန် လွန်စွာ ထိတ်လန့်မိမည်ဖြစ်ကြောင်း ဖရွန်တီးယားကို ပြောသည်။
“ခုထိတော့ မဲရုံတာဝန်ကျတဲ့အထဲတော့ စာရင်းလည်း မပါသေးဘူး။ ပါလာရင်တော့ မလုပ်နိုင်ဘူး။ ကျမကြောက်တယ်။ ငြင်းမှာ ငြင်းမရရင်တော့ ထွက်မှာ။ မဲရုံတွေကို တစ်ခုခု လာမလုပ်ဘူးလို့ ပြောမရဘူး။ ကျမမှာ ကလေးငယ်ငယ်လေးရှိတယ်။ တစ်ခုခု အဖြစ်မခံနိုင်ဘူး” ဟု သူက ဆိုသည်။