အကျဉ်းကျခံနေရသူ နိုင်ငံသားနှင့် နိုင်ငံခြားသား ၈,၅၀၀ ခန့်ကို သမ္မတဦးဝင်းမြင့်၏ အမိန့်ဖြင့် မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ဧပြီ ၁၇ ရက်နေ့က ပြစ်ဒဏ်များမှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ရာ နိုင်ငံရေး အကျဉ်းသား ၃၆ ဦးလည်း ပါဝင်ခဲ့သည်။
မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသားအကျဉ်းသား/သူ ၈,၄၉၀ ဦးအား စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဦးဝင်းမြင့် လက်မှတ်ရေးထိုးထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား/သူ ၅၁ ဦးကိုလည်း စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သမ္မတ၏ သီးခြားအမိန့်တွင် ဖော်ပြထားသည်။
လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာသူအများစုမှာ မူးယစ်ဆေးဝါးပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံနေရသူ အများစုဖြစ်ပြီး တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၁၈၈၀ ဦးနှင့် ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ ၁၄၁ ဦးပါဝင်သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Facebook ပေါ်တွင် ရေးသားထားချက်အရ သိရသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းဝင် နိုင်ငံရေးအကျဉ်းသား ၃၆ ဦးလည်း ပါဝင်သည်ဟု ၎င်းက ရေးသားထားသည်။
AAPP ၏ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၅၄ ဦးရှိသည့်အတွက် ၁၈ ဦးကျန်ရှိနေသေးသည်ဟု AAPP မှ ဦးဘိုကြည်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
သမ္မတရုံး၏ စိစစ်သောအချိန်တွင် စာရင်းမပါခဲ့သည့် လက်ကျန် နိုင်ငံရေးအကျဉ်းသားများအတွက်လည်း ထပ်မံစဉ်းစားပေးပါရန် မေတ္တာရပ်ခံပါသည်ဟု ၎င်းက ရေးသားထားသည်။
ပြန်လည်လွတ်မြောက်လာသူများထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဆက်နွယ်မှုရှိသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ်က ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် ကချင်သင်းအုပ်ဆရာ နှစ်ဦးလည်း ပါဝင်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
၎င်းတို့နှစ်ဦးသည် မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် တပ်မတော်သားများ၏ ဖမ်းဆီးမှုကို ခံခဲ့ရပြီးနောက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
“အခုကျွန်တော်တို့ လွတ်မြောက်လာပြီဖြစ်လို့ ပျော်ပါတယ်။ ကျွန်တော်တို့ဒေသဟာ အနာဂတ်မှာ အေးချမ်းလာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒါမှပဲ ဒီလိုဖြစ်ရပ်တွေ ထပ်မဖြစ်တော့မှာပါ” ဟု ထောင်ဒဏ် နှစ်နှစ်နှင့် သုံးလ ချမှတ်ခံခဲ့ရသည့် လန်ဂျော်ဂမ်ဆိုင်းက လားရှိုးထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် အေအက်ဖ်ပီကို ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုလိုက်သော်လည်း အကျဉ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ရှစ်ဦးထက်မနည်းကို လွှတ်ပေးရန်လည်း တိုက်တွန်းလိုက်သည်ဟု အေအက်ဖ်ပီက ဆက်လက် ရေးသားထားသည်။
ထို့ပြင် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ဆက်နွယ်နေသည့် အမှုများဖြင့် ဆက်နွယ်နေသူ ၂၀၀ ခန့်မှာလည်း အမှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင့် AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်က အေအက်ဖ်ပီကို ပြောကြားသည်။ အဆိုပါအမှုများအား ရုပ်သိမ်းပေးခြင်းအားဖြင့် ၎င်းတို့အတွက် အစိုးရက ဆောင်ရွက်ပေးနိုင်သည်ဟုလည်း ၎င်းကပြောသည်။
အကျဉ်းသားများအား စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သလို နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ပြစ်ဒဏ်များတွင် သတ်မှတ်ခဲ့သည့် စည်းကမ်းချက်များကိုလည်း သမ္မတက ယနေ့ပယ်ဖျက်ပေးခဲ့သည်။
“နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် အမိန့်များထုတ်ပြန်၍ စည်းကမ်းချက်ဖြင့် လွတ်ငြိမ်း သက်သာခွင့်ပြုခဲ့ရာတွင် ယင်းတို့၏ လူမူအခွင့်အရေးကို ငဲ့ညာသောအားဖြင့် အဆိုပါ အမိန့်များပါ သတ်မှတ်ထားခဲ့သော စည်းကမ်းချက်များကို ဤအမိန့် ထုတ်ပြန်သည့်နေ့မှစ၍ ပယ်ဖျက်လိုက်သည်” ဟု ဖော်ပြထားသည်။