သံချေးတက်နေတဲ့ ရထားစက်ခေါင်းတစ်ခု ရှာပုံတော်

ထိုင်းနယ်စပ်က မီးရထားလမ်း သမိုင်းကြောင်းကို ရှာပုံတော် ဖွင့်လှစ်ခြင်း

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

၂၀၁၄ ခုနှစ်မှာ တကယ့်ကို သပ်ရပ်လှတဲ့ ရထားတစ်စင်းကို ကျွန်တော် တွေ့ရှိခဲ့ပါတယ်။ ကားကြုံနဲ့ ထိုင်းနယ်စပ်ကို ကျွန်တော် လိုက်ပါလာတုန်းမှာပါ။ သံလွင်မြစ်ကို ကျော်လာခဲ့ပြီးနောက် ရွာတစ်ရွာအရောက်မှာ ကျွန်တော်စီးလာတဲ့ ကုန်ကားက ကျွန်တော်ကို ချထားခဲ့ပါတော့တယ်။ အချိန်ကတော့ မွန်းလွဲပိုင်းလောက်ပါ။ အဲဒီရွာက မြက်ပင်ပေါင်းပင်တွေထဲမှာတော့ သံချေးတက်နေတဲ့ ရေနွေးငွေ့အင်ဂျင်နဲ့ မီးရထားစက်ခေါင်းတစ်လုံးကို တွေ့ရှိခဲ့ပါတော့တယ်။

စက်ခေါင်းက အပြာရယ်၊ အနက်ရယ်၊ အနီရယ်ဖြစ်ပြီး ဦးပိုင်းမှာ အဖြူရောင်ကြယ်တစ်လုံး ပါပါသေးတယ်။ Captain America ရဲ့ ဒိုင်းလိုမျိုးပေါ့။ ဒီစက်ခေါင်းက အဲဒီမှာ ရှိနေခဲ့တာ နှစ် ၁၀၀ လောက်ရှိနေပြီလို့ ကျွန်တော်ရဲ့ လမ်းညွှန်ဖြစ်သူက ပြောပါတယ်။ သူကတော့ အဝေးပြေးလမ်းပေါ်မှာ ကျွန်တော်နဲ့တွေ့ခဲ့တဲ့ အသက်ကြီးကြီး အမျိုးသားတစ်ဦးပါ။ ဒီရွာကို သွားရောက်ဖို့ ခရီးစဉ်ကို သူစီစဉ်ပေးခဲ့ပြီး ရွာက ဘုရား၊ ဘုန်းကြီးကျောင်းနဲ့ နောက်ဆုံးတော့ ဒီခေါင်းတွဲဆီကို ရောက်ချိန်မှာတော့ သူက သူရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ရုံလေးပဲ ရှိပါတော့တယ်။ ကျွန်တော်အတွက်တော့ မြင်ဖူးသမျှအရာတွေထဲမှာ ဒါက သက်တမ်းအရင့်ဆုံးပါပဲ။                          

ဒါနဲ့ ကျွန်တော်လည်း ဓါတ်ပုံနဲနဲ ရိုက်ပြီး ဆက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံမှာ အလုပ်ရပြီးနောက် ရွှေနိုင်ငံရဲ့ ထူးခြားတဲ့ ရောင်ဝါလက္ခဏာက ကျွန်တော်အတွက် မထူးခြားတော့တဲ့ အခြေအနေကို ရောက်လာခဲ့ပြီးတာတောင်မှ ဒီရထားရဲ့ ပုံရိပ်က သစ်ပင်အိုကြီးမှာ စိုက်ထားတဲ့ ဖန်ပုလင်းတစ်လုံးလို ကျွန်တော်ရဲ့ မြန်မာပြည် ပုံရိပ်တွေထဲမှာ စွဲမြဲ ထင်ကျန်နေပါတယ်။

နောက်ဆုံးတော့ အဲဒီ ဓါတ်ပုံတစ်ပုံဟာ ကျွန်တော်ရဲ့ Facebook ပေါ်ရောက်သွားခဲ့ပါတယ်။ ဘယ်အချိန်၊ ဘာအကြောင်းပဲရေးရေး ကျွန်တော်က Google Maps ပေါ်မှာ အဝေးပြေးလမ်းကို ကပျာကယာရှာနေမိပါတယ်။ နောက်ပြီး အဲဒါက သေးငယ်တဲ့ အပြာရောင်အင်ဂျင်စက်လေးရဲ့ ဘဝနဲ့ အချိန်အကြောင်း ချဲ့ကားထားတဲ့ သီးသန့်ဒဏ္ဍာရီတစ်ခုကိုပါ။

နောက်ဆုံးတော့ လွတ်လပ်ပေါ့ပါးတဲ့ သီတင်းပတ်ကုန်တစ်ခုမှာ ဒီပဟေဠိကို အဖြေညိဖို့ ကျွန်တော်ရဲ့ မြန်မာစကားပြောတတ်တဲ့ မိတ်ဆွေ အိဗ်လင်းနဲ့အတူ ၄၀၀ စီစီ Honda Steed ဆိုင်ကယ်လေးနဲ့ ကျွန်တော် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။

သိပ်မကြာခဲ့ပါဘူး။ Google မှာ ကနဦး ရှာဖွေမှုကနေ အရှေ့တောင်အာရှ ရထားတွေနဲ့ ပတ်သက်ပြီး အပျော်တမ်းရှာဖွေသူ အသိုင်းအဝိုင်း တစ်ခုလုံးကို ဖော်ထုတ်လိုက်မိပါတော့တယ်။ သူတို့ရဲ့ Geocities ခေတ် HTML ဘလော့ဂ်တွေက ရထားလမ်းကြောင်းနဲ့ အစီအစဉ်တွေအကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောထားကြပါတယ်။

သိသာထင်ရှားတဲ့ အချက်တစ်ခုကတော့ မြန်မာ့မီးရထားဟာ ၂၀၀၈ ခုနှစ်တိုင်အောင် ရေနွေးငွေ့သုံး မီးရထားတွေကို ပြေးဆွဲခဲ့ပြီး FarRail Tours ဆိုတဲ့ ကုမ္ပဏီတစ်ခုကလည်း ဒီလိုအင်ဂျင်စက်ခေါင်း အနည်းငယ်ကို ရရှိ ထိန်းသိမ်းထားပါတယ်။

ကုမ္ပဏီတည်ထောင်သူ ဂျာမန်လူမျိုး ဘားန်ဆေးလားကတော့ တစ်ချက်လေး ကြည့်ရုံနဲ့တင် ကျွန်တော်ရဲ့ ရထားကို မှတ်မိသွားပါတယ်။ ဒီရထားကို ၁၉၄၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး သူ့ရဲ့ အမျိုးအစားအမှတ်က ST 778 ဖြစ်ပါတယ်။ သူ့ကို သံလွင်မြစ်တစ်ဖက်ကမ်းက မုပ္ပလင်ရွာမှာ စွန့်ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

ပဟေဠိတစ်ခုကိုတော့ ဖြေရှင်းပေးလိုက်နိုင်ပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ ဆိုင်ကယ်ပေါ်က ဆင်းကြည့်လိုက်တော့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တွေ ရန်ကုန်ကို မြန်မြန်ရောက်မလာအောင် ဗြိတိသျှတို့ ဖောက်ခွဲပစ်တာ ခံခဲ့ရသေးတဲ့ စစ်တောင်းတံတားအိုကြီးရဲ့ တိုင်တွေနဲ့ မြစ်ဘေးက မွန်ကျေးရွာလေးကို တွေ့မြင်ရပါတယ်။ နောက်ဆုံးတော့ အသုံးမပြုတော့တဲ့ ရထားတွေထားရှိတဲ့ နေရာအိုကြီးကို သစ်ပင်အောက်က စက်ဘီးပြင်ဆရာက ကျွန်တော်တို့ကို ပြသခဲ့ပါတယ်။ အဲဒီမှာတော့ အပြာနဲ့ အနက်ရောင် ဆေးသုတ်ထားတဲ့ ရထားစက်ခေါင်းကြီး ရှိနေပါတယ်။ စက်ခေါင်းကြီးကတော့ ပေါင်းပင်တွေကြားမှာ သံချေးတွေ တက်လို့ နေပါတယ်။

ဒါပေမယ့် အဲဒါကြီး လှပလို့ နေပါတယ်။ ဒါမျိုး တစ်ထပ်တည်းတူတာမျိုးလည်း နောက်ထပ် မရှိနိုင်တော့ပါဘူး။ ၁၉၄၉ ခုနှစ်ထုတ် ရထားအင်ဂျင်စက်ခေါင်းအမှတ် ST 778 ဖြစ်ပြီး ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်နေပါတယ်။ ကျွန်တော်တို့ ရောက်ရှိသွားတဲ့ ရက်မတိုင်ခင် တစ်လလောက်ကတော့ နိုင်ငံခြားသားတွေ အုပ်စုလိုက်ကြီး  ရထားနဲ့ ရောက်လာပြီးတော့ ဓါတ်ပုံတွေ ဝင်ရိုက်သွားတယ်လို့ စက်ဘီးပြင်ဆရာက ပြောပါတယ်။

နောက်တစ်ခုကတော့ ခြားနားသွားပါပြီ။ အဘိုးကြီးကတော့ ကွယ်လွန်သွားပါပြီ။ ၂၀၁၄ ခုနှစ်က ကျွန်တော်နဲ့ တွေ့ခဲ့တစ်ယောက်ပါ။ စက်ဘီးပြင်တဲ့လူကတော့ ကျွန်တော်ဓါတ်ပုံတွေထဲက သူ့ကို မှတ်မိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ ကွယ်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

ဒါက ကျွန်တော်ကို တအံ့အသြ ဖြစ်စေပါတယ်။ ကျွန်တော်က သူနဲ့ သူ့ရွာကနေ နောက်တစ်ကြိမ် ထွက်ခွာခဲ့ဖို့ အချိန်ကို မျှော်လင့်ထားခဲ့မိလို့ပါပဲ။ ရထားကြီးလိုမျိုး မပျက်မစီး မထိခိုက်ပဲနဲ့ပေါ့။ အနည်းဆုံးတော့ နောက်တစ်ကြိမ် ပြန်လာဖို့ ကျွန်တော် အခွင့်အရေးရတဲ့ အချိန်အထိပေါ့။

သူ့အမည်ကိုတောင် ကျွန်တော် မသိခဲ့ရပါဘူး။ ကျွန်တော်တို့ရဲ့ လမ်းညွှန်ဖြစ်သူ ဦးဝင်းကိုက ပြောတာကတော့ တစ်ချိန်က မုပ္ပလင်ဟာ အသုံးမပြုတော့တဲ့ ရထားတွေ အများအပြား ထိန်းသိမ်းထားသိုတဲ့နေရာ ဖြစ်ခဲ့ချိန်က ရေနွေးငွေ့အင်ဂျင်သုံး ရထားတွေကို သူက မောင်းနှင့်ခဲ့ပါတယ်။ ဒီရထားခေါင်းတွဲတွေဟာ သူဂုဏ်ယူရတဲ့အရာ၊ သူစိတ်ဝင်စားတဲ့အရာတွေ ဖြစ်ခဲ့ပါတယ်။ ဒီခေါင်းတွဲတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို စောင့်ကြည့်ခဲ့တာဟာ ST 778 တစ်ခုပဲ ကျန်ရှိတော့တဲ့ အချိန်ထိပါပဲ။ အဲဒီနောက် သူဟာ အရက်ကို အလွန်အကျွံ သောက်ခဲ့ပါတော့တယ်။

အနည်းဆုံးတော့ သူ့ရထားအကြောင်း ကျွန်တော် ဒီလောက်အချိန်တွေ အကြာကြီး သတိရနေခဲ့တယ်ဆိုတာ သူသိခဲ့ရင် သူသိပ်ပျော်နေမှာပဲလို့ ကျွန်တော်ထင်ပါတယ်။

နောက်ပြီး ကျွန်တော် သေချာပေါက်ပြောနိုင်တာက အိဗလင်းကို တွေ့ရင်လည်း သူဝမ်းသာနေမှာပဲ။ အိဗလင်းက အဲဒီရထား အတွင်းအပြင်တဝိုက်ကို သုတ်သုတ်ပြာပြာနဲ့ လေ့လာနေတယ်။ အပေါက်ကလေးတွေနဲ့ သံချေးတွေတက်နေတဲ့ လီဗာကို ကလိရင်းနဲ့ပေါ့။ ဒါကို ဘယ်လိုလုပ်ပြီး ဘယ်ကလာတယ်ဆိုပြီး သူသိထားတာအားလုံးကို လည်း သူဂရုမစိုက်ပါဘူး။

ဒါဟာ သူ့အတွက်တော့ အသစ်ကျပ်ချွတ် ပဟေဠိတစ်ခုပါ။ ဒါကိုလည်း ဘယ်တော့မှ ဖြေရှင်းနိုင်ဖွယ်မရှိပါဘူး။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.