ရန်ကုန်
တက္ကသိုလ်ပညာသင်နှစ် ပြီးဆုံးပြီးနောက် အစိုးရဆေးရုံများတွင် သုံးနှစ် တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြုလိုင်စင်ထုတ်ပေးမည်သည့် အစိုးရ၏ ညွှန်ကြားချက်ကို ကန့်ကွက်သည့်အနေဖြင့် ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသား ၆၀၀ ခန့်သည် မတ် ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ချီတက် ဆန္ဒပြခဲ့ကြသည်။
၎င်းတို့သည် လမ်းမတော်မြို့နယ်ရှိ ၎င်းတို့ ကျောင်းမှ မြို့လည်ခေါင်ရှိ မြို့တော်ခန်းမရှေ့ လွတ်လပ်ရေး ကျောက်တိုင်အထိ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကျောင်းသူအများစုပါဝင်သော စီတန်း လမ်းလျှောက် ဆန္ဒပြသူများသည် ပန်းခရမ်းရောင်ရင်ထိုးများ ထိုးထားကြပြီး အများစုက ‘သူနာပြုရပ်ဝန်း ဖိနှိပ်မှုရပ်’ ဟူသောခေါင်းစီးများကို စည်းထားကြသည်။
တက္ကသိုလ်ပညာသင်နှစ် ပြီးဆုံးပြီးနောက် အစိုးရဆေးရုံများတွင် သုံးနှစ်တာဝန် ထမ်းဆောင်ပြီးမှသာ သူနာပြုလိုင်စင်ထုတ်ပေးမည်ဟူသည့် ညွှန်ကြားချက်ကို ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုညွှန်ကြားချက်ကို မကျေနပ်သဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်ဟု ဆန္ဒပြကျောင်းသားတို့က ဆိုသည်။
ယင်းညွှန်ကြားချက်သည် သူနာပြုများနှင့် တိုင်ပင်ရန် မဆိုထားနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် အဆိုပါစာအား ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တစ်စုံတစ်ဦးက Facebook တွင် ဓာတ်ပုံရိုက် တင်လိုက်မှသာ သိရှိရခြင်းဖြစ်သည်ဟု ဆန္ဒပြကျောင်းသူတစ်ဦးက ရှင်းပြသည်။
ထိုကဲ့သို့ သိရှိပြီးနောက် နေပြည်တော်သို့ ကျောင်းသားခေါင်းဆောင်များက သွားရောက်ညှိနှိုင်းခဲ့ သလို၊ ကျောင်းအုပ်ကြီးများထံလည်း တင်ပြခဲ့သော်လည်း မထူးခြားခဲ့ဟု ဆိုသည်။ ထို့နောက် ဆုံးဖြတ်ချက်အား ပြင်ဆင်ပေးရန် တာဝန်ရှိသူများထံ တောင်းဆိုပြီး ငါးရက် အချိန်ပေးထားခဲ့သော်လည်း မထူးခြားသေးသဖြင့် ဆန္ဒပြကြခြင်းဖြစ်သည်။
ယခင်က သူနာပြုတက္ကသိုလ်မှ ကျောင်းသားများသည် တက္ကသိုလ်ပညာ အောင်မြင်ပြီးဆုံးလျှင် ပြီးဆုံးခြင်း လိုင်စင်ရရှိခဲ့ကြသည်။ ထိုသို့ လိုင်စင်ရရှိပြီးနောက် အစိုးရဆေးရုံများတွင် တာဝန် ထမ်းဆောင်သူများရှိသလို အစိုးရဆေးရုံနှင့် ပုဂ္ဂလိက ဆေးရုံများတွင် တွဲဖက်၍ အချို့က တာဝန် ထမ်းဆောင်ကြသည်။ အချို့ကလည်း အစိုးရအား သတ်မှတ်လျော်ကြေး ပေးလျော်ကာ ပြည်ပတွင် သို့မဟုတ် NGO များတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ကြသည်ဟု ကျောင်းသားများထံမှ သိရသည်။
ယခုအခါ ကျောင်းဆင်းပြီးနောက် အစိုးရဆေးရုံတွင်သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှသာ လိုင်စင်ကို ထုတ်ပေးတော့မည်ဟု ညွှန်ကြားချက်ထုတ်လိုက်သဖြင့် ပုဂ္ဂလိကဆေးရုံများတွင် တွဲဖက်၍ တာဝန်ထမ်းဆောင်ခွင့်လည်း မရှိတော့သလို၊ လျော်ကြေးပေး၍ အစိုးရအလုပ်မှ နုတ်ထွက်၍ မရတော့သည့် သဘောပင် ဖြစ်သည်။
“သူနာပြုတွေ အလုပ်ထွက်ကြတာ ဘာကြောင့်လဲဆိုတာကို သေချာမလေ့လာ မဆန်းစစ်ဘဲနဲ့ သုံးနှစ် လုပ်ပြီးမှ လိုင်စင်ထုတ်ပေးမယ်။ လိုင်စင်မရှိဘဲအပြင် ဆေးရုံမှာလုပ်ရင် ဖမ်းနိုင်တယ်ဆိုတာမျိုးက လုံးဝ မမျှတပါဘူး။ ကျွန်မတို့ သူနာပြုတွေ အလုပ်ထွက်ကြတာဟာ ပြည်သူတွေကို မပြုစု၊ မစောင့်ရှောက်ချင်လို့ ဆိုတာမျိုးကြောင့် မဟုတ်ပါဘူး။ လုပ်ငန်းခွင်က ကျွန်မတို့အတွက် ကျေနပ်စရာ အခြေအနေမရှိလို့ ထွက်ကြတာဖြစ်ပါတယ်”ဟု စတုတ္ထနှစ်ကျောင်းသူ မအေးမိစံက ဆန္ဒပြ လမ်းလျှောက်နေရင်း သတင်းထောက်များကို ပြောသည်။
“သူနာပြုတွေဟာ လူနာအင်အားနဲ့ သူနာပြုအင်အားမမျှတဲ့ အခြေအနေကြောင့် အရမ်းပင်ပင်ပန်းပန်း အလုပ်လုပ်နေကြရတဲ့အပြင်၊ သူနာပြုလုပ်ငန်းနဲ့ မဆိုင်တာတွေ အများကြီးကိုပါ လုပ်နေရတာကြောင့် ဝန်ပိနေကြပါတယ်”ဟုလည်း ၎င်းကဆိုသည်။
tzhnusu_protest20.jpg
title=
မြန်မာနိုင်ငံ သူနာပြုကောင်စီ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းအရ လိုင်စင်ရှိသော သူနာပြုသည်သာ သူနာပြုအရည်အချင်း ပြည့်မီသူအဖြစ်သတ်မှတ်သဖြင့် လိုင်စင်မရှိသေးဘဲ ပြည်သူ့ဆေးရုံများတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ရခြင်းသည် ပြည်သူများအား အရည်အချင်းမပြည့်မီသူများအား ပြုစုစောင့် ရှောက်စေသကဲ့သို့ ဖြစ်စေသည်ဟုလည်း အမည်မဖော်လိုသော ဆန္ဒပြကျောင်းသူတစ်ဦးက မှတ်ချက်ပေးသည်။
“ပုဂ္ဂလိကဆေးရုံတွေကတော့ လိုင်စင်ရှိတဲ့သူမှ အလုပ်လုပ်ရမယ်။ ပြည်သူ့ဆေးရုံတွေမှာကြတော့ လိုင်စင်မရှိတဲ့ သူနာပြုတွေက တာဝန်ထမ်းဆောင်ကြမယ်ဆိုတော့ လုံးဝယုတ္တိမရှိပါဘူး”ဟုလည်း ၎င်းက ပြောသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌလည်းဖြစ်၊ တတိယနှစ် ကျောင်းသားလည်းဖြစ်သူ ကိုမင်းကျော်လင်းက “ကျောင်းပြီးလို့ ကျွန်တော်တို့ကို လိုင်စင်ထုတ်မပေး တာဟာ ကျွန်တော်တို့ကို အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်လိုက်တယ်လို့ ယူဆတယ်။ လိုင်စင်မရှိဘဲ တာဝန်ထမ်းဆောင်တာဟာလည်း ပြည်သူတွေအတွက် အန္တရာယ်များပါတယ်။ ပြည်သူတွေဟာ အစမ်းသပ်ခံမဟုတ်ပါဘူး” ဟု ၎င်းက ဆန္ဒပြပွဲတွင်ပြောသည်။
ရန်ကုန်ဆေးတက္ကသိုလ် – ၂ ကျောင်းသားသမဂ္ဂနှင့် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ကလည်း သူနာပြုကျောင်းသားများ၏ လုပ်ရပ်ကိုထောက်ခံကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
သူနာပြုများအလုပ်ထွက်မှုကို တိကျသေချာစွာ လေ့လာဆန်းစစ်၍သာ အဖြေရှာသင့်ကြောင်း ထိုသမဂ္ဂများက သဝဏ်လွှာတွင် ထည့်သွင်းထောက်ပြထားသည်။
“အပြန်အလှန် ဘက်ပေါင်းစုံမဆွေးနွေးဘဲ တစ်ဖက်သတ် အာဏာရှင်ဆန်ဆန် အမိန့်ကြေညာ ချက်များ ဆုံးဖြတ်မှုများအား ရပ်တန့်ပယ်ဖျက်ရန်၊ နိုင်ငံအဝှမ်းရှိသူနာပြုများ၏ ပညာရှင်ပီသစွာ ဂုဏ်သိက္ခာရှိရှိ လမ်းကြောင်းရွေးချယ်နိုင်မှုကို ထိခိုက်စေနိုင်သော ဖိအားပေးမှုများကို ရပ်တန့်၍ လွတ်လွပ်စွာ ရွေးချယ်ခွင့်ကိုဆောင်ရွက်ပေးရန်”ဟုလည်း သဝဏ်လွှာတွင် တိုက်တွန်းထားသည်။
သတင်း-ကျော်ဖုန်းကျော်