သားငှက်တိရိစ္ဆာန် တရားမဝင်ဈေးကွက်များ ဖယ်ရှားရန် ဝန်ကြီးဌာနများ ကတိပြု

မြန်မာနိုင်ငံအတွင်းရှိ သားငှက်တိရိစ္ဆာန်များ တရားမဝင်ရောင်းဝယ်နေသည့် ဈေးကွက်များအား လာမည့် ၂၀၁၇-၁၈ ခုနှစ်အတွင်း လုံးဝဖယ်ရှားသွားနိုင်ရန် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများပူးပေါင်း၍ ကြိုးပမ်းမည်ဟုကတိပြုခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF)က နိုဝင်ဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါကတိကဝတ်ကို ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ပြီးစီးခဲ့သော သားငှက်တိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်မှုဆိုင်ရာ ဟနွိုင်းညီလာခံတွင် မြန်မာအစိုးရဘက်က ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

သားငှက်တိရိစ္ဆာန်များအား တရားမဝင် ကုန်သွယ်နေသည့် အဓိကလမ်းကြောင်းဖြစ်သော မန္တလေး-မူဆယ် လမ်းကြောင်းတလျှောက်တွင်လည်း သတင်းအချက်အလက်များအား အစိုးရက ကောက်ခံသွားမည်ဟုလည်း ကတိပြုချက်တွင် ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါက အခြေခံလှမ်းကောင်းတစ်ခုပဲ ရှိသေးပြီး မြန်မာ့သားငှက်တိရိစ္ဆာန်တွေနဲ့ သဘာဝ အမွေအနှစ်တွေ ဘေးကင်းလုံခြုံဖို့အတွက် ခရီးရှည်လျှောက်လှမ်းရဦးမှာပါ။ သားငှက်တရားမဝင် ကုန်သွယ်မှုက နယ်စပ်ဒေသတွေမှာ ကြီးထွားလာနေပြီး ဈေးဆိုင်တန်းလေးတွေလောက် မဟုတ်တော့ဘူးဆိုတာ မကြာသေးမီက ပန်ဆန်းဒေသမှာရိုက်ကူးခဲ့တဲ့ ရုပ်သံဖိုင်တွေထဲက မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေကို အရေအတွက်အမြောက်အများ ရောင်းချနေတဲ့ အဆင့်မြင့်စတိုးဆိုင်ကြီးတွေက သက်သေပြနေပါတယ်”ဟု WWF(မြန်မာ)၏ သားငှက်တိရိစ္ဆာန် ကုန်သွယ်မှုများဆိုင်ရာ မန်နေဂျာ ခရစ္စတီးနားရိုဒီးနားက ပြောကြားသည်။

ပြီးခဲ့သော ဇွန် ၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် သမ္မတဦးထင်ကျော်က တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်များအား တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို လုံးဝလက်မခံနိုင်ကြောင်း ကြုံးဝါးခဲ့ပြီးနောက် မိုင်းလားရှိ နာမည်ကျော် သားငှက်တိရိစ္ဆာန်အစိတ်အပိုင်းများ ရောင်းချသည့် ဈေးကွက်ကို ပိတ်သိမ်းနိုင်ရန် စီစဉ်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း Frontier ကိုပြောကြားခဲ့သည်။

“အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ ပိုမိုထိရောက်တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းဖို့အပြင် ဥပဒေ ချိုးဖောက်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်”ဟု သမ္မတက ထိုနေ့က သူ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်မူ သဘာဝသားငှက်တိရိစ္ဆာန် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများသည် အစိုးရ အာဏာသက်ရောက်မှုနည်းပါးသည့် နယ်စပ်ဒေသများ၊ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ရာဒေသများနှင့် စစ်မက်ဖြစ်ပွားလေ့ရှိသည့် ဒေသများတွင် ဖြစ်ပွားနေခြင်းဖြစ်သဖြင့် မြန်မာအစိုးရအနေနှင့် ထိုကိစ္စကို ကိုင်တွယ်ရန် အခက်အခဲရှိနိုင်သည်ဟု ကျွမ်းကျင်သူအချို့က မှတ်ချက်ပြုကြသည်။

ဖမ်းဆီးရမိသည့် တရားမဝင် တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းများအား မီးရှို့ဖျက်စီးသည့် အခမ်းအနားတစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်နေ့က မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကျင်းပခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဆင်သားရေများ၊ ဆင်စွယ်များ၊ ကြံ့ချိုများ၊ ကျားသားရေနှင့် ကျားသစ်သားရေများအပါအဝင် တိရိစ္ဆာအစိတ်အပိုင်းများ စုစုပေါင်း ကျပ်သိန်း ၅,၀၀၀ ဖိုးခန့်ကို ဖျက်စီးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar