သယံဇာတ ခွဲဝေရေးကိစ္စတွင် အစိုးရသစ်၏ လုပ်ကိုင်ဆောင်ရွက်မှုများ တိုးတက်မလာသေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တိုင်းရင်းသားဒေသများမှ ထွက်ရှိသည့် သယံဇာတများအား ခွဲဝေရေးကဏ္ဍများတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရသစ်၏ လုပ်ကိုင်ဆောင်ရွက်မှုများမှာ တိုးတက်မှုမရှိသေးဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဦးစိုင်းညွန့်လွင်က ယနေ့ ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများရေးရာ စင်တာ (ENAC) က ပြုစုသော သုတေသနစာတမ်း ထုတ်ပြန်ပွဲတွင် ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးစိုင်းညွန့်လွင်သည် အဆိုပါ ENAC မှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယနေ့ပြုလုပ်သည့်ပွဲကို ဦးဆောင်ခဲ့သူမျာအနက် တဦးဖြစ်သည်။

“ဒီရေစီးကြောင်းထဲကနေ ခွဲထွက်ဖို့လိုတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါကတော့ အစိုးရကို တိုက်တွန်းတဲ့ အနေအထားလောက်ပဲ ရှိနိုင်တယ်။ ကျန်တာတော့ ဘာမှလုပ်လို့မရဘူးလေ။ အစိုးရက ဆုံးဖြတ်မှာပါ။ ဒီအတိုင်းပဲကတော့ တိုးတက်မှုမရှိဘူးလို့ မြင်ကြပြီလေ။ ဒီလမ်းကြောင်းကနေ ခွဲထွက်သင့်တယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

ထို့ပြင် ၎င်း၏အမြင်အရ လက်ရှိအစိုးရ၏ ၁၀ လတာ ကာလအတွင်း “၂၀၀၈ (ဖွဲ့စည်းပုံ) အတိုင်းပဲ သွားနေသေးတယ်လို့ မြင်ပါတယ်” ဟု ဆိုသည်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) ၏ သုတေသနစာတမ်းတွင် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်စသည့် တိုင်းရင်းသားလူမျိုးများ၏ဒေသများရှိ ကျောက်စိမ်း၊ ပတ္တမြားနှင့် သဘာဝဓာတ်ငွေ့ အစရှိသည့် သယံဇာတ ခွဲဝေမှုများအပေါ် လေ့လာထားသည်ကို တွေ့ရသည်။

ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇုံသုန်မှုံက သဘာဝသယံဇာတ ခွဲဝေမှုတွင် “ဘယ်သူက ပိုင်ဆိုင် သင့်သလဲ၊ ဘယ်သူက ခန့်ခွဲမလဲ၊ ဘယ်လို ခွဲဝေကြမလဲ၊ အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ။ ဒီလိုအချက်တွေကို အဓိက လေ့လာတာပါ” ဟု ဆိုသည်။

ENAC သည် တိုင်းရင်းသားဒေသများရှိ သဘာဝအရင်းအမြစ်များအပေါ် လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သော်လည်း အငြင်းပွားဖွယ်ဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းကဲ့သို့ ကိစ္စများကိုမူ ထည့်သွင်းထားခြင်း မရှိပေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနှင့် ပတ်သက်၍ “ကျွန်တော်တို့ အချိန်မရှိခဲ့ဘူး။ အားလုံးမှာ အချိန်မရှိလို့ မလေ့လာခဲ့ရဘူး” ဟု ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ ဦးပုညမွန်က ဆိုသည်။

ယခု သုတေသနစာတမ်းကို ခြောက်လကြာ ပြုစုခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ ၂၂ ခုအပြင် အခြား လူမှုအသင်းအဖွဲ့များနှင့် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုထုတ်ပြန်သည့် စာတမ်းကို ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးစေလိုသည်ဟုလည်း ENAC အဖွဲ့ဝင်များက မျှော်လင့်ထားကြသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar