နေပြည်တော်၊ မတ် ၁၄
class=
လက်ရှိ ရွေးချယ်ထားသော ဒုတိယသမ္မတသုံးဦးထဲမှ တစ်ဦးအား သမ္မတအဖြစ် မတ် ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်မည် ဖြစ်သည်။
သမ္မတလောင်းများ ဖြစ်ကြသည့် ဒုတိယသမ္မတသုံးဦးလုံးအား သမ္မတလောင်း အရည်အချင်း ပြည့်စုံကြောင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ အတည်ပြုခဲ့သည်။
ဒုတိယ သမ္မတများအဖြစ် အမျိုးသားလွှတ်တော်က ဦးဟန်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်က ဦးထင်ကျော်နှင့် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေတို့အား ပြီးခဲ့သည့် ရက်သတ္တပတ် ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်သည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့က ပြည်ထောင်စုလွှတ်တော်သို့ မတ်လ ၁၁ ရက်နေ့တွင် တင်သွင်းခဲ့သည့် ၎င်းတို့ သုံးဦးကို အဖွဲ့ဝင် ခုနစ်ဦးပါသော သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ရာ အမျိုးလွှတ်တော်က ဒုတိယသမ္မတအဖြစ် တင်သွင်းခဲ့သည့် ဦးဟင်နရီ ဗန်ထီးယူအား စိစစ်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်သန်းစိုးက ကန့်ကွက်ခဲ့သော်လည်း ကျန်စိစစ်ရေး အဖွဲ့ဝင် ခြောက်ဦးက အရည်အချင်း ပြည့်မှီကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
ဦးဟင်နရီဗန်ထီးယူသည် မိသားစုနှင့်အတူ နိုင်ငံခြားတွင် ခြောက်နှစ် နေထိုင်ခဲ့သည်ကို ဗိုလ်ချုပ်သန်းစိုးက ထောက်ပြခဲ့ပြီး အဆိုပါ နေထိုင်မှုမှာ ပုဒ်မ ၅၉ (င) နှင့် ကိုက်ညီခြင်းရှိ မရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံးရုံးက အဓိပ္ပါယ် ဖွင့်ဆိုသင့်ကြောင်း ထောက်ပြခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်သန်းစိုး၏ ကန့်ကွက်မှုကို မှတ်တမ်းတင်ထားပြီး ကျန်စိစစ်ရေးအဖွဲ့ဝင် ခြောက်ဦးက အရည်အချင်းပြည့်မီသည်ဟု ဆုံးဖြတ်ခဲ့ကာ ထို ဒုတိယသမ္မတ သုံးဦးမှ သမ္မတရွေးချယ်မည်ဖြစ်ကာ ကျန်နှစ်ဦးမှာ ဒုတိယသမ္မတများ ဖြစ်လာမည် ဖြစ်သည်။
ဒုတိယသမ္မတစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ သမက်ဖြစ်သူမှာလည်း သြစတြေးလျနိုင်ငံသား ဖြစ်ခဲ့ဖူးသည်ဟုဆိုကာ ဝေဖန်ကန့်ကွက်မှုများလည်း ရှိနေသည်။
သတင်း – စိုးသန်းလင်း