ရေကြီးရေလျှံမှုနှင့် မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပါအဝင် သဘာဝ ဘေးအန္တရာယ်များအား ရင်ဆိုင် တုံ့ပြန်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်းကို ပံ့ပိုးပေးသွားမည်ဟု ကမ္ဘာ့ဘဏ်က ကြေညာခဲ့သည်။
ယခုစီမံကိန်းသစ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက တုန့်ပြန်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်ဟု ဇွန် ၁၅ ရက်နေ့က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ်များကြောင့် နှစ်စဉ် ဒေါ်လာ ၁၈၄ သန်းခန့် ဆုံးရှုံးလျက်ရှိနေပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများက ပိုမို ထိခိုက် ခံစားရလေ့ရှိသည်ဟု ဖော်ပြထားသည်။
ကမ္ဘာ့ဘဏ် ဒါရိုက်တာဘုတ်အဖွဲ့က ဇွန် ၁၅ ရက်နေ့တွင် အတည်ပြုလိုက်သည့် စိမံချက်အရ ရေကြီးရေလျှံမှုကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို လျှော့ချနိုင်ရေး၊ ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် လက်ရွေးစင် အဆောက်အဦးများ ငလျင်ဒဏ်မှ ခံနိုင်ရည် ရှိစေရေးနှင့် နိုင်ငံတစ်ဝှမ်း အရေးပေါ်အခြေအနေများ၊ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအား စီမံခန့်ခွဲရာတွင် ပြည်ထောင်စုအစိုးရ၏ စွမ်းဆောင်ရည် မြင့်တက်စေရေး လုပ်ငန်းများအတွက် ဒေါ်လာ ၁၁၆ သန်း အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်သည်။
“ရန်ကုန်မြို့က အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာလျက်ရှိပြီး မြို့ပြနေ လူဦးရေ တိုးလာတာနဲ့အညီ ရန်ကုန်မြို့တော်ရဲ့ အခြေခံအဆောက်အဦပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်ဖို့ အရေးတကြီး လိုအပ်လျက်ရှိပါတယ်။ ရန်ကုန်မြို့ဟာ ရေကြီးရေလျှံမှု၊ ငလျင်စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့ အနေအထားမှာ တည်ရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့ ရေစီးရေလာစနစ်၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦးတွေနဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦးတွေအတွက် ဒီစီမံကိန်းရဲ့ ငွေကြေးကို သုံးဆွဲဆောင်ရွက်ခြင်းက ရန်ကုန်မြို့နေ ပြည်သူတွေအတွက် အရည်အသွေး ပြည့်ဝတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မိမိတို့ရဲ့ ရည်မှန်းချက် ရောက်ရှိအောင် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်၊၊
ယခု စီမံကိန်းတွင် နိုင်ငံတကာ အလှူရှင်များစွာပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံ- ရန်ပုံငွေ (SEADRIF) မှ ထောက်ပံ့ငွေ ဒေါ်လာ တစ်သန်းကိုပါ ပူးတွဲထည့်ဝင်ထားသည်။
“ဆင်းရဲနွမ်းပါးမှု လျော့ချရေး ဆောင်ရွက်ရာမှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို စီမံခန့်ခွဲနိုင်ဖို့က အင်မတန် အရေးကြီးပါတယ်၊၊ သဘာဝဘေးတွေ ဖြစ်ပွား ပေါ်ပေါက်တဲ့အခါ ဆင်းရဲနွမ်းပါးတဲ့ အခြေခံ လူတန်းစားတွေအနေနဲ့ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးကြရသလို တစ်ဖက်မှာလည်း စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် သူတို့တွေက အများဆုံး ထိခိုက်ခံစားရပါတယ်၊၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်တွေ ဆက်လက် စည်ပင်နိုင်ဖို့အတွက် သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့နိုင်တဲ့ လူအသေအပျောက်၊ စီးပွားရေးထိခိုက်မှုနဲ့ ငွေကြေးဆုံးရှုံး နစ်နာရမှုတွေ လျှော့ချရေး ကြိုးပမ်းဆောင်ရွက်ချက်တွေမှာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်အနေနဲ့ ပံ့ပိုးကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Abdoulaye Seck က ပြောကြားသည်။
ယခုစီမံကိန်းသည် ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့သည့် အရှေ့တောင်အာရှဒေသတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ့မှုဆိုင်ရာ စီမံကိန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် စီမံကိန်းအား အကောင်အထည်ဖော်သွားမည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။