သန်းချီတဲ့ ကိုယ့်ဖောက်သည်တွေဆီ ရောက်ဖို့ ထိန်းထားနိုင်ဖို့ဆိုရင်

အွန်လိုင်းပေါ်မှာ နာမည်ကြီးသူတွေက ကိုယ်ပစ်မှတ်ထားတဲ့ အွန်လိုင်းပေါ်ကဖောက်သည် တိုးပွားမှုကို သူတို့ ဘယ်နေရာမှာ ရှိနေရှိနေ လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။

ရီတာ ငုယင် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းအသုံးပြုမှုနှုန်းက ကျေးလက်ဒေသတွေမှာ အင်တာနက်မသုံးနိုင်မှု၊ စမတ်ဖုန်း မတွင်ကျယ်မှုတို့ကြောင့် ထင်ထားသလောက် မတိုးပွားသေးပါဘူး။ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မိုဘိုင်းဖုန်းအသုံးပြုမှုမှာ မြို့ကြီးတွေထက် လျော့နည်းတဲ့ ကျေးလက်ဒေသတွေမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

စစ်တမ်းကောက်ယူထားတဲ့ ရာခိုင်နှုန်းတွေထဲမှာ ဘယ်သူက စမတ်ဖုန်းသုံးလဲဆိုတာ ကျွန်မ မသိပေမဲ့ ပမာဏနည်းနည်းသာ ရှိမယ်လို့ ကျွန်မ ပြောရဲပါတယ်။ အရင်က ဆင်းမ်ကတ်ရဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရတဲ့နှစ်တွေ ကျော်လွန်လာခဲ့ပြီး အခုဆိုရင် လူတိုင်းလက်ထဲမှာ အနည်းဆုံး ဖုန်းတစ်လုံးတော့ ရှိနေကြပါပြီ။ အဓိက စိန်ခေါ်မှုကတော့ ပိုပြီးဝေးလံတဲ့ နေရာတွေမှာ လူဦးရေများများ အသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းရှိသူတွေအတွက် အဓိကပြဿ     နာက စမတ်ဖုန်းထဲက အက်ပလီကေးရှင်း application တွေ သုံးတတ်ဖို့ ဖြစ်ပါတယ်။ ပြည်တွင်းထုတ် အက်ပလီကေးရှင်းတွေနဲ့ အွန်လိုင်း ဝန်ဆောင်မှုအမြောက်အမြားက မြို့ပေါ်ဖုန်းအသုံးပြုသူတွေကို ပစ်မှတ်ထားလာကြပါပြီ။ ဒီဈေးကွက်က ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ပြောနိုင်ပေမယ့် လူဦးရေ ၁၀ သန်းထက်မပိုဘဲ ဝယ်ယူနိုင်မှုကိုလည်း ကန့်သတ်ထားပါတယ်။

မြန်မာနိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ပထမဆုံးအကြိမ် အွန်လိုင်းတက်ဖူးသူဦးရေက သန်း ၃၀ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဒစ်ဂျစ်တယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတ၊ ဘယ်အရာကို ဘယ်လိုရှာပြီး ဘယ်လိုငွေပေးချေရမလဲ၊ ဘယ်အဖွဲ့ထဲ ဝင်ရမလဲ ဆိုတာကို မသိကြပါဘူး။ ဒါဆို သူတို့လို လူမျိုးတွေဆီကို ကိုယ့်ထုတ်ကုန်ကို ဘယ်လို ပို့ဆောင်နိုင်မလဲ။

Electronic Arts မှာ လုပ်ခဲ့ဖူးတဲ့ ကျွန်မရဲ့ အရင်က အွန်လိုင်းမားကတ်တင်း အတွေ့အကြုံအရ ဖေ့စ်ဘွတ်က အွန်လိုင်းအစုအဖွဲ့တွေ စတင်တဲ့အချိန်၊ ဒါမှမဟုတ် တွစ်တာဆိုတာ နာမည်မကြီးခင်အချိန်အထိ ကျွန်မတို့ဟာ အွန်လိုင်း အဖွဲ့အစည်းတွေကို အပြေးအလွှား ကြိုးစားတည်ဆောက်ယူကြရပါတယ်။ ဒါ့အပြင် ကျွန်မတို့ဟာ အင်တာနက်ကို အခုမှ စသိသူတွေအတွက် အစုအဖွဲ့လေးတွေ ဖွဲ့ပေးခဲ့ကြရပါတယ်။

ထူးခြားတာက ဂိမ်းတစ်ခုခုကို အရမ်းသဘောကျပြီး ကစားနေကြ၊ တစ်ဦးနဲ့ တစ်ဦး တိုင်ပင်ကြ၊ ကူညီကြနဲ့ အချိန်အတော်များများ ဖြုန်းနေကြတဲ့ ဂိမ်းကစားသူအုပ်စုတွေက အမြဲရှိနေတတ်ပြီး သူတို့ရဲ့ ဂိမ်းတွေကို အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်လိုကြတာ တွေ့ခဲ့ရတယ်။ သူတို့လိုလူမျိုး အများစုမှာ ကိုယ်ပိုင်ပရိသတ် ဝက်ဘ်ဆိုက်တွေ ရှိပြီး ဒါဟာ ကျွန်မတို့အတွက် အဲဒီတုန်းကတော့ အိပ်မက်တစ်ခုလို ဖြစ်ခဲ့ရတယ်။ ဒီဝက်ဘ်ဆိုက်တွေက ကျွန်မတို့ကုမ္ပဏီရဲ့တရားဝင်ဝက်ဘ်ဆိုက်ထက်တောင် ပိုကောင်းတော့ သူတို့ကို လုပ်ငန်းခွင်ထဲထည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။

ဒီ ဝက်ဘ်ဆိုက်တွေဟာ ကျွန်မတို့ ပစ်မှတ်ထားတဲ့ ဖောက်သည်တွေအပေါ်မှာ လွှမ်းမိုးမှုရှိပြီး ကျွန်မတို့ဝင်ငွေ လျင်လျင်မြန်မြန်ကြီး တက်လာစေဖို့ မီဒီယာတစ်ခုကို အခမဲ့ အသုံးချခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ Need For Speed ဂိမ်းဟာ ပထမဆုံး ဖေ့စ်ဘွတ်ပရိသတ်(ထိုစဉ်က ပရိသတ် fan လို့သာ ခေါ်ပါတယ်၊ Like လို့ မခေါ်) သန်းချီရတဲ့ဂိမ်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပရိသတ်တွေကို ကျွန်မတို့ရဲ့တရားဝင် ဝက်ဘ်ဆိုက်ကို လာကြည့်ဖို့ အလွယ်တကူ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ လွှမ်းမိုးမှုရှိသူတွေ အနည်းငယ်နဲ့ အွန်လိုင်းပေါ်က ပရိသတ် သန်းပေါင်းများစွာ ရရှိဖို့ ဆွဲဆောင်တာက ကိုယ့်ချည်းသက်သက် ကြိုးစားတာထက် ပိုထိရောက်တာ တွေ့နိုင်ပါတယ်။

ဒါဆို ဒီလိုလုပ်ဆောင်မှုမျိုးကို မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ဆောင်မလဲ။ ထုတ်ကုန်တွေကရော ဂိမ်းတွေလောက် ဆွဲဆောင်မှု ရှိပါ့မလား။ သင့်ရဲ့ အစုအဖွဲ့ကို တည်ဆောက်ဖို့ဆိုတာ ပထမဆုံး လွှမ်းမိုးမှုရှိသူတွေကို အရင်ရှာရပါမယ်။ သူတို့တွေဟာ သင့်ရဲ့ ပစ်မှတ်ထားတဲ့ ဖောက်သည်ကို လွှမ်းမိုးနိုင်မယ့် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ ဒါမှမဟုတ် အစုအဖွဲ့ တစ်ခုခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့ကို ရှာပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းကို ရောင်းချတာက ကုန်ကျစရိတ် ပိုနည်းပြီး သန်းနဲ့ချီတဲ့ ဖောက်သည်တွေဆီလည်း တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို နောက်ဆုံး အရမ်းဝေးတဲ့နေရာက လယ်သမားတွေဆီမှာတောင်မှ သူတို့ဘဝရဲ့ လွှမ်းမိုးသူတွေ ရှိကြပါတယ်။ ပိုရှင်းအောင် ပြောရမယ်ဆိုရင် လွှမ်းမိုးသူဆိုတဲ့ အသုံးအနှုန်းက လေးစားမှု၊ ဒါမှမဟုတ် သြဇာအာဏာကို ကျွန်မ ဆိုလိုတာမဟုတ်ဘဲ လူတစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် မိသားစုတစ်စုရဲ့ ဘဝမှာ အမျိုးအဆွေလည်း မဟုတ်၊ သူငယ်ချင်းလည်း မဟုတ်ပါဘဲ ပါဝင်ပတ်သက်သူကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာပြောရမယ်ဆိုရင် သင်က မြန်မာနိုင်ငံက အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားချိန် ကလေးသေဆုံးမှု လျှော့ချဖို့ ပညာပေး အက်ပလီကေးရှင်း လုပ်မယ်ဆိုရင် ယူနီလီဗာ Unilevers နဲ့ ပူးပေါင်းပြီး ဆေးရုံတွေမှာ ကိုယ့် အက်ပလီကေးရှင်းအကြောင်း ပိုစတာတွေ လိုက်ကပ်ရပါလိမ့်မယ်။ ဒါက အသုံးတည့်တဲ့နည်း ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအားလုံးက ကိုယ့်အက်ပလီကေးရှင်းတွေကို သိနိုင်မယ့်နည်းက သူတို့တတွေ မဖြစ်မနေ ချဉ်းကပ်ရမယ့် လက်သည်တွေကို အဓိက အားကိုးဖို့ပါပဲ။

လက်သည်တွေက သူ့ရွာမှာသာမက ပတ်ဝန်းကျင်ကျေးရွာတွေမှာပါ သြဇာသက်ရောက်ကြပါတယ်။ တကယ်လို့ သင့် အက်ပလီကေးရှင်းကို လက်သည်တွေကို သုံးခိုင်းပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ပညာပေးခိုင်းမယ်ဆိုရင် ကိုယ့်ထုတ်ကုန်ကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကိုသာမက မီးဖွားပြီးစ အမျိုးသမီးတွေဆီကိုပါ တိုက်ရိုက်ပို့ဆောင်နိုင်ပါလိမ့်မယ်။

လွှမ်းမိုးမှုရှိသူတွေကို ရှာဖွေတာက ကိုယ်ပစ်မှတ်ထားတဲ့ ဘယ်လို ဖောက်သည်တွေဆီကိုမဆို သက်ရောက်မှု ရှိအောင် အသုံးကျပါတယ်။ လမ်းဘေးဈေးသည်ကစပြီး လယ်သမား၊ ဆရာ ဆရာမ၊ ကျောင်းသူကျောင်းသား အစရှိတာတွေပေါ့။ သင့်အနေနဲ့ ကိုယ်ပစ်မှတ်ထားသူတွေက ဘယ်သူ့ဆီကဝယ်ပြီး ဘယ်သူ့ကို ပြန်ရောင်းလဲဆိုတာ စဉ်းစားတွေးခေါ်ပါ။ ကိုယ့်ထုတ်ကုန်ကို အသုံးပြုသူတွေဆီကို စိတ်ကူးကောင်းကောင်းနဲ့ ပို့ဆောင်နိုင်ရင်တော့ အကောင်းဆုံး အောင်မြင်မှုပါပဲ။

ရီတာ ငုယင် Rita Nguyen ဟာ ဒစ်ဂျစ်တယ်မားကတ်တင်းမှာ အတွေ့အကြုံ နှစ် ၂၀ ခန့်ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဂျေဇူးအက်ပလီကေးရှင်း Jzoo application ကို ဖန်တီးလုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.