သတင်းမှားများ မဖြစ်ပေါ်စေရန် မေယုအက်ဖ်အမ်ကို ထုတ်လွှင့်ခြင်းဖြစ်ဟု အစိုးရတုန့်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသအတွက် ရည်ရွယ်ထုတ်လွှင့်သော အစိုးရ၏ မေယုအက်ဖ်အမ် ရေဒီယိုလိုင်းသည် ပဋိပက္ခဖြစ်ပွားခဲ့သော အဆိုပါဒေသတွင် သတင်းမှားများ မကြာခဏ ထွက်ပေါ်နေမှုအား ဟန့်တားလိုသည့်သဘောဖြင့် ထုတ်လွှင့်ခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ယခုလ ၁ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့သည့် အဆိုပါ ရေဒီယိုအစီအစဉ်တွင် ရိုဟင်ဂျာဘာသာဖြင့်ပါ ထည့်သွင်းထုတ်လွှင့်သည့်အတွက် ရခိုင်တိုင်းရင်းသားများက ပြင်းထန်စွာ ကန့်ကွက်နေကြပြီး အဆိုပါကိစ္စကို ဆန့်ကျင်သော ဆန္ဒပြပွဲများအား မြို့နယ် ၁၃ ခုတွင် မကြာမီပြုလုပ်မည်ဟု ၎င်းတို့က ပြောကြားထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ ၎င်းရေဒီယိုအစီအစဉ်များသည် “မောင်တောဒေသတွင် နေထိုင်ကြသူတို့အတွက် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ဖြန့်ချိပေးနိုင်ရန် ထုတ်လွှင့်သော အစီအစဉ်ဖြစ်ပြီး မည်သည့် ပြင်ပပုဂ္ဂိုလ် အစုအဖွဲ့ကိုမျှ အသံလွှင့်ခွင့်ပေးခြင်း မဟုတ်ပါ”ဟု ရှင်းလင်း ပြောကြားထားသည်။

ထို့ပြင် ရေဒီယိုအား ဒေသတွင်းနေထိုင်သူအားလုံး ကြားသိကြစေရန် ရည်ရွယ်ကာ ရခိုင်၊ ဗမာ၊ ဘင်္ဂါလီဘာသာတို့ဖြင့် ထုတ်လွှင့်ခြင်းဖြစ်ကြောင်းလည်း ၎င်းတို့က ရှင်းလင်းပြောကြားထားသည်။

“ကျေးလက်တောရွာတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ သတင်းစာတွေ ဘာတွေ၊ မရောက်ကြဘူး။ ရောက်ရင်လည်း စာမတတ်ကြဘူး။ ပြီးတော့ ဘင်္ဂလီစာလည်း မတတ်ဘူး။ စကားပဲ တတ်တာကိုး။ ဖြစ်ပျက်နေတာတွေကို ဘာမှ မသိဘူး။ တဖက်က သူတို့အမျိုးတွေ ပြောတာပဲ ယုံနေကြတယ်ပေါ့။ ဒါကြောင့် ဒီဖက်မှာ ဘာတွေလုပ်နေတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာ သူတို့ သိစေဖို့ လုပ်တာပါ” ဟု ရခိုင်ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းနွယ်က ပြောကြားသည်။

အဆိုပါ အက်ဖ်အမ် ရေဒီယိုအစီအစဉ်ကို ၉၀ ဒသမ ၁ မဂ္ဂါဟက်ဇ်ဖြင့် မောင်တောခရိုင်အတွင်းတွင် နားဆင်နိုင်ပြီး တနေ့လျှင် နှစ်ကြိမ်ထုတ်လွင့်ကာ၊ တကြိမ်လျှင် လေးနာရီကြာမြင့်သည်။

ရေဒီယိုအစီအစဉ်ကို နေပြည်တော်ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ရုံးချုပ်က ထုတ်လွှင့်ခြင်းဖြစ်ပြီး ဘင်္ဂါလီဘာသာစကား ပြောနိုင်သူများကို ခန့်အပ်ထားသည်ဟု ဦးစန်းနွယ်က ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar