သက်ငယ်မုဒိန်းမှုများအား ကြီးလေးသောပြစ်ဒဏ် ချနိုင်ရန် ခရိုင်တရားရုံး၌သာ စစ်ဆေးမည်

နေပြည်တော်၊ ဇန်နဝါရီ ၃၀

သက်ငယ်မုဒိမ်းမှုများကို ထိရောက်ဟန့်တားသည့် ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နိုင်ရန် ပြင်ဒဏ်အမြင့်ဆုံး ချပိုင်ခွင့်ရှိသည့် ခရိုင်တရားရုံးများတွင်သာ စစ်ဆေးရန် ဇန်နဝါရီ ၉ ရက်နေ့၊ ရက်စွဲဖြင့် ညွှန်ကြားထားကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးစိုးညွန့်က ပြောကြားသည်။

“မြို့နယ်တရားရုံးများက စစ်ဆေးစီရင်ဆဲဖြစ်သည့် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အဓမ္မပြုကျင့်မှုများကို သက်ဆိုင်ရာ ခရိုင်တရားရုံးသို့ လွှဲပြောင်းပေးပို့ကြရန်လည်း ညွှန်ကြားထားပါတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော်တွင် ယနေ့ ပြန်လည်စတင်ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က သက်ငယ်မုဒိမ်းမှုများ တိုးလာခြင်းနှင့် အပြစ်မဲ့ ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရခြင်းမှ အမြန်ဆုံးကာကွယ်ရန် ပြစ်မှုကျူးလွန်သူများအပေါ် ထိရောက်ဟန့်တားမှုရှိစေရန် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နိုင်ရေးအတွက် ထိရောက်သော အစီအမံများဆောင်ရွက်ရန် ရှိမရှိမေးမြန်းမှုကို ဦးစိုးညွန့်က ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

ယခင်က အဆိုပါအမှုအချို့ကို မြင့်မားသည့် ပြစ်ဒဏ်များမချမှတ်နိုင်ခြင်းမှာ အချို့သောအမှုများတွင် တရားစွဲဆိုသည့် အဖွဲ့အစည်းက မြို့နယ်ရုံးသို့သာ တရားစွဲဆိုတင်ပို့ကြသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ မြို့နယ်တရားရုံးက ဆုံးဖြတ်လျှင် အမြင့်ဆုံးထောင်ဒဏ် ခုနစ်နှစ်သာ ချမှတ်နိုင်၍ ဖြစ်သည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က လွှတ်တော်သို့ ရှင်းပြသည်။

“ထောင်ဒဏ်ခုနစ်နှစ်အောက်ချမှတ်ရခြင်းမှာ အမှုစစ်ဆေးတဲ့ တရားသူကြီးမှာ ပြစ်ဒဏ်စီရင်နိုင်တဲ့ အာဏာနည်းပါးနေ၍ ဖြစ်ပါတယ်။ တစ်ချို့သော တရားစွဲအဖွဲ့အစည်းများက ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ကြပါတယ်။ ခရိုင်တရားရုံးများကတော့ ထိရောက်တဲ့ ပြစ်ဒဏ်များချမှတ်နိုင်ပါတယ်”ဟု ဦးစိုးညွန့်က ပြောကြားသည်။

မေးခွန်းရှင် ဒေါ်နွယ်နွယ်အောင်က “ဒီညွှန်ကြားချက်အတိုင်း လုပ်မယ်ဆိုရင် ထိရောက်မယ်လို့ ထင်ပါတယ်။ ခရိုင်ရုံးကတော့ ဆေးစာပြည့်စုံရင် အမြင့်ဆုံးပြစ်ဒဏ် နှစ် ၂၀ အထိ ချလို့ရတယ်။ အခုကတော့ မြို့နယ်ရုံးကလည်း ခုနစ်နှစ်အထိပဲ ချလို့ရတဲ့အခါ ကြံစည်မှုလောက်နဲ့ စွဲချက်ကတက်လာရင် ချတဲ့ပြစ်ဒဏ် နည်းနည်းပဲကျတဲ့ အခြေအနေမျိုး ဖြစ်လာတာပါ။ အခုကတော့ မြို့နယ်တရားရုံးတွေမှာ သက်ငယ်မုဒိန်းကိစ္စကို မစီရင်ပဲ ခရိုင်တရားရုံးမှာသာ စီစဉ်မယ်ဆိုတဲ့ သဘောပါ”ဟု အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၅ ခုနှစ် စာရင်းများအရ ကလေးသူငယ်များအပေါ် ကျူးလွန်သော မုဒိန်းမှုများနှင့် စပ်လျဉ်း၍ ပြစ်မှုထင်ရှားစီရင်ခဲ့သည့် အမှုပေါင်း ၆၇၁ မှုရှိကြောင်း သိရသည်။

ထိုအမှုများအနက် ပြစ်ဒဏ်လုံလောက်စွာ ချမှတ်နိုင်သည့် ခရိုင်တရားရုံးများက စစ်ဆေးခဲ့သောအမှု ၅၈၆ မှုရှိပြီး တစ်သက် တစ်ကျွန်းပြစ်ဒဏ် ၃၆ မှု၊ ထောင်ဒဏ် ၁၀ နှစ် ၂၄၀ မှု၊ ထောင်ဒဏ် ကိုးနှစ် ၂၅ မှု၊ ထောင်ဒဏ် ရှစ်နှစ် ၉၄ မှု၊ ထောင်ဒဏ် ခုနစ်နှစ် ၁၁၈ မှု၊ ထောင်ဒဏ် ခုနစ်နှစ်အောက် ၇၁ မှုအပြင် လူသတ်မှုနှင့်ပါ ဆက်စပ်သဖြင့် သေဒဏ်ချသည့် အမှု နှစ်မှုရှိကြောင်းသိရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar