ဝ တပ်ဖွဲ့က ဘာတွေ စိုးရိမ်ပူပန်နေသလဲ

ပြည်တွင်းပြည်ပသတင်းဌာနက သတင်းထောက်တချို့ကို ပန်ဆန်းကို ဖိတ်ခေါ် ပြသခဲ့သလို နှစ်ရှည်မဟာမိတ်ဖြစ်ခဲ့တဲ့ မိုင်းလားတပ်ဖွဲ့တွေဆီက သေနင်္ဂဗျူဟာအရ အရေးပါတဲ့ တပ်စခန်းနှစ်ခုကို သိမ်းပိုက်လိုက်ပါတာက အနာဂတ်ကာလအတွက် ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်ပြနေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ ဝ တပ်ဖွဲ့ UWSA ရဲ့ လှုပ်ရှားမှုတွေမှာ ထူးခြားချက်တွေ ရှိနေပါတယ်။

မကြုံစဖူး DVB, RFA, 7Days အပါအဝင် ပြည်တွင်းသတင်းဌာနက သတင်းထောက်တချို့ကို ဝ နယ်မြေအတွင်း ဖိတ်ခေါ် ပြသခဲ့သလို အင်တာဗျူး လုပ်ခွင့်လည်း ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းတုန်းကတော့ မိုင်းလား နယ်မြေထဲမှာ မိုင်းလားတပ်ဖွဲ့တွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ပြီး သေနင်္ဂဗျူဟာအရ အရေးပါတဲ့ တပ်စခန်းနှစ်ခုကိုတော့ သိမ်းပိုက်ထားလိုက်ပါတယ်။

ကျင်းပပြီးသွားတဲ့ ၂၁ ရာစုပင်လုံညီလာခံ တုန်းကလည်း ဝင်ခွင့်ကတ်ပြားကိစ္စ အကြောင်းပြုပြီး ညီလာခံ ဆက်မတက်ဘဲ ထွက်ခွာသွားတာမျိုး ရှိခဲ့ပါတယ်။ ညီလာခံ ဆက်မတက်ဘဲ ထွက်ခွာသွားပေမဲ့ ညီလာခံ အတွက် ရေးသားပြုစုလာတဲ့ စာတမ်းကို ညီလာခံ တာဝန်ရှိသူတွေဆီ ပေးအပ်ခဲ့တဲ့အပြင် ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်တစ်စောင်မှာလည်း ကျပ်ငွေ သိန်း ၈၀ အကုန်အကျခံပြီး ကြော်ငြာအနေနဲ့ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။

ဝ တပ်ဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ ဘယ်လို သဘောဆောင်နေသလဲ၊ သူတို့ ဘာကို စိုးရိမ်ပူပန်မှု ဖြစ်နေသလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ဝ တပ်ဖွဲ့ရဲ့ အဓိက စိုးရိမ်မှုဟာ တရုတ်အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေး ပြောင်းလဲလာမှုအပေါ် အခြေခံပါတယ်။ မြန်မာနိုင်ငံမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အစိုးရအဖွဲ့သစ် တက်လာပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ အရေးကြီးတဲ့ ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို သွားပါတယ်။

တရုတ်သမ္မတ အပါအဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ အဓိကကျတဲ့ တစ်ခုတည်းသော လိုလားချက်ကို ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တရုတ်အစိုးရက တတ်နိုင်သမျှ အကူအညီပေးဖို့ပါ။ တကယ်လည်း မြန်မာ့ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ပြဿနာမှာ တရုတ်အစိုးရဟာ အလွန် အရေးပါပါတယ်။

အင်အားအကြီးဆုံးဖြစ်တဲ့ ဝ နဲ့ ကချင်လက်နက်ကိုင်တွေ အပါအဝင် ဒါဇင်နဲ့ချီတဲ့ လက်နက်ကိုင် အင်အားစုတွေဟာ တရုတ်နယ်စပ်မှာ အခြေစိုက်နေကြပါတယ်။ နောက် အဲဒီအဖွဲ့တွေဟာ အရင်သမ္မတ ဦးသိန်းစိန် လက်ထက်ကတည်းက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ သဘောတူညီမှုရခဲ့တဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာလည်း လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ ဖြစ်နေလို့ပါပဲ။

တရုတ်နိုင်ငံဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို ကောင်းကောင်းလက်ခံခဲ့ပါတယ်။ ဒီလိုနဲ့ နေပြည်တော်မှာ ၂၁ ရာစု ပင်လုံညီလာခံ မစတင်ခင် တရုတ်အစိုးရဟာ တရုတ်နယ်စပ်က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေဆီကို အထူးကိုယ်စားလှယ်တစ်ယောက် စေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာဘက်အခြမ်းမှာ အရင် စစ်အာဏာရှင်ဟောင်းတွေ ခရိုနီတွေ၊ အားလုံးလိုလိုလောက်ကို အမေရိကန် ဆက်ရှင်က ဖယ်ရှားပေးလိုက်ပေမဲ့ ဝ ခေါင်းဆောင်တချို့ကတော့ ဒီကနေ့ အချိန်ထိ အမေရိကန်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ စာရင်းထဲ ဝင်နေခြင်းပါပဲ။ ဒီအချက်ကလည်း ဝ တပ်ဖွဲ့ခေါင်းဆောင်တွေအဖို့ စိုးရိမ်ပူပန်စရာပါ။

ဒီအတွက်ကြောင့်လည်း ဝ တပ်ဖွဲ့ဟာ ၂၁ ရာစု ပင်လုံညီလာခံကို အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့  စိတ်မသက်မသာနဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် လက်နက်၊ စားရေရိက္ခာ၊ ဆက်သွယ်ရေး အစစအရာရာ တရုတ်ဘက်ကို မှီခိုနေရတဲ့ ဝ တပ်ဖွဲ့အဖို့ အခုလို တရုတ်အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေး ကောင်းမွန်လာတဲ့ကိစ္စ အလွန်စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ သူ့မဟာမိတ် မိုင်းလားအဖွဲ့ရဲ့ အနေအထားပါ။ ၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ လက်အောက်က ခွဲထွက်စဉ်ကစပြီး ဝ တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေဟာ နိုင်ငံရေး၊ စစ်ရေး သဘောထား တူညီစွာနဲ့ နှစ်ပေါင်းများစွာ တစည်းတလုံးတည်း ရှိနေခဲ့ကြတာပါ။

အခုနောက်ပိုင်း မြန်မာပြည်တွင်းမှာ အစိုးရသစ် တက်လာတာ၊ အစိုးရသစ်နဲ့ တရုတ်အစိုးရ ဆက်ဆံရေးကောင်းမွန်ပြီး တရုတ်အစိုးရရဲ့ မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် သဘောထား ပြောင်းလဲလာမယ်လို့ တွက်ဆလာတာတွေကြောင့် မိုင်းလား ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

တကယ်လို့သာ အစိုးရ၊ တပ်မတော်နဲ့ မိုင်းလားတပ်ဖွဲ့တွေသာ အဆင်ပြေခဲ့မယ်ဆိုရင် ဝ တပ်ဖွဲ့တွေအတွက် တောင်ဘက်အခြမ်း ထိုင်းနယ်စပ်ဘက်ဆီ ထွက်ပေါက် ပိတ်သွားနိုင်ဖွယ် ရှိပါတယ်။ ဒါဟာ အရင် ကိုးကန့်နယ်မြေဘက်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို သင်ခန်းစာယူပြီး ဝ တပ်ဖွဲ့က အဲလိုတွက်ဆတာ ဖြစ်နိုင်ပါတယ်။

ဒီလိုနဲ့ ဝ တပ်ဖွဲ့တွေဟာ မိုင်းလားတပ်ဖွဲတွေ ထိန်းချုပ်ထားတဲ့ စစ်ရေးအရ အရေးပါလှတဲ့ လွယ်ဆမ်ဆုမ် တပ်စခန်းနဲ့ လွယ်ကျူဆိုင်း တပ်စခန်း နှစ်ခုကို အင်အားအလုံးအရင်း အသုံးပြုပီး သိမ်းပိုက်ထားလိုက်ပါတော့တယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဝ တပ်ဖွဲ့ဘက်ကရော၊ မိုင်းလား တပ်ဖွဲ့ဘက်ကပါ ဘာတစ်ခုမှ တိတိကျကျ ထုတ်ပြန်ပြောဆိုတာ မလုပ်ခဲ့ပါဘူး။

ဝ တပ်ဖွဲ့ရဲ့ နောက်ထပ် စိုးရိမ်ပူပန်မှုကတော့ မြန်မာအစိုးရအပေါ် အမေရိကန်ရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့ထားမှု လုံးဝဖယ်ရှားပေးလိုက်တာပါ။ ဒီလို အရေးယူ ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်တဲ့အထဲ အရင် စစ်အာဏာရှင်တွေဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး တို့တောင် ပါဝင်ကြပါတယ်။

ပြဿနာက အမေရိကန်ရဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီး ပိတ်ဆို့ထားတဲ့ အရေးယူမှုကိုတော့ ဖယ်ရှားခြင်း မရှိသေးတာပါ။ မြန်မာဘက်အခြမ်းမှာ အရင် စစ်အာဏာရှင်ဟောင်းတွေ ခရိုနီတွေ၊ အားလုံးလိုလိုလောက်ကို အမေရိကန် ဆက်ရှင်က ဖယ်ရှားပေးလိုက်ပေမဲ့ ဝ ခေါင်းဆောင်တချို့ကတော့ ဒီကနေ့ အချိန်ထိ အမေရိကန်အစိုးရက အလိုရှိနေတဲ့ မူးယစ်ရာဇာ စာရင်းထဲ ဝင်နေခြင်းပါပဲ။ ဒီအချက်ကလည်း ဝ တပ်ဖွဲ့ခေါင်းဆောင်တွေအဖို့ စိုးရိမ်ပူပန်စရာပါ။ တစ်ဘက်မှာ မြန်မာအစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံတကာ အသိအမှတ်ပြုခံရပြီး အားကောင်းလာသလောက် ဝ တပ်ဖွဲ့ကတော့ တရားမဝင် အဖွဲ့အစည်းအဖြစ် စာရင်းဝင်နေတာဟာလည်း သူတို့အတွက် အခြေအနေ မကောင်းဘူးဆိုတာ ရိပ်စားမိလာပုံရပါတယ်။

ဒါပေမဲ့လည်း ဝ တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ရပ်တည်ချက် တစ်ခုခုကို လှည့်ပြောင်းနိုင်သေးပုံ မရပါဘူး။ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံမှာ ထားရစ်သွားတဲ့ ဝ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ ဗဟို ပေါ်လစ်ဗျူရိုကော်မတီ ရဲ့ ၂၀၁၆ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့စွဲပါ “ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ရာစု ပင်လုံ) နိုင်ငံရေး ဆွေးနွေးမှုအပေါ် “ ဝ ” ပြည်နယ်၏ အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များ” စာတမ်းပါ အချက်တွေအရ ကိုယ့်ဖာသာကိုယ် တထီးတနန်း နေချင်တဲ့ သဘာဝမကျတဲ့ တောင်းဆိုချက်အတိုင်း ရပ်ခံထားနေဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။

ဝ တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ပြောင်းလဲလာတဲ့ တရုတ်အစိုးရရဲ့ သဘောထား၊ ပြောင်းလဲလာတဲ့ မိုင်းလားတပ်ဖွဲ့ရဲ့ ရပ်တည်ချက် စတာတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် နိုင်ငံရေးရပ်တည်ချက် အသစ်တစ်ရပ် မချမှတ်နိုင်ဘူးဆိုရင် သူတို့ စိုးရိမ်ပူပန်မှုတွေ လက်တွေ့ဖြစ်လာပြီး ဝ နယ်ရဲ့ တထီးတနန်းရပ်တည်နိုင်မှု အဆုံးသတ်နေ့ရက်တွေဆီကို ရောက်သွားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar