ဝေဖန်မှုတွေကြောင့် ဝန်ကြီးများရုံးမှာ ကျင်းပမယ့် ပွဲတော်ကို ရွှေ့ဆိုင်း

ရန်ကုန်မြို့လယ်က ဝန်ကြီးများရုံးမှာ ကျင်းပမယ့် NightFest ပွဲတော်ကို အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ပွဲတော်ကျင်းပသူတွေက ကြေညာလိုက်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကြီးတွေ ကျဆုံးခဲ့တဲ့သမိုင်းဝင်နေရာမှာ အခုလို ပွဲတော်ကျင်းပမယ့် အစီအစဉ်ကို ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးနောက် ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

“လူအများ၏ ဝေဖန်အကြံပြုချက်ကို လေးစားစွာ တုံ့ပြန်သောအားဖြင့် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် ကျင်းပပြုလုပ်မည့် NightFest ပွဲတော်ကို အချိန်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ပြီ ဖြစ်ပါသည်” လို့ ပွဲတော်ကျင်းပသူတွေက ဖေဖော်ဝါရီ ၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီပွဲတော်ကို ဖေဖေါ်ဝါရီ ၁၁ နဲ့ ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းတွေမှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ Signature Night Market Organizers များနှင့် ရန်ကုန်မြို့ အမေရိကန်သံရုံးတို့ ပူးပေါင်းကျင်းပမယ့် အဲဒီပွဲမှာ အမေရိကန်နဲ့ မြန်မာ့ရိုးရာ အစားအသောက်တွေ ပါဝင်မယ်လို့ ကြေညာထားပါတယ်။

အမေရိကန်မှ Krispy Kreme၊ Eldorado၊ Hard Rock Cafe စတဲ့ နာမည်ကြီး စားသောက်ဆိုင်တွေနဲ့ မြန်မာနိုင်ငံက Park Royal၊ တိုင်းရင်းသား၊ ဝိုင်းဝိုင်းလည်အစရှိတဲ့ မြန်မာ့ရိုးရာအစားအသောက်မျိုးစုံအပြင် ခေါင်ရည်၊ ထန်းရည်နဲ့ ဝိုင်တွေကိုလည်း မြည်းစမ်းလို့ရအောင် စီစဉ်ထားတယ်လို့ ကြေညာထားပါတယ်။

ဒါပေမယ့် ဝေဖန်မှုတွေ ပေါ်ထွက်လာတာကြောင့် အခုလို ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ်။

“ဝန်ကြီးများရုံးအနေဖြင့် ရှေးဟောင်းအမွေအနှစ် အဆောက်အဦး၏ အဓိပ္ပာယ်ပြည့်ဝလှသည့် သမိုင်းကြောင်းစဉ်လာနှင့် အရေးပါပုံကို ကောင်းစွာ သဘောပေါက်နားလည်ထားပါသည်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

“ဝန်ကြီးများရုံး၏ ပန်းတိုင်မှာ မြန်မာနိုင်ငံ၏ ဖြစ်တည်မှုသမိုင်းကြောင်းကို အကောင်းဆုံး ထင်ဟပ်ပြသနိုင်ရန်၊ ယဉ်ကျေးမှု အစဉ်အလာအမျိုးမျိုး ချစ်ကြည်ဖလှယ်နိုင်ရေး မြှင့်တင်ပေးရန်၊ မတူညီသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို နောင်လာမည့် မျိုးဆက်သစ်များထံသို့ လက်ဆင့်ကမ်းနိုင်ရန် ဖြစ်ပါသည်” လို့လည်း ပါဝင်ပါတယ်။

“ဝန်ကြီးများရုံးဘက်ကလည်း အများပြည်သူ၏ ဝေဖန်အကြံပြုချက်များကို အလေးပေး ထည့်သွင်း စဉ်းစားပေးသွားမည် ဖြစ်ပါသည်”လို့လည်း ဆိုပါတယ်။

ရန်ကုန်မြို့သူမြို့သားများ အလွယ်တကူ တက်ရောက်နိုင်ပြီး အဓိပ္ပာယ်ပြည့်ဝသော အခမ်းအနားတွေနဲ့ ပြပွဲအတွေ့အကြုံတွေ ရရှိနိုင်ဖို့အတွက် ဝန်ကြီးများရုံးတွင် နောက်ပိုင်း ကျင်းပမယ့် အခမ်းအနားတွေကို နိုင်ငံတော် ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးတွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီးများရုံးဟာ ယဉ်ကျေးမှုစင်တာတစ်ခု၊ အများပြည်သူ လာရောက်လေ့လာစရာ နေရာအသစ်တစ်ခုအပြင် ကျောင်းတွေ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းတွေရဲ့ ရုံးခန်းတွေ၊ အစားအစာနဲ့ စားသောက်ဆိုင်တွေ အစရှိတဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရာ နေရာတစ်ခုလည်း ဖြစ်လာမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖောြ်ပထားပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.