ဝါးခုတ်သည့် တောင်သူ ၃၇ ဦးကို ဗိုလ်ကြီးဟောင်းတစ်ဦး၏သားက ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှုများဖြင့် အမှုဖွင့်

ကန်ကြီးဒေါင့်၊ ဇန်နဝါရီ ၂၆

ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ၏ သားဖြစ်သူက ၎င်းပိုင်ဆိုင်သည့် ဝါးခင်းအတွင်း ဝင်ရောက် ဝါးခုတ်သည်ဟုဆိုကာ တောင်သူ ၃၇ ဦးကို ပြီးခဲ့သည့် ရက်သတ္တပတ်က အမှုဖွင့်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးဒေါင့်မြို့နယ်၊ နနွင်းဂရက်ကျေးရွာမှ တောင်သူ ၃၇ ဦးကို ရာဇဝတ်မကင်းသော ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှု ပုဒ်မများဖြင့် ဗိုလ်ကြီးဟောင်း ဦးသိန်းဝင်း၏ သားဖြစ်သူ ဦးဇေဇေအောင်က အမှုဖွင့်ထားခြင်း ဖြစ်သည်။

ဦးဇေဇေအောင်က ဇန်နဝါရီ ၁၆ ရက်နေ့တွင် အမှုဖွင့်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၇ ရက်နေ့တွင် သုံးဦးကို ပဏာမ ခေါ်ယူစစ်ဆေးခဲ့ကာ တောင်သူ ၃၇ ဦးလုံးကို စစ်ဆေးရန်အတွက် ဇန်နဝါရီ ၂၅ ရက်နေ့က ခေါ်ယူခဲ့သည်။

“လူတွေက တစ်ယောက် တစ်နေရာစီဆိုတော့ လူစုဖို့ခက်တယ်။ မလာနိုင်ဘူးလို့ စခန်းကို ဖုန်းဆက်လိုက်တယ်” ဟု အမှုဖွင့်ခံထားရသူထဲမှ တဦးဖြစ်သူ ဒေါ်ရွှေတင်က Frontier ကို ပြောကြားသည်။

ဒေါ်ရွှေတင်အပါအဝင် ၃၇ ဦးကို လာရောက်စစ်ဆေးခံရန် ကန်ကြီးဒေါင့်ရဲစခန်းမှ ဒုရဲအုပ် သိန်းလွင်က နနွင်းဂရက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ကြိုင်ကတဆင့် စာပို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

“သူတို့က မလာနိုင်ဘူးပြောလို့ သောကြာနေ့ (ဇန်နဝါရီ ၂၇ ရက်) လာလို့ရတယ်လို့ ပြောလိုက်တယ်” ဟု ဒုရဲအုပ်သိန်းလွင်က ပြောကြားသည်။

ရဲစခန်းက ပေးပို့သည့်စာက ၎င်းထံ ယနေ့ ရောက်ရှိခဲ့သည်ဟု ဒေါ်ရွှေတင်က ပြောသည်။

“စာက ဒီနေ့ရောက်တယ်။ မနက်ဖြန်သွားရမယ်ဆိုတော့ မသွားနိုင်ဘူး။ အဲ့ဒီလိုပြောတော့ ဥက္ကဋ္ဌက ပြောတယ်။ နင်တို့ ကောင်းကောင်း ဒုက္ခရောက်လိမ့်မယ်တဲ့” ဟု ဒေါ်ရွှေတင်က ဆိုသည်။

နနွင်းဂရက်ကျေးရွာပတ်ဝန်းကျင်ရှိ မြေနေရာ ၁၆ ခုကို ၁၉၉၁ ခုနှစ်ခန့်တွင် စစ်တပ် အကြီးအကဲများက သီဟိုဠ်စီမံကိန်းအတွက်ဟုဆိုကာ သိမ်းယူခဲ့သည်ဟု တရားစွဲဆိုခံရသူ ဒေါ်တင်ရွှေက ဆိုသည်။

စီမံကိန်းအရ သီဟိုဠ်ပင်များစိုက်ပျိုးခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် အဆိုပါမြေများပေါ်တွင် ယခင်ကအတိုင်း ဝါးပင်များသာ ပေါက်ရောက်နေခဲ့သည်။ ထို့ပြင် အဆိုပါနေရာများကို သိမ်းယူခဲ့သူများနှင့် ဆက်စပ်သူများကသာ မြေပေါ်တွင် ဆက်လက်လုပ်ကိုင်နေကြသည်ဟု ဒေါ်ရွှေတင်က ဆိုသည်။

“တကယ်တော့ အဲ့ဒီနေရာက ဘယ်သူမှ ဝင်ရောက် ဝါးမခုတ်ရဘူးလို့ သတ်မှတ်ထားတဲ့နေရာပါ။ အဲဒီမှာ ရွာသားတွေက ဝင်ခုတ်တော့ ဒီပြဿနာဖြစ်တာ။ တကယ်တော့လည်း အဲ့နေရာက ဘယ်သူပိုင်တယ်ဆိုတာ ပြောရခက်ပါတယ်” ဟု နနွင်းဂရက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးအောင်ကြိုင်က Frontier ကို ပြောသည်။

အဆိုပါမြေနေရာကို ဦးသိန်းစိန်အစိုးရမဆင်းမီက လေးပိုင်းပိုင်းခြားကာ တစ်ပိုင်းကို ဦးဇေဇေအောင်နှင့် ကျန်သုံးပိုင်းက ကျေးရွာမြေနေရာအဖြစ် သတ်မှတ်ပေးခဲ့ပြီး ပြဿနာများ မပြေလည်ခင်အချိန်အထိ မည်သူမျှ ဝင်ရောက်ဝ ါးခုတ်ခြင်းမပြုကြရန် တားမြစ်ထားသည်ဟုလည်း ၎င်းကပြောကြားသည်။

တောင်သူများကို အမှုဖွင့်ထားသည့် ရာဇဝတ်မှုမကင်းသော ကျော်နင်းမှုဖြစ်သည့် ပုဒ်မ ၄၄၇ မှာ ထောင်ဒဏ် နှစ်နှစ်နှင့် ငွေဒဏ်ချမှတ်နိုင်ကာ အကျိုးဖျက်ဆီးမှုဖြစ်သည့် ပုဒ်မ ၄၂၇ မှာ ထောင်ဒဏ် သုံးလနှင့် ငွေဒဏ်များ ချမှတ်နိုင်သည်။

သတင်း-မြတ်ကျော်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.