ရန်ကုန်၊ ဇူလိုင် ၂၆
ပြည်ထောင်စုအဆင့် ဝန်ကြီးနှင့် ဒုဝန်ကြီးများ နိုင်ငံခြားသို့ သွားရာတွင် လက်ဆောင်ပစ္စည်း ဝယ်ယူရန်စရိတ်ကို ယခင်သတ်မှတ်ထားသည့်ထက် ပျမ်းမျှ ၅ ဆခန့် တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်သည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာအမှတ် (၆၅/၂၀၁၇) ကို ဇွန် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာတွင် “ဇွန် ၂၂ တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ သဘောတူခွင့်ပြုချက်အရ” ယခုကဲ့သို့ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ပါရှိသည်။
နိုင်ငံခြားသို့သွားရောက်ရာတွင် လက်ဆောင်ပစ္စည်းဝယ်ယူရန်စရိတ်ကို ယခင်က ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးလျင် ကျပ်ငါးသောင်း နှင့် ဒုဝန်ကြီးတစ်ဦးလျင် ကျပ်နှစ်သောင်း သတ်မှတ်ခဲ့ရာမှ ယခုအခါ ဝန်ကြီးတစ်ဦးလျင် ကျပ်နှသိန်းနှင့် ဒုဝန်ကြီးတဦးလျှင် ကျပ်တစ်သိန်းသို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
Frontier က ရရှိထားသည့် အဆိုပါ အမိန့်ကြော်ငြာစာအရ တိုးမြှင့်သတ်မှတ်ချက်သည် ဇူလိုင် ၁ ရက်နေ့မှစ၍ ခံစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်းဖြစ်သည်။
စီမံ/ဘဏ္ဍာဝန်ကြီးဌာနအောက်တွင် ဦးစီးဌာန (၇) ခု ရှိရာ ယခုကိစ္စသည် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနနှင့် သက်ဆိုင်ပြီး အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းက “ကျွန်မလက်ထဲမှာတော့ [အမိန့်ကြော်ငြာစာ] မရှိဘူး။ အမိန့်တွေကတော့ အများကြီးထွက်နေတာပဲလေ” ဟု ဆိုသည်။
သို့သော် [အဆိုပါ အမိန့်ကြော်ငြာစာမှာ] “ရောက်မလာတာတော့ မဟုတ်ဘူးပေါ့လေ။ အများကြီး ထွက်ထားတာဆိုတော့ အလွတ်မရတာ၊ တိတိကျကျ မပြောနိုင်တာပေါ့” ဟု ၎င်းက Frontier ကို ဖြေဆိုခဲ့သည်။
ယခု အမိန့်ကြော်ငြာစာသည် ပြည်ထောင်စုအဆင့် ဝန်ကြီးနှင့်ဒုဝန်ကြီးများ “ပြည်ပနိုင်ငံများသို့ သွားရောက်ရာတွင် လက်ဆောင်ပစ္စည်း ဝယ်ယူရန်စရိတ်” ဟု ဖော်ပြပါရှိသော်လည်း အစိုးရသစ် စတင်စဉ်က ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် “‘လက်ဆောင်ပစ္စည်း လက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” နှင့် သက်ဆိုင်ခြင်း ရှိ၊ မရှိကိုမူ သီးခြား အတည်ပြုမနိုင်ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတက်ပြီး ခြောက်ရက်မြောက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ‘‘လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်သည့် လမ်းညွှန်ချက်” တွင်မူ “ပုဂ္ဂိုလ်အဖွဲ့အစည်း များက တစ်ကြိမ်လျှင် ကျပ် ၂၅,၀၀၀ ထက်မပိုဘဲ တစ်နှစ်လျှင် ကျပ်တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများနှင့် အခါကြီး ရက်ကြီးများတွင် ဂါရဝပြုပေးအပ်သည့် ကျပ်တစ်သိန်းထက်မပိုသော လက်ဆောင်ပစ္စည်းများကိုသာ ခြွင်းချက်အဖြစ် လက်ခံခွင့်ပြုသည်” ဟု ပါရှိသည်။
သတင်း-မြတ်ကျော်သူ