ဝင်းနှင့် ဇော်အမှုအတွက် အမျိုးသားရေးလှုပ်ရှားသူများ ဆက်လက်တောင်းဆိုနေ

ရန်ကုန်၊ မတ် ၇

ထိုင်းနိုင်ငံ၊ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲ သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သတ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး သေဒဏ်ပေးခံခဲ့ရခြင်းကို ကန့်ကွက်သည့်အနေဖြင့် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းများက ရန်ကုန်မြို့ရှိ ထိုင်းသံရုံးထံ ဖိအားပေး တောင်းဆိုမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်လျှက်ရှိသည်။

သံဃာအချို့က ဗုဒ္ဒဘာသာ ထုံးတန်းအစဉ်အလာအတိုင်း ထိုင်းသံရုံးရှေ့တွင် မေတ္တာပို့ ဆုတောင်း ပရိတ်ရွတ်ခြင်းကို ယခုလ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လုပ်ဆောင်မည်ဟုလည်း ကြေညာလိုက်သည်။

မြန်မာအမျိုးသားရေးလှုပ်ရှားသူများဟု မီဒီယာတစ်ချို့နှင့် ၎င်းတို့ကိုယ် ၎င်းတို့ ခေါ်ဝေါ်ကြသူအချို့ကလည်း ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းသံရုံးသို့ သွားရောက်ကာ ထိုင်းဘုရင်နှင့် အစိုးရထိပ်ပိုင်း အရာရှိများထံ လိပ်မူထားသည့် “ဝင်းနှင့်ဇော်အတွက် တရားမျှတသည့် ဆုံးဖြတ်ချက်ရရှိရန် မေတ္တာရပ်ခံစာ”ကို ပေးပို့ခဲ့ကြသည်။

ထိုင်းသံရုံးသို့ မေတ္တာရပ်ခံစာသွားရောက်ပေးပို့ခဲ့သည့် ဆရာတော် ဦးပါမောက္ခက ထိုင်းရဲများသည် တရားခံအဖြစ် သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရသည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား စုံစမ်းစစ်ဆေးစဉ် ညှဉ်းပန်းနှိပ်စက်မှုများနှင့် မခိုင်လုံသည့် သက်သေများကို အသုံးပြုပြီး လူသတ်မှုတွင် အပြစ်ရှိကြောင်း ပုံဖော်ခဲ့ကြသည်ဟု စွပ်စွဲလိုက်သည်။

“ဇော်လင်းနဲ့ ဝင်းဇော်ထွန်းဟာ အမေရိကန်နိုင်ငံသားဖြစ်မယ်။ အင်္ဂလန်နိုင်ငံသား ဖြစ်မယ်။ ရုရှားနိုင်ငံသားဖြစ်မယ်ဆိုရင် ထိုင်းနိုင်ငံက ဒီလိုမလုပ်ရဲပါဘူး”ဟု ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

လူသတ်မှုနှင့် အဓမ္မ ပြုကျင့်မှုများအပါအဝင် အခြားအမှုများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာကတည်းက ထိန်းသိမ်းခံထားရသော မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နှစ်ဦး လွတ်မြောက်ရေးနှင့် တရားမျှတသည့် စီရင်ချက်ရရှိရေးအတွက် မြန်မာအမျိုးသားရေးလှုပ်ရှားသူများဟု ဆိုသူများက လွန်ခဲ့သည့်နှစ်များအတွင်း အစဉ်တစိုက် တောင်းဆိုခဲ့ကြသည်။

၎င်းတို့က ရန်ကုန်မြို့ရှိ အထင်ကရနေရာများတွင် ဆန္ဒပြခြင်း၊ ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြခြင်းနှင့် ထိုင်း ဝန်ကြီးချုပ် ရန်ကုန်သို့ ရောက်ရှိသည့်နေ့တွင် ဆန္ဒပြခြင်းစသည့် တောင်းဆိုမှုများ မကြာခဏ ပြုလုပ်ခဲ့ကြသည်။

သို့သော် ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည့်ကိစ္စကို သတိထားကိုင်တွယ်နေပြီး အဆိုပါဆန္ဒပြပွဲများကြောင့် ထိုင်းနိုင်ငံရှိ သန်းနှင့်ချီသော မြန်မာရွှေ့ပြောင်းလုပ်သားများ အကျပ်အတည်းတွေ့မည်ကိုလည်း စိုးရိမ်ကြောင်း ဆရာတော် ဦးပါမောက္ခကမိန့်ကြားသည်။

ဝင်းနှင့်ဇော်တို့အား ချမှတ်ထားသည့် သေဒဏ်ဆုံးဖြတ်ချက်အတွက် အယူခံကို ထိုင်းနိုင်ငံ အောက်တရားရုံးက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပယ်ချခဲ့သောကြောင့် အဆင့်မြင့်တရားရုံးတွင် အယူခံ ထပ်မံဝင်ရန် ၎င်းတို့၏ ရှေ့နေများက ပြင်ဆင်လျှက်ရှိသည်။ အဆင့်မြင့်တရားရုံးက အယူခံကို ထပ်မံပယ်ချခဲ့ပါက ထိုင်းနိုင်ငံဘုရင်ထံ အသနားခံစာ တင်ပြရန်သာ ကျန်ရှိတော့သည်။

သတင်း-ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.