လွှတ်တော်ကို လေးစားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ဒေါ်စန္ဒာမင်း တိုက်တွန်း

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မသေချာ၊ မရေရာသည့် အဖြေများဖြင့် လာရောက်ဖြေကြားခြင်းသည် လွှတ်တော်ကို စော်ကားသကဲ့သို့ပင်ဖြစ်သည်ဟု ကော့မှူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ခဲ့သည့် အကျိုးတူဆောက်လုပ်ရေးလုပ်ငန်းများအား လုပ်ကိုင်နေသည့် ကုမ္ပဏီများက ပေးသွင်းရန် ကျန်ရှိနေသည့် ငွေကြေးများနှင့် ပတ်သက်သည့် ၎င်း၏ မေးခွန်းအား လက်ရှိ မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုဝင်ဘာ ၉ ရက်နေ့တွင် လာရောက်ဖြေကြားမှုကို ၎င်းက ဝေဖန်လိုက်ခြင်း ဖြစ်သည်။

၎င်းအနေဖြင့် မေးခွန်းကို သြဂုတ်လကတည်းက လွှတ်တော်သို့ ပေးပို့ထားခြင်းဖြစ်ကာ တစ်လကျော်ကြာပြီးနောက် လာရောက်ဖြေကြားချိန်တွင် မသေချာသော ဖြေကြားမှုများကိုသာ ရရှိခဲ့သည်ဟု ဒေါ်စန္ဒာမင်းက ဦးမောင်မောင်စိုး ဖြေကြားအပြီးတွင် တုန့်ပြန်ပြောကြားခဲ့သည်။

“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လွတ်တော်မှာ လာဖြေတယ်ဆိုရင်တော့ အဖြေအဆင်သင့်ရှိဖို့ ကောင်းပါတယ်။ ပြီးတော့ အဖြေပေးသွားတာက လုံးထွေးပြီးတော့ အဖြေတစ်ခုအနေနဲ့မှ ကျေနပ်မှု မရရှိဘူးဆိုတာကို ကျွန်မအနေနဲ့ ပြောချင်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက လွတ်တော်တွင် ပြောကြားခဲ့သည်။

“ဒါ့ပြင် ရန်ကုန်မြို့တော် စည်ပင်သာရေးကော်မတီအနေနဲ့ အဖြေတစ်ခုမရှိခဲ့ရင် လွတ်တော်ကိုလာပြီး မဖြေပါနဲ့။ အဲဒီလို မသေချာသော အဖြေများကို လုံးလုံးထွေးထွေး လာဖြေတယ်ဆိုရင်လည်း ကျွန်မတို့ လွှတ်တော်အမတ်တွေကို စော်ကားရာ ရောက်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မေးခွန်းကို သြဂုတ်လကတည်းက ပေးပို့ထားသည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားသော်လည်း မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ မေးခွန်းကို နိုဝင်ဘာ ၈ ရက်နေ့ကမှ ရရှိခဲ့သည်ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

“၎င်းမေးခွန်းနဲ့ပတ်သက်လို့ မနေ့ကမှ ထိုမေးခွန်းကို ရရှိသည့်အတွက် ကျွန်တော်အနေနဲ့ လွတ်တော်ဥက္ကဋ္ဌဆီမှတစ်ဆင့် ၎င်းနဲ့ သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို ပြန်လည်ရယူကာ နောက်ပိုင်း ပြန်လည်ဖြေကြားသွားမည် ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

ဒေါ်စန္ဒာမင်းကမူ “ဘယ်သူပဲဖြစ်ဖြစ် လာဖြေပေးလို့ အဆင်ပြေပါတယ်။ ဦးမောင်မောင်စိုးက မနေ့ကမှ မေးခွန်းရတယ်ဆိုပြီးတော့ အဖြေမရှိဘူး၊ မဖြေပေးနိုင်ဘူး ဆိုပြီ ပြောသွားတာက သဘာဝမကျပါဘူူး။ ပြီးတော့ ကျွန်မတို့ကိုလည်း လှည့်စားသွားပါတယ်” ဟု ၎င်းကပြောသည်။

“တကယ်တမ်းကျတော့ ဒီမေးခွန်းကို လာဖြေရမှာက ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လာဖြေတာက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဝန်ကြီးဖြစ်နေတယ်။ သူ့မှာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် ဒီမေးခွန်းကို နောက်တစ်ပတ်ကျမှ ဖြေလို့ရတယ်။ နောက်တစ်ပတ်မှာ လွတ်တော်ရှိတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါဟာ တမင်တကာ မဖြေချင်လို့ ကျွန်မတို့ကို လှည့်စားလိုက်တယ်လို့ ကျွန်မတို့ ယူဆပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar