လောဘသားတွေ၊ အယုံလွယ်၊ အညှာလွယ်သူတွေနဲ့ အွန်လိုင်း ငွေစုလုပ်ငန်း

လတ်တလောတွင် လူပြောများသော ငွေစုအစီအစဉ်များသည် အတိုးငွေ ခပ်များများကို အချိန်တိုအတွင်း ရရှိမည်ဟု ကတိများပေးကာ အယုံလွယ်သူ သားကောင်များကို ဆွဲဆောင် သိမ်းသွင်းနေကြခြင်းဖြစ်သည်။

ကျော်ရဲလင်း ရေးသားသည်။

ပဲခူးတိုင်းဒေသကြီးရဲ့ မြို့တော် ပဲခူးမှာ မှန်နဲ့ အလူမီနီယံပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ကို ခင်ပွန်းဖြစ်သူက စတင်ဖွင့်လှစ်ခဲ့စဉ်က မအိသဉ္ဖာကျော်ဟာ အိမ်ရှင်မတစ်ယောက်သာ ဖြစ်ပါတယ်။

ဒါပေမယ့် သူက ဘဝက ဒီထက်ပိုပြီး မျှော်လင့်ထားခဲ့သူပါ။ စီးပွားရေးနဲ့ ဘွဲ့ရထားတဲ့ အိသဉ္ဖာဟာ လက်မထပ်ခင် အပျိုဘဝက ဘဏ်ခွဲတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အိမ်ထောင်ကျပြီးနောက် ကျွန်မဟာ အိမ်ရှင်မ၊ မှီခိုဘဝ ရောက်ခဲ့ရတာပါပဲ”ဟု ပဲခူးမြို့က သူတို့ ငှားရမ်းထားတဲ့ အိမ်ဆိုင်မှာ Frontier က အင်တာဗျူးစဉ် အိသဉ္ဖာက ပြောပါတယ်။

ဇွန် ၃ဝ ရက်နေ့က သူမ အိမ်ကို Frontier က ရောက်သွားချိန်မှာတော့ အိသဉ္ဖာဟာ ဈေးလာဝယ်သူတွေကို သူမရဲ့ ကလေးနှစ်ယောက်ကို ထိန်းကျောင်းရင်း ဈေးရောင်းနေပါတယ်။

“အရောင်းအဝယ်က ကောင်းပါတယ်။ ကျွန်မတို့က လုပ်ငန်းချဲ့ချင်တယ်။ ဒါပေမဲ့ ဘဏ်က ချေးငွေရဖို့က မဖြစ်နိုင်သလောက်ပဲ” လို့ သူမက ပြောပါတယ်။

လုပ်ငန်းတိုးချဲ့ဖို့ လိုအပ်နေတဲ့ အရင်းအနှီးရဖို့အတွက် ၂ဝ၁၆ ခုနှစ်မှာ အဝတ်အထည်နဲ့ အခြားပစ္စည်းတွေကို အွန်လိုင်းကနေ အိသဉ္ဖာက စတင်ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းနှစ်ခုက ရတဲ့ဝင်ငွေက သူတို့ဆိုင်ကို တိုးချဲ့ဖို့ လိုအပ်တဲ့ ငွေပမာဏအထိ မရခဲ့ပါဘူး။

“မှန်နဲ့ အလူမီနီယံ ကုန်ကြမ်းတွေက မိုးတွင်းဆိုရင် ဈေးအမြဲကျတယ်။ ဒါကြောင့် မိုးတွင်းမှာ ပစ္စည်းတွေစု လှောင်ထားပြီး နောက်ပိုင်း ဈေးတက်လာမှ ချရောင်းဖို့ စိတ်ကူးထားတယ်” ဟု သူမက ပြောသည်။ ဒီလိုနဲ့ အိသဉ္ဖာက ငွေရဖို့တခြား နည်းလမ်း ရှာကြည့်ပြန်ပါတယ်။

အစဉ်အလာ ငွေစုနည်း

သူမရဲ့ သူငယ်ချင်းမိတ်ဆွေတချို့က အွန်လိုင်းပေါ်က ငွေစုငွေချေးလုပ်ရာကနေ အကျိုးအမြတ် အတော်လေး ရရှိနေကြတယ်ဆိုတာကို အိသဉ္ဖာ ကြားသိလာပါတယ်။ ယခင်ကတည်းက မြန်မာနည်း၊ မြန်မာ့ဟန်နဲ့ လုပ်နေကြတဲ့ တရားမဝင် ငွေစုငွေချေးနည်းဟာ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ ဒါမှမဟုတ် အိမ်နီးချင်းတစ်စု စုပေါင်းပြီး အားလုံး ကြိုတင်သဘောတူညီချက်နဲ့ ပုံမှန် အချိန်ပိုင်းကာလ (ဥပမာ- လစဉ်) စုဆောင်းငွေ ထည့်ဝင်ကြရတာ ဖြစ်ပါတယ်။ ဥပမာ လူ ၁ဝ ဦးပါဝင်တဲ့ အစုအဖွဲ့မှာ တစ်ဦးကို ကျပ်တစ်သောင်း လစဉ်ထည့်ဝင်ပြီး ၁ဝ လကြာ စုဆောင်းကြတာဖြစ်ပါတယ်။ အဖွဲ့ဝင်တွေက လစဉ် အလှည့်ကျ ကျပ် တစ်သိန်းစီ ရရှိကြပါတယ်။ အဖွဲ့ဝင်တွေထဲမှာ တာဝန်ယူ ငွေစုဆောင်းပေးသူ (မဲဒိုင်) က ပထမဆုံး ကျပ်တစ်သိန်းယူခွင့်ရပြီး ကျန်လူတွေက လစဉ် မဲနှိုက်ပြီး ယူကြပါတယ်။

ဒါက လူသိများတဲ့ ငွေစုနည်းဖြစ်ပေမယ့် အဖွဲ့ဝင်တွေရဲ့ ယုံကြည် စိတ်ချရမှုအပေါ် မူတည်နေပါတယ်။ အဖွဲ့ဝင် တစ်ဦးဦးက တာဝန်ပျက်ကွက်ရင် ပွဲပျက်သွားတတ်ပါတယ်။

မိုဘိုင်းဖုန်းကိုင်ဆောင်သူ အလွန်များပြားလာတဲ့ မြန်မာနိုင်ငံမှာ Facebook လူမှုမီဒီယာ အသုံးပြုသူတွေအကြား ဒီလို စုဆောင်းမှု ပေါ်ပေါက်လာပြီး ခေတ်စားလာပါတယ်။ ပါဝင်သူတွေက သူတို့ရဲ့ ထည့်ဝင်ငွေကို ဘဏ်တွေကတစ်ဆင့်၊ ဒါမှမဟုတ် မိုဘိုင်းမန်းနီးတွေကနေတစ်ဆင့် ပို့ပေးကြပါတယ်။ အစဉ်အလာအရ စုပေါင်းငွေစုကြရာမှာ စုဆောင်းငွေ သိပ်မများပေမယ့် အွန်လိုင်းကနေ စုဆောင်းကြရာမှာတော့ စုငွေပမာဏဟာ ကျပ်သန်းပေါင်း ရာနဲ့ချီဖြစ်လာပါတယ်။

ပုံမှန်အားဖြင့် အဖွဲ့ဝင်တစ်ဦးက သူ့ဝေစုကို စောစောလိုချင်လျှင် သူ့အခက်အခဲကိုပြောပြပြီး အခြားအဖွဲ့ဝင်တစ်ဦးနဲ့ အလှည့်ချင်း အလဲအလှယ် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ငွေကြေး ပမာဏက ကြီးမားလာတဲ့အခါမှာတော့ အလှည့်ချင်းလဲဖို့က လွယ်လွယ်ဖြစ်မလာတော့ပေ။ ဒီလိုနဲ့ အရေးပေါ် ငွေလိုအပ်နေသူက တတိယလူထံ ရမယ့် ငွေကြေးပမာဏကို လျော့ဈေးဖြင့် ချရောင်းခြင်းဖြင့် အရေးပေါ်လိုငွေကို ရှာနိုင်ပါတယ်။ ဥပမာအားဖြင့် ကျပ်သိန်း ၅ဝ ရရန် ရက်သတ္တပတ် နှစ်ပတ်စောင့်ရဦးမယ့် အဖွဲ့ဝင်တစ်ဦးဟာ သူ့ရှယ်ယာကို ကျပ် ၄၅ သိန်းနဲ့ ဈေးချရောင်းခြင်းဖြင့် ငွေဖော်နိုင်ပါတယ်။ ထိုရှယ်ယာကို ဝယ်လိုက်သူကလည်း အချိန်တိုအတွင်း ကျပ်ငါးသိန်း အမြတ်ရသွားနိုင်ပါတယ်။

ဒီလိုနဲ့ စည်းမျဉ်းစည်းကမ်း လုံးဝမရှိတဲ့ အွန်လိုင်း ငွေစုငွေချေးစနစ်မှာ တရားမဝင် စုကြေး ရောင်းဝယ်မှုက ကြီးထွားလာပါတယ်။  မယုံနိုင်လောက်အောင် အကျိုးအမြတ်ငွေတွေပေးပြီး မြူဆွယ်လာကြပါတယ်။ ဥပမာ- တစ်ပတ်အတွင်း ငွေထုတ်ယူရရှိမည့် ကျပ်သိန်း ၁ဝဝ တန် ရှယ်ယာအား လောလောဆယ် ကျပ်သိန်း ၈ဝ နဲ့ ချရောင်းမယ်လို့ ကမ်းလှမ်းတာမျိုးတွေကို လုပ်လာကြပါတယ်။ ဒီလိုလုပ်ဆောင်မှုရဲ့ အခြေခံသဘောတရားကတော့ ရှယ်ယာရောင်းသူဟာ လောလောဆယ် ငွေလိုနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။

မအိသဉ္စာဟာ သူမရဲ့ စီးပွားရေးလုပ်ငန်းကို တိုးချဲ့နိုင်ဖို့အတွက် အရင်းအနှီးရရှိအောင် ငွေစုအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မအိသဉ္စာဟာ သူမရဲ့ စီးပွားရေးလုပ်ငန်းကို တိုးချဲ့နိုင်ဖို့အတွက် အရင်းအနှီးရရှိအောင် ငွေစုအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဒါပေမယ့် ဒီကိစ္စက ဒီလောက် မရိုးရှင်းပါဘူး။ ဒီဇာတ်လမ်းက ဖြစ်နိုင်ဖွယ်ရှိမရှိဆိုတဲ့အချက်ကို စုကြေးထည့်ဝင်သူတွေက လစ်လျူရှုထားလိုက်ကြပုံ ပေါ်ပါတယ်။ မိမိ၏ငွေကို ရက်သတ္တပတ် တစ်ပတ်စောရဖို့အတွက် မိမိရင်းနှီးမြှုပ်နှံငွေထဲက ၂ဝ ရာခိုင်နှုန်းကို ဘယ်သူက အဆုံးရှုံးခံပါ့မလဲ။ မိမိနဲ့ အရောင်းအဝယ်လုပ်နေတဲ့ တစ်ဘက်လူကလည်း အစစ်အမှန် စုကြေး ရှယ်ယာပိုင်ရှင်ဖြစ်ဖို့ အလားအလာ အလွန်နည်းမှာ ဖြစ်ပါတယ်။

အစပထမပိုင်းမှာ ပေးတဲ့ အမြတ်ငွေက နည်းပါးသေးတယ်။ သားကောင်ဖြစ်လာမယ့်သူက အမြတ်ရရှိတဲ့အတွက် ထိုအစီအစဉ်အပေါ်မှာ ပိုမိုယုံကြည်လာပြီး တိုး၍ တိုး၍ ရင်းနှီးမြှုပ်နှံထည့်ဝင်လာပါတော့တယ်။ ဒီလိုနဲ့ အမြတ်များများကို မြန်မြန်ရလိုသူတွေနဲ့ သူတို့ရဲ့ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေရဲ့ စုဆောင်းငွေတွေ ဆုံးရှုံးခဲ့ကြရပါတော့တယ်။

လောဘက ကျွန်မကို ဘာမှ မမြင်နိုင်အောင် ရူးသွပ်မိုက်မဲစေခဲ့ပါတယ်

အစပိုင်းမှာတော့ အိသဉ္ဖာကျော်ဟာ အွန်လိုင်းပေါ်က ငွေစုတဲ့ အစီအစဉ်တွေကို မယုံကြည်ခဲ့ပါဘူး။ “ဒါပေမယ့် သူငယ်ချင်းတချို့က အွန်လိုင်းပေါ်က စုငွေတွေကို ဝယ်ရောင်းလုပ်ပြီး အမြတ်တွေ အများကြီး ရကြတာ တွေ့ခဲ့ရတယ်”လို့ သူမက ပြောပါတယ်။ အိသဉ္ဖာကျော်ဟာ သူ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ မနှင်းဝေသီ ခေါ်၊ သဲသဲရဲ့ အားပေးအားမြှောက်ပြုမှုနဲ့ ဒီအလုပ် ဝင်လုပ်ခဲ့တာပါ။ တစ်လတောင် မပြည့်ခင်မှာ ကျပ်သိန်း ၈ဝဝ ဆုံးရှုံးသွားခဲ့ပါတယ်။ ဒီထဲက တစ်ဝက်က သူပိုင်ငွေတွေဖြစ်ပြီး ကျန်တာတွေက သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ သူ့မိသားစုဝင်တွေရဲ့ ရင်းနှီးမြှုပ်နှံငွေတွေပါပဲ။

“သူနဲ့ ကျွန်မက အွန်လိုင်း Shopping အလုပ်မှာလည်း တစ်ဦးနဲ့တစ်ဦး အကူအညီပေးခဲ့ကြတာမို့ သူ့ကို ကျွန်မက ယုံကြည်ခဲ့တယ်” လို့ မအိသဉ္ဖာက ပြောပါတယ်။

သူမက ပထမဆုံး ကျပ်လေးသိန်းခွဲကို နှင်းဝေသီထံ ဧပြီ ၁ ရက်နေ့မှာ လွှဲပေးလိုက်ပါတယ်။ ဧပြီ ၁၇ ရက်နေ့မှာတော့ ကျပ်ငါးသိန်းကို ပြန်လည်လက်ခံရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီအလုပ်ကို လုံးဝအထင်ကြီးသွားပြီး ငွေတွေ ထပ်ပို့နေရာကနေ အမြတ်ငွေတွလဲ ထပ်ရနေခဲ့ပါတယ်။ သူမအလုပ်ဖြစ်နေပုံကို မိသားဝင်တွေနဲ့ သူငယ်ချင်းတွေကိုလည်း သူမက ဖောက်သည်ချခဲ့ပါတယ်။

“ရှင်တို့သိတဲ့အတိုင်းပဲ မြန်မာတွေက သူတို့ ကောင်းကျိုးခံစားရပြီဆိုရင် ကိုယ်ချစ်တဲ့ လူတွေကိုလည်း ကိုယ့်လို ခံစားစေချင်တာပဲ” လို့ သူက ပြောပါတယ်။ အိသဉ္ဖာကျော်ဟာ သုံးကြိမ် ရင်းနှီးထည့်ဝင်ခဲ့ပြီး သုံးကြိမ်လုံး အမြတ်တွေ ရခဲ့ပါတယ်။ ထိုအမြတ်ငွေတွေ အားလုံးကိုလည်း ပြန်လည်း ရင်းနှီးခဲ့ပြန်ပါတယ်။ ဧပြီလကုန်လောက်အရောက်မှာတော့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေရဲ့ ရင်းနှီးငွေတွေ အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုဟာ ကျပ်သိန်းရာပေါင်းများစွာ ဖြစ်လာပါတော့တယ်။ မေ ၁၁ ရက်နေ့မှာတော့ နှင်းဝေသီဟာ ငွေပေးရမည့်အချိန်တွင် ငွေပေးဖို့ ပျက်ကွက်လာတယ်လို့ အိသဉ္ဖာက ပြောပါတယ်။ ပေးရမယ့် ငွေပမာဏက ကျပ်သိန်း ၂၈ဝ၊ နှင်းဝေသီကတော့ မေ ၁၂ ရက်နေ့အထိ စောင့်ပေးဖို့ ပြောပါတယ်။

သူမရဲ့ မဲဒိုင်က ငွေပေးဖို့ ကြန့်ကြာနေလို့ပါလို့ နှင်းဝေသီက အကြောင်းပြပါတယ်။ “သူ့အဖေအိမ်ကို အပေါင်ထားပြီး အခြားတစ်ယောက်ဆီက ငွေချေးပြီး ဒီငွေကို ရှင်းပေးမယ်လို့လည်း ပြောတယ်။ ကျွန်မသူငယ်ချင်းတွေကိုတော့ ကျွန်မရဲ့ လက်ဝတ်လက်စားတွေပေါင်ပြီး ပေးလိုက်ရတယ်”လို့ သူမက ပြောပါတယ်။

မေ ၁၂ ရက်နေ့မှာတော့ နှင်းဝေသီက သူမရဲ့ Facebook Account ကို ဖျက်သွားပြီး ဖုန်းခေါ်တာကိုလည်း ပြန်မဖြေတော့ပေ။

“သူကျွန်မကို ဒီလို လုပ်လိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မ မှားသွားပြီ” လို့ အိသဉ္ဖာ ပြောပါတယ်။

သူမ၏ မိတ်ဆွေတွေက သူတို့ရဲ့ ငွေတွေကို ပြန်တောင်းနေတာကြောင့် နှင်းဝေသီကို အိသဉ္ဖာကျော်က ဇွန် ၁ ရက်နေ့မှာ ပဲခူးရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ပါတယ်။

“ကျွန်မ ဒီလိုမလုပ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်မမှာ ရွေးစရာလမ်း မရှိတော့ဘူး၊ ကျွန်မကိုယ်တိုင်လည်း အစွပ်စွဲခံနေရပြီ။ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ကျွန်မမှာ တာဝန်ရှိနေတာကြောင့် သူတို့ငွေတွေရဲ့ ၃ဝ ရာခိုင်နှုန်းကို ကျွန်မ တဖြေးဖြေးပြန်ပေးပါ့မယ်လို့ သူငယ်ချင်းတွေကို ကတိပေးလိုက်ရပါတယ်။ တစ်ချို့ မိတ်ဆွေတွေက မရ ရတာ ယူတော့မယ်ဆိုပြီး ကျွန်မရဲ့ မှန်နဲ့ အလူမီနီယံဆိုင်က ပစ္စည်းတွေကို ယူကြပါတယ်” လို့ အိသဉ္ဖာက ပြောပါတယ်။ သူ နှင်းဝေသီထံ လွှဲပေးခဲ့တဲ့ ကျပ်သိန်း ၈ဝဝ ရဲ့ ဘဏ်ငွေလွှဲစာရွက်စာတမ်းနဲ့ Wave Money ငွေလွှဲစာ အထောက်အထားတွေကို ရဲစခန်းကို တင်ပြခဲ့ပါတယ်။ အဲဒီထဲက ကျပ်သိန်း ၄ဝဝ က သူပိုင်ငွေတွေပါ။

ဒီလိုအန္တရာယ်များတဲ့ လုပ်ငန်းတစ်ခုမှာ ဘာကြောင့် ရင်းနှီးမြုပ်နှံခဲ့သလဲလို့မေးတော့ အိသဉ္ဖာကျော်က လောဘကြောင့်ပါလို့ ဖြေပါတယ်။ ပြီးတော့ ယုံလွယ်တာကိုလည်း ဝန်ခံပါတယ်။

ဒီငွေစုလုပ်ငန်းတွေဟာ ငွေကြေးခဝါချနေတဲ့ ရတနာကုန်သည်တွေဆီက လာတာလို့ နှင်းဝေသီက သူမကို ပြောတယ်လို့ ဆိုပါတယ်။ “ငွေကြေးခဝါချတာနဲ့ ပတ်သက်လို့ ကျွန်မ ဘာမှမသိပါဘူး သူပြောတာက အဓိပ္ပါယ်ရှိသလိုပါပဲ။ ဒါပေမယ့် အဓိကအချက်ကတော့ လောဘပါ။ အဲဒီလောဘကြောင့်ပဲ ဘာမှမမြင်နိုင်လောက်အောင် မိုက်မဲခဲ့မိတယ်” လို့ အိသဉ္ဖာက ဆိုပါတယ်။

ကျပ်သိန်း ၁၄၀ လွှဲပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်း။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ကျပ်သိန်း ၁၄၀ လွှဲပေးခဲ့တယ်ဆိုတဲ့ မှတ်တမ်း။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဒီလိုမျိုးဖြစ်ရပ်ကို ကြုံတွေခဲ့ရတာ အိသဉ္ဖာကျော် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ပဲခူးက နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း မေ ၃ဝ ရက်နေ့မှာ နှင်းဝေသီကို အမှုဖွင့်လိုက်ပါတယ်။ သူမကတော့ ကျပ် ၅၇ သိန်း ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်ပိုင်း ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာ၊ မြောက်ဥက္ကလာနဲ့ သာကေတမြို့နယ်တွေမှာ လိမ်လည်မှုအပြင် နောက်ထပ် စွဲချက် ဒါဇင်ပေါင်းများစွာနဲ့  နှင်းဝေသီကို အမှုဖွင့်ထားကြပါတယ်။

နှင်းဝေသီကို လက်ပံတန်း မလွှဲပြောင်းခင် ရန်ကုန်မှာရှိတဲ့ ရဲစခန်းတွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီနောက် သူမကို အာမခံနဲ့ ပြန်လွှတ်မပေးမီ နှစ်ည ချုပ်ထားခဲ့ပါတယ်။

ဒီမှာ ရှင်တွေ့တာတွေ အားလုံးက ပေါင်ထားပြီးသားတွေ

နှင်းဝေသီကို သူမရဲ့ မိဘတွေရဲ့ နှစ်ထပ်အိမ်မှာ Frotier က ဇွန် ၃ဝ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ လူ ၅၅ ယောက်က သူတို့ ရင်းနှီးမြုပ်နှံပြီး ဆုံးရှုံးခဲ့တဲ့ ကျပ် သန်း ၉ဝဝ ကို ပြန်လည်ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူမကို အမှုဖွင့်ထားတယ်လို့ နှင်းဝေသီက ပြောပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်မ သူတို့ ပိုက်ဆံတွေကို ပြန်ပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ ပေးစရာ ဘာမှမရှိဘူး” လို့ သူမက ပြောပါတယ်။ သူမက ဖခင်ရဲ့ အိမ်နဲ့ တိုယိုတာတောင်းအေ့စ်ကားကို ညွှန်ပြရင်း ပြောခဲ့တာပါ။ သူမဟာ အရင်က အဝတ်အထည်နဲ့ လက်ဝတ်ရတနာတွေကို အွန်လိုင်းကနေ ရောင်းချခဲ့တယ်လို့ နှင်းဝေသီက ပြောပါတယ်။ နောက်ပိုင်းမှာတော့ တရားဝင်မဟုတ်တဲ့ အွန်လိုင်း ငွေစုငွေချေးအစီအစဉ်တွေကနေ စုငွေတွေ ရောင်းဝယ်မှုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်မှာ ဖုန်းကနေ အင်တာနက်ကြည့်ရင်း စီးပွားရေးလုပ်ငန်းအတွက် အခွင့်အလမ်းတွေ အများကြီးရှိတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် အွန်လိုင်းပေါ်က စီးပွားရေး လုပ်ကိုင်နည်းသစ်တွေကို စပြီး သင်ယူခဲ့ပါတယ်လို့ သူမက ပြောပါတယ်။ မိသားစုအတွက် သူမ၏ အွန်လိုင်းဆိုင်မှ ပုံမှန်ဝင်ငွေရသကဲ့သို့ မိသားစု၏ ခေါင်းလျှော်ရည်လုပ်ငန်းမှလည်း ပုံမှန်ဝင်ငွေရနေပါတယ်။ ဒါပေမယ့်လည်း သူမအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ အိပ်မက် အကောင်အထည် ပေါ်လာရေးအတွက်မူ ငွေကြေး လုံလောက်မှုမရှိခဲ့ဘူးလို့ နှင်းဝေသီက ပြောပါတယ်။

“ကျွန်မတို့က အဖေ့အိမ်မှာ နေနေကြပေမယ့် ကျွန်မတို့ ကိုယ်ပိုင်အိမ် ရှိချင်ပါတယ်။ အွန်လိုင်းမိတ်ဆွေတချို့ စုငွေတွေ ရောင်းဝယ် လုပ်တာကနေ ငွေရှာနေတယ်ဆိုတာ ကျွန်မသိတဲ့အခါကျတော့ ဒါဟာ ကိုယ်ပိုင်အိမ်ပိုင်ဖို့အတွက် လုံလောက်တဲ့ ငွေကိုရှာဖို့ အခွင့်အလမ်းတစ်ခုပဲလို့ ကျွန်မထင်ခဲ့ပါတယ်” လို့ သူမက ပြောပါတယ်။

နှင်းဝေသီက အွန်လိုင်း ငွေစုအစီစဉ်မှာ ပထမလေးကြိမ် ရင်းနှီးမြုပ်နှံတဲ့အခါ မျှော်လင့်ထားတဲ့အတိုင်း အမြတ်အစွန်းတွေ ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမက ဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဒီငွေစုအစီစဉ်နဲ့ မိတ်ဆက်ပေးခဲ့ပြီး နှစ်လအတွင်းမှာပဲ စုစုပေါင်း ကျပ်တစ်ဘီလျံအထိ ပမာဏရှိတဲ့ စုငွေတွေ စုဝေး ထုတ်ယူရာစနစ်တစ်ခု ဖြစ်လာပါတယ်။ “အဓိကအားဖြင့်တော့ ကျွန်မက သူငယ်ချင်းသုံးယောက်ဆီက စုငွေတွေ ဝယ်တယ်” လို့ သူမကပြောတယ်။ အဲဒီအမျိုးသမီး သုံးယောက်ရဲ့ အမည်ကိုလည်း ပြောပြပါတယ်။ ဒါပေမယ့် အဲဒီသူငယ်ချင်းတွေကို အွန်လိုင်းပေါ်မှာသာ သိကျွမ်းပြီး အပြင်မှာ လူချင်းမတွေ့ဘူးဖူးလို့ ဆိုပါတယ်။

သူမရယ်၊ သူမအမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေ မျှော်လင့်ထားတဲ့ အမြတ်ငွေကို ပထမဆုံးအကြိမ်အဖြစ် မရခဲ့တာက ဧပြီလထဲမှာ ဖြစ်တယ်လို့ နှင်းဝေသီက ပြောပါတယ်။ အဲဒီငွေပမာဏကတော့ ငွေစုအစီစဉ်တစ်ခုက ကျပ်သိန်း ၁ဝဝ တန် အစုတစ်ခု ဖြစ်တယ်လို့ နှင်းဝေသီက ဆိုပါတယ်။

“ကျွန်မတို့ အဲဒါကို အမျိုးသမီးသုံးဦးထဲက တစ်ဦးဆီကနေ ကျပ်သိန်း ၈ဝ နဲ့ ဝယ်ခဲ့တာပါ။ ပြန်ရရမယ့်အချိန်က ဧပြီ ၂၅ ရက်နေ့ပါ။ ဒါပေမယ့် အဲဒီအမျိုးသမီးက သူမလည်း သူမရဲ့ မဲဒိုင်ကို စောင့်နေတာပါလို့ ပြောပြီး ထပ်ကာထပ်ကာ အချိန်တွေ ဆွဲခဲ့တယ်” လို့ နှင်းဝေသီက ပြောပါတယ်။

ကြန့်ကြာမှုအတွက် မိတ်ဆွေတွေထံက ဒေါသတကြီးနဲ့ မကျေမနပ်ပြောဆိုမှုတွေကြောင့် နှင်းဝေသီဟာ ပဲခူးက အိမ်တစ်အိမ်မှာ ရက်သတ္တပတ် တစ်ပတ်ကြာ ပုန်းအောင်းနေခဲ့ရပါတယ်။ မေ ၂၅ ရက်နေ့မှာ ဖခင်ဖြစ်သူရဲ့ အိမ်ကို ပြန်လာတဲ့အခါမှာတော့ အယောက် ၅ဝ လောက်ရှိတဲ့ လူအုပ်ကြီး အိမ်အပြင်မှာ ရောက်နေတာ တွေ့ခဲ့ရပါတယ်။

ရဲကိုခေါ်ပြီး နှင်းဝေသီကို တရားစွဲဆိုဖို့ ပဲခူးမြို့မရဲစခန်းကို ပို့ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ လက်ပံတန်းနဲ့ ရန်ကုန်က မြို့နယ်သုံးခုက ရဲစခန်းတွေကို လွှဲပြောင်းပြီး တရားစွဲဆိုခဲ့ပါတယ်။ နှင်းဝေသီကလည်း အမျိုးသမီးသုံးဦးထဲက တစ်ဦးကို တရားစွဲဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ သူမက အဲဒီအမျိုးသမီးဆီကို ကျပ်သန်း ၁,ဝဝဝ လွှဲခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်မသူငယ်ချင်းတွေက ကျွန်မကို လိမ်လည်မှုနဲ့ တရားစွဲတဲ့အခါ ကျွန်မကလည်း အဲဒီအမျိုးသမီးကို တရားစွဲရမှာပါ” လို့ သူကဆိုပါသည်။ အဲဒီအမျိုးသမီးက လူလိမ်လားဆိုတာ သေချာမသိခဲ့ဘူးလို့လည်း သူကပြောပါတယ်။ “ကျွန်မက အလိမ်ခံရတဲ့သူတစ်ယောက်ပါ။ လေးလအတွင်းမှာ ကျွန်မရဲ့ ကိုယ်ပိုင်ငွေ ကျပ်သိန်း ၂ဝဝဝ လောက် ဆုံးရှုံးခဲ့တယ်။ ကျွန်မရဲ့ သူငယ်ချင်းတွေကတော့ ကျွန်မကို လူလိမ်လို့ ထင်မှာပဲ။ အဲဒီအမျိုးသမီးလည်း ဒီလိုအခြေအနေမျိုး ရင်ဆိုင်နေရလား ကျွန်မ မသိပါဘူး” လို့ နှင်းဝေသီက ပြောပါတယ်။

ပဲခူးမှာရှိတဲ့ နှင်းဝေသီရဲ့ မိသားစုအိမ်ကို Frontier က ဇွန် ၃ဝ ရက်နေ့က သွားရောက်စဉ်က သူတို့က သတိနဲ့သာ ကြိုဆိုခဲ့ကြပါတယ်။ မေ ၂၅ ရက်နေ့က အိမ်အပြင်ဘက်မှာ လူအုပ်တစ်ခုရောက်လာကတည်းက ကျွန်မတို့ ခြံဝန်းတံခါးကို အမြဲပိတ်ထားပါတယ်လို့ နှင်းဝေသီရဲ့ မိခင်ဖြစ်သူ ဒေါ်လှလှက ပြောပါတယ်။

သူမ ငွေလွှဲပေးခဲ့တယ်ဆိုတဲ့ အမျိုးသမီးရဲ့ဓာတ်ပုံကို မနှင်းဝေသီက ပြသခဲ့ပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

သူမ ငွေလွှဲပေးခဲ့တယ်ဆိုတဲ့ အမျိုးသမီးရဲ့ဓာတ်ပုံကို မနှင်းဝေသီက ပြသခဲ့ပါတယ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

အိမ်အပြင်ဘက်ကို လူအုပ်ကြီးရောက်လာမှသာ အွန်လိုင်းငွေကြေးလုပ်ငန်းမှာ သမီးဖြစ်သူ ပါဝင်နေတာကို သိရှိခဲ့ရတယ်လို့ ဒေါ်လှလှက ပြောပါတယ်။ “သမီးအဆင်ပြေနေတယ်လို့ပဲ ကျွန်မတို့က ထင်နေတာ။ သမီးက ကျွန်မတို့မသိဘဲ အိမ်တွေ၊ ကားတွေ ပေါင်ထားတယ်ဆိုတာ မေ ၂၅ ရက်နေ့ကမှ သိလိုက်ရတာ” လို့ ဒေါ်လှလှက ပြောပါတယ်။

“ဒီအိမ်နဲ့ ကားရဖို့ ကျွန်မတို့ တစ်သက်လုံး စုဆောင်းလာခဲ့ရတာကြောင့် ကျွန်မတို့ ထိတ်လန့် တုန်လှုပ်သွားပါတယ်။ ဒါပေမယ့် မိဘဆိုတော့လည်း ကိုယ့်သားသမီးကို အတတ်နိုင်ဆုံး အကာအကွယ်ပေးရမှာပေါ့” လို့ ဒေါ်လှလှက ဆိုပါတယ်။ ဒီလိုကာကွယ်မှုမှာ တရားဥပဒေအရ အရေးယူခြင်းလည်း ပါဝင်ပါတယ်။ ဒေါ်လှလှဟာ ပဲခူးက အလွတ်တန်း သတင်းထောက်တစ်ဦးကို ပဲခူးမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အဲဒီသတင်းထောက်ဟာ မေ ၂၇ ရက်နေ့တုန်းက မိသားစုခြံဝန်းထဲကို ပိုင်နက်ကျူးလွန် ဝင်ရောက်ပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

နောက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ စွဲဆိုဖို့အတွက် Facebook ပေါ်က ပို့စ်တချို့ရဲ့ ပုံရိပ်တွေကို မှတ်တမ်းအဖြစ် သိမ်းဆည်းနေတယ်လို့လည်း သူတို့က ပြောပါတယ်။

ပေါ့သေးသေးကိစ္စ မဟုတ်

စုငွေအစီစဉ်တွေကနေ လိမ်လည်တယ်လို့ စွပ်စွဲခံရတဲ့ တခြားအမှုများစွာလည်း မကြာသေးခင် လများအတွင်းက ပေါ်ထွက်လာခဲ့ပါတယ်။ အထင်ရှားဆုံးအမှုကတော့ ကျော်ကြားတဲ့ ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူဟာ စုငွေအစီစဉ်တစ်ခုကို ဖွဲ့စည်းပြီး အဲဒီအစီစဉ်မှာ ရင်းနှီးမြုပ်နှံကြတဲ့သူတွေဟာ ငွေတွေဆုံးရှုံးခဲ့ပါတယ်။

နေပြည်တော်က အသက် ၂၄နှစ်အရွယ် မမေသူရဲ့ ကိုယ်စားလှယ် ရှေ့နေတစ်ဦးက ဒိန်းပိုပိုဒေါင်လို့ လူသိပိုများတဲ့ မြတ်နိုးဦးကို သတိပေးတဲ့ အကြောင်းကြားစာတစ်ခုကို မေ ၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာတစ်စောင်မှာ ထည့်သွင်းခဲ့ပါတယ်။ အဲဒီစာမှာ ဧပြီ ၂၇ နဲ့ မေ ၁ ရက်နေ့အကြားမှာ မြတ်နိုးဦးဆီကို လွှဲပေးခဲ့တဲ့ ကျပ်သိန်း ၂၉ဝ ကို ပြန်ပေးဖို့ တောင်းဆိုထားပြီး ပြန်ပေးဖို့ ပျက်ကွက်ရင် တရားဥပဒေအရ အရေးယူမယ်လို့ သတိပေးထားပါတယ်။

“ဧပြီလထဲမှာ ကျွန်မ မြတ်နိုးဦးကို ပထမဆက်သွယ်တော့ တစ်စုံတစ်ခုမှားယွင်းမှုရှိရင် တာဝန်ယူမယ်လို့ သူက ပြောပါတယ်” လို့ မေသူက ဇွန် ၁၃ ရက်နေ့မှာ Frontier ကို ပြောပါတယ်။ နောက်ပြီး သူမ မကိုင်တွယ်နိုင်ဘူးဆိုရင် သူ့အဖေက သူ့ကို ကူညီမယ်လို့လည်း မြတ်နိုးဦးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပထမအကြိမ် ငွေပေးချေဖို့ ပျက်ကွက်ပြီးတဲ့နောက် အဆက်အသွယ်လုပ်တဲ့အခါ မြတ်နိုးဦးရဲ့ ဖခင် ဒိန်းဒေါင် (အမည်ရင်း ဦးတင်ဋ္ဌေး) က ဖုန်းကိုင်ခဲ့ပြီး ပိုက်ဆံရမှာမဟုတ်တဲ့အကြောင်း စီကာပတ်ကုံး ရှင်းပြခဲ့ပါတယ်။

အဲဒီနောက်တော့ ဒိန်းဒေါင်ရဲ့ ရှေ့နေက မေ ၂၈ ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာကနေ အသိပေးစာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာထံမှာတော့ သမီးဖြစ်သူရဲ့ ကိစ္စနဲ့ပတ်သက်လို့ သူ့မှာ တာဝန်မရှိဘဲ သမီး၏ အမှုနဲ့ပတ်သက်လို့ ဒိန်းဒေါင်ရဲ့အမည်ကို ဖော်ပြခဲ့လို့ရှိရင် ဥပဒေအရ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။ ဒီအသိပေးစာကို ပုံနှိပ်မီဒီယာမှာရော၊ လူမှုမီဒီယာမှာပါ ဖော်ပြခဲ့တာပါ။

မြတ်နိုးဦးနဲ့ သူ့ရဲ့ ဖခင်ကို Frontier က အကြိမ် အတော်များများ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ခဲ့ကြပါဘူး။

မေသူက သူ့ငွေတွေ ပြန်မရတဲ့အတွက် မြောက်ဥက္ကလာမြို့နယ် ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။ ရဲတွေက အမှုဖွင့်ပေးဖို့ ငြင်းဆိုခဲ့ပြီး တရားရုံးမှာသာ ဖွင့်ဖို့ ပြောကြားခဲ့ပါတယ်။ မြို့နယ်တရားရုံးက အမှုဖွင့်ပေးဖို့ လက်ခံလိုက်တဲ့နောက်မှာတော့ ရဲတွေက ဇူလိုင် ၇ ရက်နေ့မှာ အမှုဖွင့်ပေးခဲ့တယ်လို့ မေသူရဲ့ ရှေ့နေ ဦးနေစည်သူဇော်က ဇူလိုင် ၁၆ ရက်နေ့မှာ Frontier ကို ပြောပါတယ်။

ပင်လယ်စာလုပ်ငန်း လက်လီလက္ကား လုပ်ကိုင်သူ မေသူက “အခုချိန်ထိတော့ ပိုက်ဆံမြင်ရဖို့၊ ဒါမှမဟုတ် မြတ်နိုးဦးကို တရားစွဲဖို့ မျှော်လင့်ချက် နည်းနေသေးတယ်” လို့ ဆိုပါတယ်။ ဒီလိုအတွေ့အကြုံတွေ ရှိခဲ့ပေမယ့် သူမကတော့ ငွေစုတဲ့အစီအစဉ်တွေမှာ ဆက်ပါနေဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူချင်းသိတဲ့သူတွေနဲ့သာ လုပ်ဆောင်မှာဖြစ်ပြီး အွန်လိုင်းကနေတော့ ဘယ်တော့မှ မလုပ်တော့ဘူးလို့ ဆိုပါတယ်။ “ကျွန်မက ငွေကို ကိုယ့်ဘာသာကိုယ် မစုတတ်ဘူးလေ။ ဒါကြောင့် ဒီစနစ်က ကျွန်မတို့လို လူတွေအတွက်တော့ ကောင်းပါတယ်” လို့ သူမက ပြောပါတယ်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- အမှုပေါင်းများစွာကို ရင်ဆိုင်နေရတဲ့အပြင် သူမကိုယ်တိုင်လည်း ငွေတွေ ဆုံးရှုံးခဲ့တယ်ဆိုတဲ့ မနှင်းဝေသီ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar