ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာရေးသားသူ မစ္စယန်ဟီလီသည် ၎င်း၏ ၁၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိမည်ဖြစ်သည်။
ယခုခရီးစဉ်သည် လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး အစီရင်ခံစာရေးသားသူ ၎င်း၏ ပဉ္စမအကြိမ်မြောက် သတင်းအချက်အလက် စုဆောင်းမှုပြုလုပ်ရန် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၀ ရက်နေ့အထိ နေထိုင်မည်ဖြစ်သည်။
မကြာသေးမီက လူ့အခွင့်အရေးအခြေအနေ ဖြစ်ပေါ်တိုးတက်မှုများကို အကဲဖြတ်လေ့လာရန်အတွက် ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့အပြင် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဖားကန့်နှင့် လိုင်ဇာနှင့် ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောတို့သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ဖို့ နိုးကြားနေရမယ်ဆိုတာ မကြာသေးမီ လအနည်းငယ်အတွင်းက အဖြစ်အပျက်တွေက ပြသနေပါတယ်” မစ္စလီက ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
“ရခိုင်က အဖြစ်အပျက်တွေအပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ မြင့်တက်လာတာဟာ အရပ်သားတွေအပေါ် ရှောင်လို့မရတဲ့ ထိခိုက်မှုတွေနဲ့အတူ အစိုးရသစ်က ပထမနှစ်အတွင်းမှာ လုပ်ဆောင်နေတဲ့ ဦးတည်ချက်အပေါ် စိုးရိမ်စရာဖြစ်ပါတယ်” ဟုလည်း ၎င်းကပြောကြားသည်။
အစိုးရ၏ဖိတ်ကြားချက်အရ လာရောက်သည့် ခရီးစဉ်အတွင်း ၎င်းသည် အာဏာပိုင်များ၊ ပါဝင်ပတ်သက်သူများနှင့်အတူ ကျယ်ပြန့်သည့် လူ့အခွင့်အရေးပြဿနာများကို ကိုင်တွယ်မည် ဖြစ်သည်။ ပါဝင်ပတ်သက်သူများတွင် နိုင်ငံရေးနှင့် လူ့အသိုင်းအဝိုင်းခေါင်းဆောင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းကိုယ်စားလှယ်များအပြင် လူ့အခွင့်အရေးချိုးဖောက်ခံရသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအဖွဲ့ဝင်များလည်း ပါဝင်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့်အညီ မြန်မာတွင် လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့် အကဲဖြတ်နိုင်ရန် ၎င်း၏ ခရီးစဉ်မတိုင်မီ အစိုးရထံသို့ စံသတ်မှတ်ချက်များကို မစ္စယန်ဟီလီက အဆိုပြုထားသည်။
ခရီးအဆုံးတွင် စံသတ်မှတ်ချက်များအတွက် အစိုးရနှင့် အပြန်အလှန်သဘောတူညီမှုရရှိရန် ၎င်းက မေ ျှာ်လင့်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါစံများတွင် နည်းပညာအထောက်အကူနှင့် စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ဦးစားပေးနယ်မြေများ ပါဝင်မည်ဖြစ်သည်။
“အထူးကိုယ်စားလှယ်အနေနဲ့ ကျမရဲ့ အဓိကရည်မှန်းချက်က နိုင်ငံတွင်းမှာ လူ့အခွင့်အရေးမြင့်တင်ဖို့နဲ့ ကာကွယ်ဖို့အတွက် မြန်မာပြည်သူတွေ၊ အာဏာပိုင်တွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့ အမြဲရှိနေပါတယ်”ဟု ၎င်းကပြောသည်။
“အထူးသဖြင့်တော့ မြန်မာပြည်သူတွေအတွက် စစ်မှန်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ အပြောင်းအလဲဖြစ်စေဖို့ ကျွန်မရဲ့ခရီးစဉ်အတွင်း အပြုသဘောဆောင်တဲ့၊ ပွင့်လင်းတဲ့ အမြင်တွေကို အမြဲတမ်းဖလှယ်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံခရီးစဉ်အပြီးတွင် မစ္စယန်ဟီလီသည် ၎င်း၏ အစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ လာမည့်မတ်လတွင် တင်သွင်းမည်ဖြစ်သည်။