လူ့အခွင့်အရေးအကြောင်း လာစုံစမ်းတာမဟုတ်၊ ရခိုင်တွေဘက်ကိုလည်း မုချထည့်တွေးမည်-ကိုဖီအာနန်

ရန်ကုန်၊ စက်တင်ဘာ ၈

မကြာသေးမီက ဖွဲ့စည်းလိုက်သော ရခိုင်ပြည်နယ်ဆိုင်ရာ အရေးအကြံပေးကော်မရှင်သည် လူ့အခွင့်အရေး အခြေအနေ စုံစမ်းစစ်ဆေးသည့် အဖွဲ့မဟုတ်သလို၊ လူ့အခွင့်အရေး အစီရင်ခံစာ တင်မည့်အဖွဲ့လည်း မဟုတ်ကာ ရခိုင်ပြည်နယ်ရှိ အခြေအနေများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်သင့်သည်များကို အကြံပေးမည့်အဖွဲ့သာဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်က ယနေ့ ပြောကြားလိုက်သည်။

ကော်မရှင်ဖွဲ့စည်းပြီးနောက် အဖွဲ့ဝင်များ၏ ပထမဆုံး ရခိုင်ပြည်နယ် ကွင်းဆင်းခရီးစဉ်အပြီး ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ၎င်းက ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ဟာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကော်မရှင် မဟုတ်ပါဘူး။ လူ့အခွင့်အရေး အစီရင်ခံစာတင်မှာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီမှာလုပ်ဆောင်မှာက စုံစမ်းစစ်ဆေးမယ်တို့၊ ရဲတွေလုပ်သလိုမျိုး စိစစ်တာမျိုး မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ယခင်က ကုလသမဂ္ဂ၏ ကိုယ်စားလှယ်များ လာရောက်စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာ ပြန်လည် တင်သွင်းရာတွင် မြေပြင်အခြေအနေနှင့် ကင်းကွာမှုများပါဝင်ခဲ့သည်ဟု စွပ်စွဲမှုများရှိသဖြင့် ယခုကော်မရှင်၏ အခြေအနေကို မေးခွန်းထုတ်ကြရာတွင် ၎င်းက ထိုသို့တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ အကူအညီပေးခြင်း ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ မြန်မာကော်မရှင်ပါ။ ကျွန်တော်တို့က နိုင်ငံတကာအပိုင်းကဏ္ဍပါဝင်အောင် ဆောင်ရွက်ပေးတာသာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒပြခြင်း၊ ပြည်နယ်အတွင်း နေရာအများစု အနိုင်ရထားသော ရခိုင်အမျိုးသားပါတီက ကန့်ကွက်ခြင်းနှင့် လွှတ်တော်တွင် ကော်မရှင်ဖျက်သိမ်းပေးရန် အဆိုတင်မှုများ ရှိနေခြင်းနှင့်ပတ်သက်၍လည်း ၎င်း၏အမြင်ကိုလည်း ဖွင့်ဟသွားခဲ့သည်။

“လူ့အဖွဲ့အစည်းအတွင်းမှာ၊ ရပ်ရွာအသိုက်အဝန်းတွေအတွင်းမှာ နိုင်ငံတကာက လူတွေက တဖက်သတ် ဖြစ်နိုင်တယ်။ ရိုဟင်ဂျာပေါ်လာတာလည်း နိုင်ငံတကာကြောင့်ဆိုတာမျိုး အမြင်တွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာကသူတွေဆိုရင် ရခိုင်တွေရဲ့အကျိုးစီးပွားကို ထည့်စဉ်းစားချင်မှ စဉ်းစားမယ် ဆိုတာမျိုး အမြင်တွေ ရှိနိုင်ပါတယ်။ သို့သော် ကျွန်တော်ပြောနိုင်တာကတော့ ကော်မရှင်က ရခိုင်တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားကို မုချထည့်သွင်း စဉ်းစားမယ်လို့ ပြောချင်ပါတယ်” ဟု ကိုဖီအာနန်က ပြောကြားသွားသည်။

“ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ အားလုံးကော၊ တစ်နိုင်ငံလုံးကော အကျိုးရှိမယ့်အဆိုပြုချက်တွေ ဖြစ်အောင် ကြိုးစားသွားပါမယ်။ ဒါဟာ ကျွန်တော်တို့ တာဝန်ဖြစ်ပါတယ်။ အဲဒီအတိုင်း ကျွန်တော်တို့ အောင်မြင်အောင် ဆောင်ရွက်သွားပါမယ်”ဟုလည်း ၎င်းက ကတိပြုခဲ့သည်။

ကော်မရှင်နှင့်ပတ်သက်၍ တွန့်ဆုတ်နေသူများအနေနှင့် ကော်မရှင်နှင့် လာရောက်တွေ့ဆုံရန် မစ္စတာ အာနန်က ဖိတ်ခေါ်ခဲ့ပြီး သူတို့ကော်မရှင်သည် တတ်နိုင်သမျှ လူများများနှင့်တွေ့ဆုံလိုပါကြောင်းကို သတင်းစကားပါးခဲ့သည်။

“ရိုဟင်ဂျာ” ဟု သုံးစွဲခြင်းသည်သည် အခြေအနေကို ပြင်းထန်သွားစေတတ်သဖြင့် မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားဖူးသော်လည်း မစ္စတာအာနန်ကမူ ယင်းဝေါဟာရကို မကြာသေးမီက အခမ်းအနားများ၊ ရှင်းလင်းပွဲများတွင် သုံးစွဲခဲ့ဖူးသဖြင့် ၎င်းအား သတင်းထောက်များက မေးခွန်းထုတ်ခဲ့ကြသေးသည်။

၎င်းကမူ သူ့အားဒေါ်အောင်ဆန်းစုကြည်က သုံးပါ၊ မသုံးပါ မေတ္တာရပ်ခံထားခြင်း မရှိကြောင်းပြောကြားခဲ့ပြီး “ရခိုင်မှာက လူ့အဖွဲ့အစည်းနှစ်ခု ရှိနေပါတယ်။ ကော်မရှင်အနေနဲ့က ဒီနှစ်ခုလုံး အဆင်ပြေအောင် သုံးစွဲပြီး ခေါ်ဝေါ်ရတာဖြစ်ပါတယ်။ ဒီမှာက ရိုဟင်ဂျာတို့၊ ဘင်္ဂါလီတို့ဆိုတဲ့ ဝေါဟာရတွေက စိတ်ခံစားမှုကို ပြင်းထန်စေတဲ့ ဝေါဟာရတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကနေ ရလာမယ့်ရလဒ်တွေမှာ ကျွန်တော်တို့ မျှော်လင့်တာကတော့ တင်းမာမှုတွေ လျော့ပါးသွားပြီးတော့ အဲဒီ ဝေါဟာရနဲ့ပတ်သက်တဲ့ တင်းမာမှုကိုပါ လျော့ပါးသွားဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

မစ္စတာအာနန်က ၎င်းတို့သည် ရခိုင်ကိစ္စနှင့်ပတ်သက်၍ အစိုးရအား အကြံပေးမည်သာဖြစ်ပြီး “ဆရာလုပ်မည့်အဖွဲ့မဟုတ်”ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၎င်းနှင့် ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၈ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သမ္မတဦးထင်ကျော်တို့နှင့်ပါ တွေ့ဆုံခဲ့ရာတွင် နှစ်ဦးလုံးက ကော်မရှင်အား ထောက်ခံသွားမည်ဟု ကတိပေးခဲ့ကြောင်း မစ္စတာအာနန်ကဆိုသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar