လူဦးရေ ၃,၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံမြေပုံ ပုံဖော်ပြီး ကမ္ဘာ့စံချိန်သစ်တင်နိုင်ရေး ကြိုးပမ်းမှုကို ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့အစည်းက အတည်ပြုပေးလိုက်သောကြောင့် ဂင်းနစ်စံချိန်သစ်တစ်ခုအဖြစ် တင်နိုင်ခဲ့ပြီဖြစ်သည်။
တယ်လီနောမြန်မာက ဦးဆောင်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂) က မကွေးမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါကြိုးပမ်းမှုတွင် တက္ကသိုလ်နှင့် ကောလိပ် ကျောင်းသူ ကျောင်းသားများ၊ ဒေသခံများနှင့် တယ်လီနောဝန်ထမ်းများ စုစုပေါင်း ၃,၄၆၆ ဦးက စတုရန်းပေ ၂၄,၈၀၄ အကျယ်အဝန်းရှိ မြန်မာနိုင်ငံမြေပုံကို စုပေါင်း ပုံဖော်ခဲ့ကြခြင်းဖြစ်သည်။
“ဒီလို စံချိန်သစ်တင်နိုင်ခဲ့ ကြိုးပမ်းမှုက ပြည်ထောင်စုနေ့ကို အထူးဂုဏ်ပြုတဲ့ပွဲလည်း ဖြစ်သလို ပြည်သူအများရဲ့ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ လူငယ်တွေအများစု ပါဝင်တဲ့ လူပေါင်း ထောင်နဲ့ချီပြီး ကျွန်တော်တို့ မြန်မာနိုင်ငံ မြေပုံကြီးကို အတူတကွ လက်တွဲလို့ပုံဖော်ကြတာကို မြင်ရတဲ့အချိန်က တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းသလို ဂုဏ်ယူစရာလည်း ကောင်းပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒေသဆိုင်ရာစီးပွားရေးတာဝန်ခံ ဦးရေချမ်းက တယ်လီနော၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ဓာတ်ပုံ-တယ်လီနောမြန်မာ
ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း (GUINNESS WORLD RECORDS) ၏ အတည်ပြုချက်အရ ၂၀၁၆ ခုနှစ်က ယူကေနိုင်ငံတွင် Belron International က ဦးဆောင်ကာ လူပေါင်း ၈၁၁ ယောက်ဖြင့် အာဖရိကတိုက်ပုံ ဖော်ခဲ့သည့်စံချိန်ကိုချိုးရန် မြန်မာနိုင်ငံက ကြိုးပမ်းရာတွင် အတိအကျ လိုက်နာရန်လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး တရားဝင် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြထားသည်။
အဆိုပါ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်သည် မြန်မာနိုင်ငံအတွက် လူအများ၏ ပါဝင်မှုဖြင့် ကြိုးပမ်းခဲ့သော ပထမဆုံးစံချိန်လည်း ဖြစ်သည်ဟုဆိုသည်။
ယခင်က ရယူခဲ့ဖူးသည့် ကမ္ဘာ့စံချိန်များမှာ တစ်သီးပုဂ္ဂလနှင့်သာ သက်ဆိုင်သော စံချိန်များဖြစ်ပြီး အထင်ရှားဆုံးမှာ မှတ်ဉာဏ် အကောင်းဆုံးလူပုဂ္ဂိုလ်ဖြစ် ၁၉၈၅ ခုနှစ်က စံချိန်တင်ခဲ့သော မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရ ဖြစ်သည်။