လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးကို ရခိုင်အမျိုးသားပါတီ တရားစွဲ

မြန်မာနိုင်ငံသား ဖြစ်ခွင့်မရှိသည့် အမျိုးသမီးတစ်ဦးအား နိုင်ငံသား ဖြစ်ခွင့်ပေးလိုက်သည်ဟုဆိုကာ ရခိုင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးကို ရခိုင်အမျိုးသားပါတီ (ANP) က အမှုဖွင့်ထားကြောင်း သိရသည်။

၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအရ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မောင်တောဒေသ၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် လူဝင်မှုကြီးကြပ်ရေး ညွန်ကြားရေးမှူး ဦးဝင်းလွင်သည် မမြနန္ဒာခင်ဆိုသည့် အမျိုးသမီးအား နိုင်ငံသားဖြစ်ခွင့်ပေးလိုက်သည်ဟု ANP ပါတီ၊ စစ်တွေမြို့နယ်မှ အတွင်းရေးမှူး ဦးအောင်သန်းဝေက Frontier ကို ပြောသည်။

မမြန္ဒာခင်၏ မိဘနှစ်ဦးသည် နိုင်ငံသားမဖြစ်သေးကြောင့် ဥပဒေအရ ၎င်းမှာလည်း နိုင်ငံသားဖြစ်ခွင့်မရှိသဖြင့် ဦးဝင်းလွင်သည် နိုင်ငံသားဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သန်းဝေကပြောသည်။

ထို့ကြောင့် ဦးဝင်းလွင်ကို နိုင်ငံသားဖြစ်မှု ဥပဒေပုဒ်မ ၁၉ အရ ဦးအောင်သန်းဝေက တရားလိုပြုလုပ်ကာ စစ်တွေမြို့မရဲစခန်းတွင် စက်တင်ဘာ ၃ ရက်နေ့တွင် အမှုဖွင့်လှစ်ခဲ့ကာ အဆိုပါနေ့တွင်ပင် ရဲစခန်းက အမှုကို လက်ခံခဲ့သည်ဟု သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ သဘောထား ဆုံးဖြတ်ချက်အရ ၎င်းကိုယ်တိုင် တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဦးအောင်သန်းဝေက ပြောသည်။

ဦးဝင်းလွင်၏ လုပ်ရပ်များနှင့် ပတ်သက်၍ ၎င်းတို့ထံတွင် သက်သေ အထောက်အထားများ ရရှိထားကြောင်းလည်း ၎င်းကပြောသည်။

စစ်တွေမြို့မရဲစခန်းမှ စခန်းမှူးရန်နိုင်လတ်က အမှုကိုလက်ခံထားသည်ဟု အတည်ပြုခဲ့ပြီး ဦးဝင်းလွင်ထံ အကြောင်းကြားထားပြီးဖြစ်ကြောင်းနှင့် အမှုကိစ္စကို ဆက်လက်ကိုင်တွယ်ရန် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နေသည်ဟု Frontier ကို ပြောကြားသည်။

ဦးဝင်းလွင်၏ သဘောထားရယူရန် Frontier က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

အစိုးရ၏ ရက် ၁၀၀ စီမံချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရက စတင်ဆောင်ရွက်ခဲ့ပြီး ပြည်နယ်တွင်း ကန့်ကွက်မှုများကြောင့် ရပ်နားထားခဲ့သည့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို ပြန်လည်စတင်ခဲ့သည်။

အဖြူရောင်ကတ်ဟုခေါ်သည့် ယာယီနိုင်ငံသားကတ်များကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ရာ မြန်မာနိုင်ငံအနှံရှိ အဆိုပါကတ် ကိုင်ဆောင်ထားသူ တစ်သန်းခန့် အထောက်အထားမဲ့ ဖြစ်သွားခဲ့ရသည်။ ၎င်းတို့အနက် အများစုမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဟုလည်းခေါ်ဆိုကြသည့် ဘင်္ဂါလီများကို ထုတ်ပေးထားခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်မှ အဖြူရောင်ကတ် ကိုင်ဆောင်ခဲ့သူ ၃၀ ဦးအား နိုင်ငံသား စိစစ်ရေး ရှေ့ပြေးစီမံကိန်းအတွက် ဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့ရာ ယခုအမှုတွင် ပါဝင်နေသည့် အမျိုးသမီးလည်း အပါအဝင်ဖြစ်သည်။ အဆိုပါစီမံကိန်းကိုလည်း ANP က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar