အခြေခံ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ကျန်းမာရေးတက္ကသိုလ်နဲ့ သင်တန်းကျောင်းဆင်း ဝန်ထမ်းတွေက သူတို့ကို ပညာသင်ကြားခွင့်၊ ရာထူးအခွင့်အလမ်းနဲ့ ဥပဒေကြောင်းအရ အကာအကွယ်တွေ အပြည့်အဝပေးဖို့ ဖဲကြိုးပြာလို့အမည်ပေးထားတဲ့ လှုပ်ရှားမှုပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
“နေရာလေးရချင်လို့ ရာထူးလေးရချင်လို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ဒီလှုပ်ရှားမှုကို လုပ်ခဲ့ကြတာ မဟုတ်ပါဘူး” လို့ ဖဲကြိုးပြာလှုပ်ရှားမှု၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ဦးက သြဂုတ် ၁၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ဗဟိုအဆင့် တွေ့ဆုံပွဲအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးက ရရှိလာတဲ့ သဘောထားတွေကို ဒေသအသီးသီးမှ ကိုယ်စားလှယ်တွေက နေပြည်တော်မှာ သြဂုတ် ၁၃ နဲ့ ၁၄ ရက်နေ့တွေက နှစ်ရက်ကြာတွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်မှာတော့ ကျန်းမာရေးမှူးအမည် အခေါ်အဝေါ်၊ ရာထူးနှင့် ဘွဲလွန်ပညာ ဆက်လက်သင်ကြားမှု အခွင့်အလမ်း အပြည့်အဝ ရရှိရေး၊ အပြောင်းအရွှေ့ကိစ္စရပ်များကို တိကျသောမူဝါဒများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရေးနဲ့ ဥပဒေကြောင်းအရ အကာအကွယ်ပေးရေး စတာတွေ ပါဝင်ပါတယ်။
“ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဘာတွေမှားနေလဲ။ ဘာတွေ အားနည်းချက်ရှိနေလဲ။ အခြေခံကျန်းမာရေး စောင့်ရှောက်ပေးနေတဲ့ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်မှာ ဘာတွေလိုအပ်ချက်ရှိနေလဲ ဆွေးနွေးပြီးတဲ့အခါမှာ ဗဟိုအဆင့် သဘောထားထုတ်ပြန်ချက် ရရှိခဲ့ပါတယ်” လို့ ဗဟိုအဆင့် ဥက္ကဋ္ဌ ဦးအောင်ချိုက ဆိုပါတယ်။
ဖဲကြိုးပြာလှုပ်ရှားမှုဦးဆောင်သူတွေကတော့ အစည်းအဝေးတွေကနေ ရရှိထားတဲ့ တောင်းဆိုချက်တွေကို သူ့ဆီတင်ပြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ အမှာစကားကိုလည်း ရရှိထားတယ်လို့ ဆိုပါတယ်။
တောင်းဆိုချက်တွေမရရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းကိုတော့ လတ်တလော မဖြေဆိုနိုင်သေးပဲ ဗဟိုကော်မတီမှာ ဆွေးနွေးပြီးမှ သိနိုင်မယ်လို့ ဖဲကြိုးပြာလှုပ်ရှားမှု ဦးဆောင်သူတွေက ပြောတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဇူလိုင် ၂၅ ရက်နေ့က စတင်တဲ့ ဒီလှုပ်ရှားမှုကို ထောက်ခံ လက်မှတ်ရေးထိုးသူ ၃,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း