လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံသို့ ရောင်းချနိုင်ရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ယခုရက်သတ္တပတ်အတွင်း လက်မှတ်ရေးထိုးရန် သဘောတူထားသည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
“လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀ ကနေ ၂၀၀ အထိ ဝယ်ယူဖို့ မြန်မာနိုင်ငံက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် ဒါက သူတို့ရဲ့ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုရလဒ်တွေအပေါ်မှာ မူတည်နေပါတယ်” ဟု လာအိုနိုင်ငံ၊ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနရုံး အကြီးအကဲဖြစ်သူ Daovong Phonekeo က Vientiane Times သို့ ပြောကြားချက်ကို ကိုးကားကာ ဆင်ဟွာက ရေးသားထားသည်။
“ဒီအစီအစဉ်အရ ဘယ်အချိန်မှာ စတင်ရောင်းချမယ်ဆိုတာနဲ့ ဘယ်ဈေးနဲ့ ကျွန်တော်တို့ ရောင်းချမယ်ဆိုတာကို လက်ရှိအချိန်မှာတော့ မသိသေးပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လာအိုက ၎င်း၏ တောင်ပိုင်း လျှပ်စစ်ဓာတ်အား ကွန်ရက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ပေးပို့ သွားမည်ဖြစ်ရာ မြန်မာနိုင်ငံက ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
“စီစဉ်ထားတဲ့အတိုင်း တိုးတက်မှု ရရှိလာတယ်ဆိုရင် ဒီနှစ်အကုန်ပိုင်း၊ ဒါမှမဟုတ် နောက်နှစ်အစောပိုင်းမှာ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်” ဟု Daovong က ပြောကြားသည်။
လက်ရှိအချိန်တွင် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၄ မဂ္ဂါဝပ်မှ ၅ မဂ္ဂါဝပ်အထိသာ မြန်မာနိုင်ငံက ဝယ်ယူနေသည်။
လက်ရှိအချိန်တွင် လာအိုနိုင်ငံက စက်ရုံ ၄၆ ရုံမှ လျှပ်စစ်ဓာတ်အား ၆,၇၅၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၁၀,၀၀၀ မဂ္ဂါဝပ်နှင့် ၂၀၃၀ ပြည့်နှစ်တွင် ၂၀,၀၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် မျှော်လင့်ထားသည်။ ထိုပမာဏသည် ပြည်တွင်းသုံးဆွဲမှုထက် များစွာ ပိုလျံနေပြီး ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား အများစုကို ထိုင်းနိုင်ငံသို့ ရောင်းချနေသည်။