လက်ရှိအစိုးရသက်တမ်းအတွင်း ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်

ပုဂံ၊ ဇန်နဝါရီ ၂၄

ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းနိုင်ရေးအတွက် ယခုအစိုးရသက်တမ်းအတွင်း အပြီးသတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ်က ပြောကြားလိုက်သည်။

ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းရန် ၁၉၉၆ ခုနှစ်တွင် မြန်မာအစိုးရက ကြိုးပမ်းခဲ့ဖူးသော်လည်း ပယ်ချခံခဲ့ရသည်။

ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုး ၂,၀၀၀ ကျော်ရှိနေကာ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရန် ထိုစဉ်က မြန်မာကို အုပ်ချုပ်နေသည့် စစ်အစိုးရက ကြိုးစားခဲ့ဖူးသော်လည်း ထိုစဉ်က ရှေးဟောင်း စေတီပုထိုးများကို စနစ်မကျသည့် ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် စာရင်းမသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရလက်ထက်က ပြင်ဆင်မှုများမှာ ခေတ်ပေါ် ပစ္စည်းများကိုသုံးပြီး အလျင်အမြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အချို့သော စေတီပုထိုးများ၏ မူလဒီဇိုင်းကို ပြောင်းလဲသွားစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုကျော်က မအောင်မြင်ခဲ့သည့် အဆိုပါစီမံကိန်းကို ကမ္ဘာ့အမွေအနှစ် ကော်မတီထံသို့ ယခုနှစ်လည်ပိုင်းတွင် ထပ်မံတင်သွင်းရန် မြန်မာအစိုးရဘက်က စီစဉ်နေခြင်းဖြစ်သည်။

ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်ရန်အတွက် လျောက်ထားမှုနှင့် စစ်ဆေးမှုသည် အနည်းဆုံး သုံးနှစ်ခန့် ကြာမြင့်မည်ဖြစ်သဖြင့် ၂၀၁၉ ခုနှစ် သို့မဟုတ် ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်လာနှိုင်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ် ဦးကျော်ဦးလွင်က ပုဂံဒေသသို့ ယနေ့ ရောက်ရှိလာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း ရှင်းလင်းစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပျူမြို့ဟောင်းများသည် ကုလသမဂ္ဂ ပညာရေးသိပ္ပံ နှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ၏ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့် ရှေးဟောင်းမြို့ဟောင်းများ ဖြစ်သည်။

ကိုးရာစုမှ ၁၃ ရာစုခေတ် စေတီပုထိုးများကြောင့် ကျော်ကြားသည့် ပုဂံသည် ပြည်တွင်း ပြည်ပ ခရီးသွားများကို အဓိက ဆွဲဆောင်သည့် ယဉ်ကျေးနမှုနယ်မြေတစ်ခုဖြစ်ခဲ့သည်။ ပြီးခဲ့သည့် သုံးနှစ်အတွင်း ပုဂံသို့ ကမ္ဘာလှည့်ခရီးသည် ခုနစ်သိန်းခွဲခန့် လာရောက်ခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသရှိ စေတီပုထိုး အများအပြား ထိခိုက်ပျက်စီးခဲ့သေးသည်။

ယခုအခါ စေတီပုထိုးများကို ပြင်ဆင်နေရေးအတွက် မြန်မာအစိုးရက ယူနက်စကိုနှင့် ပူးပေါင်းကာ စီစဉ် ဆောင်ရွက်နေသည်။

ပထမအဆင့် ဦးစားပေး စေတီပုထိုး ၄၁ ဆူအား ပြုပြင်မွမ်းမံရေးလုပ်ငန်းသည် နှစ်နှစ်ခန့်ကြာမည်ဟု ခန့်မှန်းထားသည်။

ပျက်စီးသွားသည့် စေတီပုထိုး ၄၅၃ ဆူအား ပြင်ဆင်မွမ်းမံမှုမှာ အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျဖွယ်ရှိသည်ဟု အေအက်ဖ်ပီ သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar