လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ စက်ယန္တယားကြီးများအား ပြီးခဲ့သည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- တေဇလှိုင်
ရန်ကုန်၊ ဖေေဖော်ဝါရီ ၁၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ထုတ်လုပ်မှုများကို လာမည့် မေလတွင် စတင်တော့မည်ဟု အဆိုပါ စီမံကိန်းကို လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
ဒေသခံများနှင့် ပဋ္ဋိပက္ခဖြစ်ပွားနေသည့် စီမံကိန်းတွင် ကြေးနီထုတ်လုပ်မှုများ စတင်တော့မည်ဆိုပါက အစိုးရသစ်အတွက် ပထမဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်သည်။
မုံရွာမြို့နယ်ရှိ အဆိုပါ ကြေးနီစီမံကိန်းတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဒေသခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် အာဏာပိုင်များအကြား ပဋ္ဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းမှုများရှိခဲ့သဖြင့် ဒေသခံများအကြားတွင် တရုတ်မုန်းတီးရေး စိတ်ဓာတ်များလည်း ပေါ်ပေါက်နေသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသည် ဧပြီ ၁ ရက်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် လက်ရှိအစိုးရထံမှ အာဏာလွှဲပြောင်း ရယူတော့မည်ဖြစ်သည်။ ထို့ကြောင့် အစိုးရသစ်တက်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် အငြင်းပွားဖွယ် စီမံကိန်း ပြန်လည်စတင်ဖွယ်ရှိနေသည်။
အဆိုပါ စီမံကိန်းကို တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ဗဏီနှင့် တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်သည်။
“ထုတ်လုပ်မှုတွေကို မေလမှာ စတင်နိုင်ပြီ ဖြစ်ပါတယ်” ဟု ဝမ်ပေါင်မှ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါင်ယွန်ဖန်က ပြောသည်။
“အစိုးရသစ်လက်ထက်မှာ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့ စတင်မှာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
သို့သော် ဒေသခံများနှင့် ပြဿ နာအချို့ ရှိနေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
“တချို့တွေက တစ်ခါတလေ ဆန္ဒပြကြတယ်။ ပြဿ နာတွေကို ဘယ်လိုဖြစ်ရှင်းရမလဲဆိုတာက အစိုးရအလုပ်ဖြစ်ပါတယ်။ အစိုးရကပဲ ဒါတွေ ဖြေရှင်းနိုင်မှာပါ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
၂၀၁၂ ခုနှစ်တွင် ဆန္ဒပြသူများ၏ စခန်းများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွင်းရာတွင် ရဟန်းတော်များအပါအဝင် လူအများအပြား မီးလောင်ဒဏ်ရာများ ရရှိပြီးနောက် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ တူးဖော်ရေးလုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်က စီမံကိန်းလုပ်ငန်းများ ပြန်လည်စတင်ရန် အကြံပြုခဲ့သဖြင့် ဝေဖန်မှုများလည်း ခံခဲ့ရသည်။
ဝမ်ပေါင်ကမူ ၎င်းတို့သည် အမှားအယွင်းတစ်စုံတရာ ပြုလုပ်ထားခြင်းမရှိဟု ငြင်းဆိုခဲ့သည်။ ပြီးခဲသည့်နှစ်က မြန်မာနိုင်ငံက အခွန်အခ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ရရှိခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
သို့ရာတွင် ဆန္ဒပြမှုများလည်း ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် ဆန္ဒပြမှုများ ထပ်မံဖြစ်ပွားကာ တက်ကြွလှုပ်ရှားသူအချို့လည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။
သတင်း- အေအက်ဖ်ပီ