ကွာလာလမ်ပူ၊ သြဂုတ် ၁၄
အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းက စင်ကာပူအသင်းအား အနိုင်ရရှိခဲ့သည့်အတွက် လက်ကျန်ပွဲစဉ်များ အနိုင်ရရှိရန် ယုံကြည်မှု ပိုမိုရရှိလာခဲ့သည်ဟု မြန်မာ ယူ-၂၂ အသင်း၏ နည်းပြချုပ်က ပြောကြားခဲ့သည်။
“ဒီနေ့ အဖွင့်ပွဲနိုင်တော့ ဝမ်းသာပါတယ်။ ဒါက လာမယ့်ပွဲတွေအတွက် အားလုံး ယုံကြည်မှု ပိုဖြစ်စေပါတယ်။ ခြေစွမ်းအရ ဒီနေ့ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ ဘောလုံး ပေးပို့မှုအချို့ မှားယွင်း နေပါသေးတယ်။ စင်ကာပူအသင်းလည်း အကောင်းဆုံး ကြိုးစားသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စင်ကာပူက ဖိအားပေးနိုင်ခဲ့ပါတယ်” ဟု နည်းပြချုပ် ဂတ်ဆီဇီက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာနှင့် စင်ကာပူတို့သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ယနေ့မွန်းလွဲပိုင်းက ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ကာ မြန်မာက စင်ကာပူကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းအတွက် ဂိုးများကို အောင်သူက ပွဲချိန် ၄၅ မိနစ်နှင့် မိနစ် ၆၀ တွင် တစ်ဦးတည်း သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
စင်ကာပူအသင်းအနေဖြင့် ပထမပိုင်းတွင် အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းခဲ့ကာ မြန်မာအသင်းက တစ်ကွင်းလုံး လွတ်လွတ်လပ်လပ် လှည့်ပတ်ကစားသွားသည်ဟု စင်ကာပူအသင်းခေါင်းဆောင် Irfan Fandi Ahmad က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ မလေးရှားနဲ့ ယှဉ်ပြိုင်ရမယ့် နောက်ပွဲစဉ်မှာ နည်းစနစ်အသစ် ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
သြဂုတ် ၁၆ ရက်နေ့တွင် မြန်မာအသင်းက လာအိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ စင်ကာပူက အိမ်ရှင်မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းအနေဖြင့် နောက်ကစားရမည့် ပွဲများအား အာရုံစိုက်ကစားသွားမည်ဟု ဂတ်ဆီဇီကပြောကြားသည်။
000_rk3xb.jpg
title=
“ဆီမီးဖိုင်နယ်ကိစ္စ မပြောချင်သေးပါဘူး။ ဒါက အဝေးကြီး လိုပါသေးတယ်။ နောက်ကစားရမယ့် ပွဲကိုပဲ အာရုံစိုက်မှာပါ” ဟု ၎င်းက ဆိုသည်။
ယနေ့ပွဲစဉ်သို့ စင်ကာပူနှင့် မလေးရှားရောက် မြန်မာများ လာရောက်အားပေးကြပြီး ပရိသတ်ဦးရေ ၄,၀၀၀ ခန့်ရှိသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
“ပရိသတ် လာအားပေးတာ မအံ့သြပါဘူး။ မြန်မာပရိသတ်တွေက မြန်မာအသင်းကို ချစ်ပါတယ်။ ဘယ်မှာပဲ ကန်ပါစေ အချိန်တန်ရင် ကွင်းထဲရောက်လာကြမှာပါ” ဟု ဂတ်ဆီဇီက ပြောကြားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းနှင့် ဥက္ကဋ္ဌ ဦးဇော်ဇော်တို့အပြင် ဦးတေဇလည်း ယနေ့ပွဲကို လာရောက်အားပေးခဲ့ကာ ပွဲအပြီးတွင် မြန်မာအသင်းအတွက် အမေရိကန်ဒေါ်လာ ငါးသောင်းအား ပေးအပ် ချီးမြှင့်ခဲ့သည်ဟု ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။