TNLA တပ်ဖွဲ့ဝင်များကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ/ရဲအောင်သူ
တိုင်းရင်းသားအဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲများ ဖြစ်သော်လည်း ပြည်သူလူထုအား ထိခိုက်လာသည့်အတွက် တိုက်ပွဲများ ရပ်တန့်သွားရန် တပ်မတော်က နယ်မြေရှင်းလင်းနေခြင်းဖြစ်သည်ဟု ကာကွယ်ရေး ဒုဝန်ကြီးက ပြောကြား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က စတင်ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်သွားရေးအတွက် တပ်မတော်က နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နိုင်က ပြည်သူ့လွှတ်တော်တွင် ယနေ့ ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်၌ လက်မှတ်ထိုးထားသော RCSS နှင့် လက်မှတ်မထိုးရသေးသော TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
“၂၀၁၆၊ ဖေဖော်ဝါရီ ၇ ရက်နေ့က စပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း ဖြစ်ကြတဲ့ တိုက်ပွဲတွေပါ။ မြေပြင်သတင်းများအရ သက်ဆိုင်ရာအဖွဲ့ အောက်ခြေပိုင်းနဲ့ခေါင်းဆောင်ပိုင်းတွေမှာ အကြိမ်ကြိမ် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ တပ်မတော်အနေနဲ့ တိုင်းရင်းသားအဖွဲ့အချင်းချင်း ဖြေရှင်းမှုအပေါ် စိတ်ရှည်စွာ အချိန်ယူ စောင့်ဆိုင်းနေသော်လည်း ယခုရက်ပိုင်းအတွင်းမှာ ကျေးရွာလူထုနဲ့ ဘာသာရေးအဖွဲ့အစည်းဝင်များကိုပါ ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိလာတဲ့အတွက် တပ်မတော်က ကျောက်မဲမြို့နယ်အတွင်း ရောက်နေတဲ့ RCSS ကို သတိပေး ကန့်ကွက်ပြီး နယ်မြေအတွင်းက ပြန်လည် ထွက်ခွာစေခြင်း၊ နယ်မြေ ရှင်းလင်းခြင်းများကို ဖေဖော်ဝါရီ ၁၁ ရက်က စပြီး ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်မြင့်နိုင်က ပြောသည်။
ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ်အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ပြည်သူများ စစ်ဘေးသင့်ပြီး လူမှုဒုက္ခများ ကြုံတွေ့နေရသဖြင့် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ကျောက်မဲ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၏ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးတို့က ထိုအဆိုကို ယနေ့ ထောက်ခံ ဆွေးနွေးကြစဉ် ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တပ်မတော်က ဖေဖော်ဝါရီ ၁၁ ရက်က စပြီး နယ်မြေရှင်းလင်းခဲ့ရာမှာ နှစ်ဘက် လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒေသခံပြည်သူတွေထဲက စစ်ဘေးကြောင့် နေရပ်စွန့်ခွာသူဦးရေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ မြေပြင် သတင်းများအရ ၃,၆၂၄ ဦး ရှိတယ်လို့ သိရပါတယ်” ဟုလည်း ဗိုလ်ချုပ်မြင့်နိုင်ကပြောကြားသည်။
ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေသော ဒေသတွင် ကျေးရွာအုပ်စု လေးစုရှိပြီး ကျေးရွာပေါင်း ၂၈ ရွာတွင် ရွာသူရွာသား ၈,၆၉၂ ဦး ရှိကြပြီး တိုက်ပွဲများကြောင့် ကျောက်မဲမြို့နှင့် မိုင်းတုံမြို့များရှိ ကယ်ဆယ်ရေးစခန်းများသို့ စစ်ဘေးရှောင်လာသူ ဦးရေမှာ ၂,၇၈၅ ဦး ရှိသည်ဟု ၎င်းက ပြောသည်။
“စစ်ဘေးရှောင် ပြည်သူတွေထဲမှာ ဆယ်တန်းဖြေဆိုရမယ့် ကျောင်းသူ ကျောင်းသား ၅၄ ဦးလည်း ပါဝင်နေပါတယ်။ အပစ်အခတ်ကြားမှာ ပိတ်မိနေပြီး ကယ်ဆယ်ရေးစခန်းတွေကို မရောက်သေးတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေ ရပ်စဲဖို့တင်မကပဲ ပညာရေး ကျန်းမာရေးအစစ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ အကူအညီ အထောက်အပံ့ ပစ္စည်းတွေ လုံလောက်ဖို့လည်း လိုပါတယ်” ဟု အဆိုကို ထောက်ခံဆွေးနွေးသူ တစ်ဦးဖြစ်သည့် ဒေါပုံမြို့နယ် ကိုယ်စားလှယ် ဦးဌေးဝင်းအောင်က ပြောသည်။
အခု စာမေးပွဲ ဖြေနေကြတဲ့ စတုတ္ထတန်းနဲ့ အဌမတန်းကျောင်းသား ၁၅၅ ယောက် ရှိပါတယ်။ အတန်းစုံဆိုရင် ၃၁၉ ဦးရှိပါတယ်။
အခုရက်မှာ ဒေသခံ ကလေးတွေကို ပိုလီယို ကာကွယ်ဆေး ထိုးပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေလည်း စစ်ဘေး ရှောင်နေကြရပါတယ်
ထို့ပြင် ဒေသခံကလေးငယ်များကို ပိုလီယိုကာကွယ်ဆေး ထိုးပေးရမည့် ကျန်းမာရေးဝန်ထမ်းများလည်း စစ်ရှောင်နေကြရသည်ဟု သီပေါမြို့နယ် ကိုယ်စားလှယ် ဦးစိုင်းသန့်ဇင်က ပြောသည်။
“အခု စာမေးပွဲ ဖြေနေကြတဲ့ စတုတ္ထတန်းနဲ့ အဌမတန်းကျောင်းသား ၁၅၅ ယောက် ရှိပါတယ်။ အတန်းစုံဆိုရင် ၃၁၉ ဦးရှိပါတယ်။ အခုရက်မှာ ဒေသခံ ကလေးတွေကို ပိုလီယို ကာကွယ်ဆေး ထိုးပေးရမယ့် ကျန်းမာရေးဝန်ထမ်းတွေလည်း စစ်ဘေး ရှောင်နေကြရပါတယ်” ဟု ၎င်းကပြောသည်။
ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မောင်မောင်ဦးက “ဒါဟာ ၂၀၁၅ အောက်တိုဘာ မှာ ရေးထိုးခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA သဘောတူ စာချုပ်ကို ချိုးဖောက်ခြင်း၊ ကျင့်ဝတ်များကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက်လာမယ့် မည်သည့် အဖွဲ့အစည်းကိုမဆို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာပါ” ဟု ပြောကြားသည်။
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့ဝင်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း NCA ကို တိတိကျကျ လိုက်နာကြရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။
“RCSS က NCA မှာ လက်မှတ်ထိုးထားတယ်။ အရပ်သားတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ သူတို့ကို ကြီးကြပ်လို့ ရတယ်။ TLNA က NCA မှာ လက်မှတ်ထိုးထားခြင်း မရှိလို့ သူတို့နဲ့ဒေသခံ အရပ်သားတွေ ဆက်ဆံရေးအပေါ် ကြီးကြပ်ဆောင်ရွက်ပေးဖို့ ခက်ခဲပါတယ်။ NCA စာချုပ်ကို တိတိကျကျ လိုက်နာဖို့ လိုအပ်ကြောင်း တင်ပြပါတယ်” ဟု ၎င်းက လွှတ်တော်သို့ပြောကြားသည်။
တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များက ဘုန်းတော်ကြီးတစ်ပါးအပါအဝင် ရွာသားကိုးဦးတို့ကို ဖမ်းဆီးကာ ဆရာတော်ဦးသုစိတ္တနှင့် ဦးဌေးဦးတို့နှစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်ခုနစ်ဦးတို့ကို သတ်ဖြတ်ခြင်း၊ နေအိမ်အချို့ကို မီးရှို့ ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်ခြင်း၊ တပ်မတော်၏ နယ်မြေရှင်းလင်းရေးအရ တိုက်ပွဲများ ဖြစ်ပွားခြင်းတို့ကြောင့် စစ်ဘေးရှောင်ဦးရေမှာ ပို၍ တိုးလာဖွယ်ရှိကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ခန့်မှန်းထားကြသည်။
လောလောဆယ်၌ ကယ်ဆယ်ရေးစခန်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး စစ်ဘေးသင့် ပြည်သူများ နေထိုင် စားသောက်ရေးအဝဝအတွက် ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိ စုစုပေါင်း ကျပ်သိန်း ၁,၀၁၁ ဒသမ ၂၅၄ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နိုင်က ပြောကြားသည်။
သတင်း- စိုးသန်းလင်း