ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို တိုင်းပြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်နိုင်သဖြင့် တိုက်ခိုက်မှုများ အမြန်ရပ်တန့်ပြီး ပါဝင်ပတ်သက်နေသည့်အဖွဲ့များအနေဖြင့် တွေ့ဆုံဆွေးနွေးကြရန် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက တိုက်တွန်းလိုက်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်၌ လက်မှတ် ထိုးထားသော ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နှင့် လက်မှတ်မထိုးရသေးသော တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲ၊ နမ့်ခမ်းမြို့နယ်များတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ အဆိုပါ တိုက်ပွဲများ ရပ်တန့်သွားစေရေးအတွက် တပ်မတော်က ဝင်ရောက်ကာ နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နိုင်က ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြောကြားခဲ့သည်။
“ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် တပ်မတော်တို့ ရှမ်းပြည်နယ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့်အတွက် အမေရိကန်သံရုံးအနေဖြင့် အလွန်စိုးရိမ် ပူပန်မိပါသည်” ဟု ဖေဖော်ဝါရီ ၁၉ ရက် ညနေတွင် အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ပွဲများတွင် ပါဝင်နေကြသူများအားလုံး တိုက်ခိုက်မှုများ ရပ်တန့်ပြီး တွေ့ဆုံ ဆွေးနွေးကြရန်လည်း တိုက်တွန်းခဲ့သည်။ သို့မှသာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် လမ်းကြောင်းပေါ်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်သလို တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသူများလည်း အိမ်ပြန်နိုင်ကြမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများသည် တိုင်းရင်းသားတပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ကြခြင်းဖြစ်သဖြင့် တပ်မတော်က စောင့်ကြည့်ခဲ့သော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသဖြင့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ စတင်ကာ တပ်မတော်က သတိပေးခြင်း၊ နယ်မြေရှင်းလင်းခြင်းများ ဝင်ရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မြင့်နိုင်က ပြောကြားထားသည်။
“တပ်မတော်က ဖေဖော်ဝါရီ ၁၁ ရက်က စပြီး နယ်မြေရှင်းလင်းခဲ့ရာမှာ နှစ်ဘက် လက်နက်ကိုင်အဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှု လေးကြိမ် ဖြစ်ပွား ခဲ့ပါတယ်။ ဒေသခံပြည်သူတွေထဲက စစ်ဘေးကြောင့် နေရပ်စွန့်ခွာသူဦးရေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ မြေပြင် သတင်းများအရ ၃,၆၂၄ ဦး ရှိတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။
သို့သော် ကုလသမဂ္ဂကမူ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အနည်းဆုံး ၄,၃၀၀ ဦး ရှိသည်ဟု ခန့်မှန်းထားသည်။
သတင်း- Frontier