ရွှေ့ပြောင်းအလုပ်သမားများ စိစစ်ရေးအတွက် တာဝန်ရှိသူများ ပိုမိုစေလွှတ်ပေးရန် ထိုင်းက မြန်မာကို တိုက်တွန်း

ပြီးခဲ့တဲ့ ဇွန်လက မိတ်ဆက်လိုက်တဲ့ စည်းမျဉ်းသစ်တွေအရ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်ဖြစ်စေရေးရေး စစ်ဆေးဖို့ တာဝန်ရှိသူတွေ လုံလောက်အောင် မြန်မာနိုင်ငံက စေလွှတ်ပေးခြင်း မရှိတာကို ထိုင်းအာဏာပိုင်တွေက ပူပန်နေကြပါတယ်။

မူရင်းနိုင်ငံသား စိစစ်ပေးနေတဲ့စင်တာတွေမှာ စစ်ဆေးခံဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းရှည်ကြီးတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ တာဝန်ရှိသူတွေ ပိုမိုစေလွှတ်ပေးမယ်လို့ မြန်မာနိုင်ငံက ကတိပြုထားတယ်လို့ ထိုင်းနိုင်ငံ၊ အလုပ်သမားဌာနက ပြောကြားကြောင်း ဘန်ကောက်ပို့စ်သတင်းစာက စက်တင်ဘာ ၂၈ ရက်နေ့မှာ ရေးသားထားပါတယ်။

အလုပ်သမားတွေကို စိစစ်တဲ့လုပ်ငန်းတွေ နှေးကွေးနေတဲ့အပေါ် အလုပ်သမားဝန်ကြီး Mr Sirichai Distakul က စိုးရိမ်ပူပန်တယ်လို့ ပြောကြားကြောင်း ဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် Mr Waranon Pitiwan ရဲ့ပြောကြားချက်ကို ကိုးကားပြီးတော့ သတင်းစာက ရေးသားထားပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘန်ကောက်က မြန်မာသံရုံးကို အသိပေး ပြောကြားထားပြီး ဖြစ်သလို သက်သေခံကတ်ပြားတွေ ထုတ်ပေးရေးအတွက် ပိုမိုဆောင်ရွက်ပေးမယ်လို့ သံရုံးက ကတိပြုခဲ့တယ်လို့ သူက ပြောပါတယ်။

ရနောင်း၊ စမုစခုံနဲ့ စမုပရာကန်တို့မှာရှိတဲ့ စိစစ်ရေးစင်တာတွေအတွက် ဝန်ထမ်းတွေ ပိုမိုစေလွှတ်ပေးမယ်လို့ မြန်မာအာဏာပိုင်တွေက ကတိပြုထားတယ်လို့ သူကပြောပါတယ်။ အဲဒီဒေသတွေမှာ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိနေပြီးတော့ ဝန်ထမ်းတွေ ထပ်တိုးပေးခြင်းအားဖြင့် တစ်နေ့ကို စိစစ်ရေးကတ် ၁,၄၀၀ အထိ ထုတ်ပေးနိုင်မယ်လို့ သူကပြောတယ်လို့ သတင်းစာက ရေးသားထားပါတယ်။

အခြားမြို့တွေမှာရှိတဲ့ စိစစ်ရေးစင်တာတွေမှာလည်း တစ်နေ့ကို စောင့်ဆိုင်းတဲ့သူ ပျမ်းမျှ ၁,၀၀၀ လောက် အချိန်တိုင်းရှိနေတယ်လို့ ရေးသားထားပါတယ်။

ထိုင်းစစ်အစိုးရက ဇွန် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့အမိန့်အရ အထောက်အထား စာရွက်စာတမ်းမရှိတဲ့ အလုပ်သမားတွေဟာ သြဂုတ် ၇ ရက်နေ့ နောက်ဆုံးထားပြီး အာဏာပိုင်တွေထံမှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ အဲဒီနောက် သူတို့ရဲ့အလုပ်တွေကို စိစစ်ဖို့အတွက် အလုပ်ရှင်နဲ့အတူ အင်တာဗျူးခံရမှာဖြစ်ပါတယ်။

အလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးမီမှာ အလုပ်သမားတွေရဲ့ မူရင်းနိုင်ငံက တာဝန်ရှိသူတွေက နိုင်ငံသားဖြစ်ကြောင်း စိစစ်ရေးကတ်ပြား ထုတ်ပေးရတဲ့အဆင့်ဟာ ဒီလုပ်ငန်းစဉ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေအတွက် အလုပ်သမားတွေထံက ဘတ် ၅၆၀ (ကျပ် ၂၂,၈၀၀) ကောက်ခံတယ်လို့ Waranon က ပြောပါတယ်။ ဒီအထဲက ဘတ် ၄၅၀ က အလုပ်လုပ်ခွင့် ပါမစ်အတွက်ဖြစ်ပြီး ၁၀ ဘတ်ကတော့ လျှောက်လွှာတွေ စိစစ်ခဖြစ်သလို ၁၀ ဘတ်ကတော့ ဝန်ဆောင်ခဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းဗီဇာအတွက် ဘတ် ၅၀၀၊ ဆေးစစ်ဖို့အတွက် ဘတ် ၅၀၀ နဲ့ ကျန်းမာရေးအာမခံအတွက် ဘတ် ၅၀၀ တို့လည်း ပေးဖို့လိုအပ်တယ်လို့ သူကပြောပါတယ်။

စင်တာတွေကနေ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း မြန်မာအလုပ်သမား ၂၆,၈၃၉ ဦးကို အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်ပေးခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ သြဂုတ် ၇ ရက်နေ့အထိ မှတ်ပုံတင်ခဲ့ကြတဲ့ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းလုပ်သား ၇၇၂,၂၇၀ ဦးအနက် ၄၅၀,၀၀၀ က မြန်မာတွေ ဖြစ်ကြပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.