ရန်ကုန်၊ မေ ၂၂
မည်သူမှ မျှော်လင့်မထားသည့်အခြေအနေမှ အင်္ဂလိပ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သော လက်စတာစီးတီးအသင်းသည် မေ ၂၂ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ နောက်တစ်ဖန် ပြန်လည်လာရောက်ခဲ့ပြီး ရွှေတိဂုံစေတီတော်တွင် အောင်မြေနင်းခဲ့ကြသည်။
jtms_leicestercity15.jpg
title=
ပြီးခဲ့သည့်နှစ် ဘောလုံးရာသီမစတင်မီတွင် လက်စတာစီးတီးအသင်းသည် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရွှေတိဂုံအောင်မြေနှင့် ဗိုလ်တထောင်ဘိုးဘိုးကြီးတို့ထံ သွားရောက်ဆုတောင်းမှုများ ပြုလုပ်ခဲ့သေးသည်။ ထိုစဉ်အချိန်က လက်စတာစီးတီးအသင်းကို သတိထားမိသူ မရှိသလောက်နည်းပါးခဲ့ပြီး အသင်းနှင့်အတူလိုက်ပါ လာခဲ့သည့် အင်္ဂလန်လက်ရွေးစင်ဟောင်း ကယ်ဗင်ဖီးလစ်တယောက်ကိုသာ မြန်မာဘောလုံးပရိတ်သတ်များ သတိထားမိခဲ့ကြသည်။ အသင်း၏ အဓိကကစားသမားများဖြစ်သော ဗာဒီ၊ မာရတ်၊ ဒရင့်ဝါတားနှင့် ကန်တီတို့သည် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများကြောင့် မြန်မာနိုင်ငံခရီးစဉ်အတွင်း လိုက်ပါနိုင်ခဲ့ခြင်းမရှိခဲ့ပေ။
အသင်းပိုင်ရှင်များ၏ နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ရောက်ရှိခဲ့ပြီး အောင်ပွဲခံ အခမ်းအနားများကျင်းပခဲ့သည့် လက်စတာအသင်းသည် ထိုင်းမှတဆင့် မြန်မာနိုင်ငံသို့လာရောက်ခဲ့ခြင်း ဖြစ်သည်။ နာရီပိုင်းသာကြာမြင့်ခဲ့သည့် လက်စတာ၏ မြန်မာခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ အသင်းနည်းပြ ရာနီရေနီနှင့် သူ၏အဖွဲ့သားများသည် ထိုင်းဘုန်းတော်ကြိးများ၏ ဦးဆောင်မှုဖြင့် ရွှေတိဂုံစေတီ ရာဟုထောင့်နှင့် သောကြာထောင့်ကြားရှိ ဘုရားအမှတ် ၃၅ တွင် ဝတ်ပြုဆုတောင်းခဲ့ကြသည်။
jtms_leicestercity05.jpg
title=
ဗုဒ္ဓ ဘာသာထုံးတန်းအစဉ်အလာအရ ရွှေတိဂုံစေတီတော်ကို နမောတဿ ရွတ်ဆိုပူဇော်ကန်တော့ခဲ့ကြပြီး ထိုအထဲတွင် လက်စတာ၏ အီတလီလူမျိုးနည်းပြ ရာနီရေနီနှင့် သူ၏နည်းပြအဖွဲ့ဝင်များလည်း ဗုဒ္ဓဘာသာ အစဉ်အလာများအတိုင်း ဝတ်ပြုဆုတောင်းခဲ့ကြသည်။ ထို့နောက်ရွှေတိဂုံစေတီ၏ေ အာင်မြေသို့သွားရောက်ပြီး ဆုတောင်းခဲ့ကြသည်။
“(ပြီးခဲ့တဲ့နှစ်က)အကောင်းဆုံးဖြစ်အောင် သူတို့ဆုတောင်းချင်ဆုတောင်းခဲ့မှာပေါ့။ မထင်မှတ်ဘဲချန်ပီယံဖြစ်သွားတော့ ပြန်လာတာ ဖြစ်လောက်တယ်။ အသင်းပိုင်ရှင်ကလဲထိုင်းလေ။ အသင်းပုံရိပ်ကိုလည်း တစ်ဘက်တစ်လမ်းက မြှင့်တင်တဲ့သဘောလည်း ပါမှာပေါ့” လက်စတာအသင်းကြိုဆိုရေးအတွက် ဦးဆောင်စီစဉ်သည့် Air Asia ၏ကြောငြာလုပ်ငန်းအေဂျင်စီမှ Client Service Mananger ကိုချမ်းမြေ့ကိုကိုလွင်ကပြောသည်။ မူလအစီအစဉ်တွင် အထူးဖိတ်ကြားထားသည့်ဧည့်သည်များကိုသာ လက်စတာအသင်းသားများနှင့် လေဆိပ်တွင်တွေ့ဆုံခွင့်ပေးရန်စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင်အသင်းပရိတ်သတ်အားလုံးကို ကြိုဆိုခွင့်ပြုခဲ့သည်။
လက်စတာစီးတီးအသင်းအား ထိုင်းနိုင်ငံမှ King Power လုပ်ငန်းစုကြီးက ၂၀၁၁ ခုနှစ်က စတင်ကာ ပိုင်ဆိုင်ထားသည်။
သတင်း-ထွန်းခိုင်