ရွှေကြောင့် ပေါ်ပေါက်လာတဲ့ အငြင်းပွားမှု

ရွှေတူးဖော်ရေး လုပ်ငန်းများက ပေးဆပ်ရန် ကျန်ရှိနေသော ရွှေကြွေးကျန်များကို မရရှိသေးသဖြင့် အစိုးရက ကုမ္ပဏီများထံမှ ဆက်လက် တောင်းဆိုနေဆဲဖြစ်သည်။

ကျော်ရဲလင်း ရေးသားသည်။

ရွှေတူးဖော်ရေးကုမ္ပဏီများက အစိုးရထံ နှစ်ပေါင်းများစွာ မပေးဘဲနေလာခဲ့သည့် ရွှေကြွေးကျန်များအား ပြန်လည် တောင်းယူရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်-၂ သတ္တုတွင်းလုပ်ငန်းက ဆောင်ရွက်နေဆဲဖြစ်သည်။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များတွင် အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများအား အစိုးရက ခွင့်ပြုခဲ့သောအခါ ထိုကုမ္ပဏီများ ပေါ်ပေါက်လာခဲ့သည်။ အစိုးရနှင့် ချုပ်ဆိုခဲ့ကြသည့် သဘောတူညီချက်အရ တူးဖော်ရရှိသည့် ရွှေများ၏ ၃၅ ရာခိုင်နှုန်းကို အခွန်အခအဖြစ် ကုမ္ပဏီများက အစိုးရထံ ပေးဆောင်ရမည်ဖြစ်သည်။

သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၃ ခုနှစ်၌ ရွှေတူးဖော်ရေးလုပ်ငန်းများအား စာရင်းစစ်ချိန်တွင် ကုမ္ပဏီအများစုက အခွန်များ မပေးဆောင်ရသေးကြောင်းကို တွေ့ရှိခဲ့သည်။

“ဒီကုမ္ပဏီတွေက အစိုးရနဲ့ ကန်ထရိုက်ယူပြီး ၂၀၀၇ ခုနှစ်ကတည်းက နှစ်စဉ် အခွန်ပေးပါမယ်လို့ သဘောတူညီခဲ့တာပါ။ ဒါပေမယ့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာရယ်၊ တခြားအကြောင်းချက်တွေကြောင့် တစ်နှစ်ပြီး တစ်နှစ် အခွန်မပေးနိုင်ဘဲ အကြွေးတွေ စုစည်းသွားခဲ့တာပါ” ဟု အမှတ်-၂ သတ္တုတွင်းလုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က ပြောကြားသည်။ 

သို့သော် ရေကြီးမှုအပါအဝင် တစ်ချို့သော ကုမ္ပဏီများမှာ ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာများတွင် လုပ်ကိုင်နေရသောကြောင့် ကုမ္ပဏီ ၅၀ ခန့်၏ အကြွေးများကို ပြည်ခိုင်ဖြိုးပါတီအစိုးရက လျှော်ပေးလိုက်သည်ဟု ဦးသန်းဒိုင်က ဆိုသည်။ 

သို့သော် ကုမ္ပဏီ ၁၀၀ ခန့်က ရွှေစင် ၁၃,၀၀၀ ကျပ်သား (၂၁၇ ကီလိုဂရမ်ခန့်) အား အစိုးရထံ ပေးဆပ်ရန် ကျန်ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။ လက်ရှိ ရွှေပေါက်ဈေးအရဆိုလျှင် ၂၁၇ ကီလိုဂရမ်သည် အမေရိကန်ဒေါ်လာ ၉ ဒသမ ၁ သန်းခန့် တန်ဖိုးရှိသည်။ 

“ဒီကုမ္ပဏီတွေ အများစုက အခု မလုပ်ကိုင်ကြတော့ဘူး။ ဒါပေမယ့် အကြွေးက စာရွက်ပေါ်မှာ ရှိနေသေးတယ်။ ဆက်လက် လုပ်ကိုင်နေရဲ့သားနဲ့ အကြွေး မပေးတဲ့ ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ ဒီလိုကုမ္ပဏီတွေဆီက အကြွေးပြန်ရအောင် တရားဥပဒေအရ ဆောင်ရွက်နေတာပါ” ဟု ဝန်ကြီးဌာနက တရားစွဲဆိုမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ဥိးသံဒိုင်က ပြောကြားသည်။

“ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီတစ်ချို့ကို တရားဥပဒေအရ ဖြေရှင်းခဲ့ပါတယ်။ ကုမ္ပဏီ ခုနစ်ခုခန့်ကို အမှုဖွင့်ဖို့လည်း လုပ်ဆောင်နေပါတယ်” ဟု ဦးသံဒိုင်က ဆိုသည်။ နောက်ထပ်ကုမ္ပဏီ ၁၀ ခုကိုလည်း ထပ်မံ တရားစွဲဆိုသွားမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် လုပ်ကိုင်ခွင့်များ ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီကြီးသုံးခုအနက် တစ်ခုဖြစ်သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအား တရားစွဲဆိုရန်လည်း ဝန်ကြီးဌာနက ရည်ရွယ်ထားသည်ဟု ဦးသံဒိုင်က ပြောသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် အစိုးရထံ ရွှေစင် ၆၃,၀၀၀ အောင်စခန့် ပေးသွင်းရန် ကျန်ရှိနေသည်ဟု ဆိုသည်။ အဆိုပါပမာဏမှာ ကာလတန်ဖိုးအားဖြင့် ဒေါ်လာ ၈၂ သန်းခန့် တန်ကြေးရှိသည်။

အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ရွှေများထွက်ရှိသော မိုးထိမိုးမိ ဒေသရှိ ၆,၁၀၅ ဧကခန့်၌ ရွှေတူးဖော် လုပ်ကိုင်ခွင့်ကို ၂၀၁၁ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သည်။ 

အဆိုပါနှစ်တွင်ပင် တင်ဒါအောင်မြင်ခဲ့သည့် အခြားကုမ္ပဏီကြီး နှစ်ခုမှာ ရမည်းသင်းမြို့နယ်၊ ဝါးဖြူတောင်တွင် ၈,၄၈၅ ဧက လုပ်ကိုင်ခွင့် ရရှိခဲ့သော ရွှေမိုးယံကုမ္ပဏီနှင့် ရှမ်းပြည်နယ်၊ ကလောမြို့နယ် ရွှေမင်းဘုန်းတွင် ၆,၇၂၆ ဧက လုပ်ကိုင်ခွင့် ရရှိခဲ့သော Geo Asia Industry & Mining Co Ltd တို့ ဖြစ်ကြသည်။ 

ငါးနှစ်ကြာ ရွှေတူးဖော်ခွင့်ရရှိရေးအတွက် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက ရွှေစင် ၅ ဒသမ ၅၇၇ တန်၊ ရွှေမိုးယံကုမ္ပဏီက ၅ ဒသမ ၁၁၇ တန်နှင့် Geo Asia ကုမ္ပဏီက ၂ သမ ၂၀၅၈ တန် ပေးဆောင်ကြရန် သဘောတူညီခဲ့ကြသည်။ 

သို့သော် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက အကြွေးများ ပြန်မဆပ်နိုင်ကြောင်း အစိုးရကို ပြောကြားခဲ့သဖြင့် ကုမ္ပဏီနှင့် သဘောတူညီချက်ကို ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြန်လည်သုံးသပ်ခဲ့သည်။ သို့သော် အခွန်အခအဖြစ် ပေးဆောင်ရမည့် ရွှေစင်ပမာဏကိုမူ ပြောင်းလဲသတ်မှတ်ခဲ့ခြင်း မရှိပေ။ 

အစိုးရက အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း အမျိုးသားကြီးပွားတိုးတက်ရေးက စာချုပ်တွင် ဖော်ပြထားသော ပမာဏကို ပေးဆောင်နိုင်ခဲ့ခြင်း မရှိပေ။ တခြားကုမ္ပဏီ နှစ်ခုကလည်း ပေးဆောင်နိုင်ခဲ့ခြင်း မရှိပေ။ 

“အမျိုးသားကြီးပွားတိုးတက်ရေးနဲ့ ကျန်ကုမ္ပဏီနှစ်ခုကို လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ကျွန်တော်တို့ စာပို့ခဲ့ပါတယ်” ဟု ဦးသံဒိုင်က ပြောကြားသည်။ 

“ကုမ္ပဏီနှစ်ခုက လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ပေမယ့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဆက်လက် တူးဖော်နေတဲ့အပြင် လုပ်ငန်းရပ်ဆိုင်းခိုင်းတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြတာတွေ လုပ်ခိုင်းခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့က ကုမ္ပဏီ သုံးခုလုံးရဲ့ တူးဖော်ခွင့်ပါမစ်တွေကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေးနဲ့ ကန်ထရိုက်စာချုပ်ကို မေ ၁၇ ရက်နေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်” ဟု ဦးသံဒိုင်က ပြောသည်။ 

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီအား အရေးယူရသည့် အဓိကအချက်မှာ ကုမ္ပဏီက မိုးထိမိုးမိတွင် ရွှေငါးတန်ခန့် ထုတ်လုပ်ခဲ့သော်လည်း အစိုးရအား ပိဿာ ၃၀၀ သာ ပေးဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဦးသံဒိုင်ကပြောသည်။ ပိဿာ ၃၀၀ က ၁,၀၈၀ ပေါင်၊ သို့မဟုတ် ၄၈၉ ဒသမ ၈၇ ကီလိုဂရမ်နှင့် ညီမျှသည်။ 

ဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီး ရှေ့နေချုပ်ရုံးနှင့် တိုင်ပင်ဆွေးနွေးပြီး ကုမ္ပဏီအား တရားစွဲရန် စီစဉ်ခဲ့သလို ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား ပြည်ပထွက်ခွာခွင့် တားမြစ်ရန်လည်း ဆောင်ရွက်ခဲ့သည်။

“ကုမ္ပဏီရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေကို နိုင်ငံကနေ ထွက်ခွာခွင့် မပြုဖို့ ပြည်ထဲရေး ဝန်ကြီးဌာနကိုလည်း ပြောထားပါတယ်။ သူတို့ရဲ့ ဘဏ်စာရင်းတွေကိုလည်း ပိတ်ထားခိုင်းပါတယ်” ဟု ဦးသံဒိုင်က ပြောသည်။ 

ရွှေမိုးယံနှင့် Geo Asia တို့ကိုမူ ရွှေတူးဖော်ခွင့် ပြန်လည်ပေးအပ်မည့် အလားအလာများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

ရွှေမိုးယံက သဘောတူစာချုပ်တွင် ပါဝင်သည့် အခွန်အခများအား ပေးဆပ်နိုင်အောင် ကြိုးစားနေပြီး Geo Asia က တူးဖော်သည့် လုပ်ကွက်ကမူ ရွှေအထွက် နည်းပါးသည်။ 

ရန်ကုန်မြို့ ရွှေဆိုင်တစ်ခုက ရွှေလက်ဝတ်ရတနာများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ရန်ကုန်မြို့ ရွှေဆိုင်တစ်ခုက ရွှေလက်ဝတ်ရတနာများ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“ဒီအချက်အလက်တွေကို သမ္မတထံ တင်ပြထားပါတယ်။ သူတို့ကို ဆက်လက်လုပ်ကိုင်ခွင့် ပေးမလားဆိုတာ သမ္မတက ဆုံးဖြတ်ပါလိမ့်မယ်။ ဒီကုမ္ပဏီ နှစ်ခု ပြန်လည်လုပ်ကိုင်နိုင်မယ့် အလားအလာ ကောင်းပါတယ်” ဟု ဦးသံဒိုင်က ဆိုသည်။ 

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးစိုးထွန်းရှိန်က အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့စဉ်က ၎င်းအား တရားစွဲဆိုမည့်အကြောင်းကို တာဝန်ရှိသူများက အသိပေးခဲ့သည်ဟု အတည်ပြု ပြောကြားသည်။

အစိုးရက ကန်ထရိုက်စာချုပ်တွင် ဖော်ပြထားသည့်အတိုင်း တရားစွဲဆိုခွင့်ရှိသည်ဟု ဦးစိုးထွန်းရှိန်က ပြောကြားသည်။ 

Frontier က မြင်တွေ့ခဲ့သည့် အမှတ်-၂ သတ္တုတွင်းလုပ်ငန်းတို့နှင့် ကုမ္ပဏီတို့ အကြားပေးပို့ခဲ့သည့် စာရွက်စာတမ်းများထဲတွင် မိုးထိမိုးမိ တူးဖော်ရေးလုပ်ကွက်အား တင်ဒါခေါ်ယူစဉ် အစိုးရက ထိုနေရာတွင် ရွှေ ၃၈ ဒသမ ၀၆ parts per million ရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။ ၂၀၁၆ ခုနှစ်၌ တူးဖော်ရေးစတင်ချိန်တွင်မူ ရွှေထွက်ရှိနိုင်မှု ပမာဏမှာ ၉ ဒသမ ၀၁ parts per million သာရှိသည်ကို တွေ့ရှိခဲ့ကြောင်း ကုမ္ပဏီက ပြောကြားသည်။ 

ဦးစိုးထွန်းရှိန် ရေးသားသော စာထဲတွင် ဖော်ပြထားသည်မှာ ထိုလုပ်ကွက်၏ ရွှေထွက်ရှိနိုင်မှု ပမာဏမှာ ခန့်မှန်းထားသည်ထက် လေးဆခန့် လျော့နည်းနေသဖြင့် ကုမ္ပဏီအနေဖြင့် မူလသဘောတူစာချုပ်အတိုင်း ငါးနှစ်အတွင်း ရွှေ ၅ ဒသမ ၅၅၇ တန် ပေးဆောင်ရန် မဖြစ်နိုင်ဟုဆိုသည်။ 

“မူလသဘောတူစာချုပ်အတိုင်း ရွှေများ ပေးသွင်းရမည့် နောက်ဆုံးရက်အား ပြင်ဆင်ပေးရန် အဆိုပြုလွှာကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် တင်ပြခဲ့သည်”ဟု စာထဲတွင် ဖော်ပြထားသည်။ 

ထိုအချက်အလက်များ မှန်ကန်ကြောင်း ပစ္စည်းသက်သေ၊ လူသက်သေများ ကုမ္ပဏီထံတွင် ရှိနေသည်ဟု ဦးစိုးထွန်းရှိန်က Frontier နှင့် အင်တာဗျူးတွင် ပြောကြားသည်။ 

“ကျွန်တော်တို့က ကန်ထရိုက်စာချုပ်မှာ ပြောထားတဲ့အတိုင်း ရွှေတွေရှိမယ်လို့ ယုံကြည်ပြီး တင်ဒါကို ဈေးအများဆုံး ပေးခဲ့တာပါ။ ဒါပေမယ့် တင်ဒါထဲမှာ ဖော်ပြထားတဲ့အတိုင်း ရွှေပမာဏ မရှိတော့ ကျွန်တော်တို့ ဆုံးရှုံးနစ်နာခဲ့ရတယ်” ဟု ဦးစိုးထွန်းရှိန်က ပြောသည်။ 

ကန်ထရိုက်စာချုပ်အရ ကုမ္ပဏီအနေဖြင့် တစ်လလျှင် ရွှေ ၉၃ ပိဿာ ပေးဆောင်ရမည်ဖြစ်သော်လည်း ရွှေထွက်ရှိမှုအနေအထားအရ ပိဿာ ၆၀ သာ ပေးဆောင်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

“အဲဒီလောက် ပမာဏကို ပေးဖို့က ကုမ္ပဏီအနေနဲ့ လုံးဝမဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။ 

သို့ရာတွင် ဦးသံဒိုင်ကမူ အစိုးရက တင်ဒါခေါ်ယူခဲ့ချိန်က ရွှေမည်မျှ ထွက်ရှိမည်ကဲ့သို့ အချက်အလက်များကို ဖော်ပြခဲ့ခြင်းမရှိဟု ပြောသည်။ 

“အစိုးရရဲ့ တင်ဒါစာရွက်စာတမ်းတွေထဲမှာ ရွှေပမာဏ ဘယ်လောက်ထွက်နိုင်တယ်ဆိုတာ ဖော်ပြမထားပါဘူး။ သူတို့က Ivanhoe ကုမ္ပဏီရဲ့ ပြောကြားချက်ကို ယုံကြည်ပြီး လုပ်ခဲ့တာပါ။ ကနေဒါ သတ္တုတူးဖော်ရေး ကုမ္ပဏီ Ivanhoe ရဲ့ စစ်တမ်းက အချက်အလက်တွေကို သူတို့က ယုံကြည်ပြီး လုပ်ခဲ့ကြတယ်” ဟု ဦးသံဒိုင်က ပြောသည်။ Ivanhoe ကုမ္ပဏီသည် မန္တလေးတိုင်း၊ မုံရွာရှိ ကြေးနီတွင်းများ၌ ၂၀၁၁ ခုနှစ်အထိ ၅၀ ရာခိုင်နှုန်းခန့်  ရင်းနှီးမြုပ်နှံခဲ့သော ကနေဒါ သတ္တုတွင်းလုပ်ငန်းကြီးဖြစ်သည်။ 

အစိုးရက ရွှေတူးဖော်ခွင့်ကို ရပ်ဆိုင်းလိုက်သောအခါ အစိုးရအနေဖြင့် စာချုပ်ကို ဖောက်ဖျက်သည်ဟု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက စွပ်စွဲခဲ့သည်။ 

စာချုပ်၏ အပုဒ် ၁၉ တွင် ဖော်ပြထားချက်အရ သတ်မှတ်ထားသော အခွန်ကို မပေးဆောင်နိုင်ပါက စေ့စပ်ဆွေးနွေးမှု လုပ်ဆောင်ပါမည်ဖြစ်ကြောင်း၊ စေ့စပ်ဆွေးနွေးမှု မအောင်မြင်ပါက နှစ်ဘက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော ဘုတ်အဖွဲ့ဖြင့် စစ်ဆေးရမည်ဖြစ်ကာ စစ်ဆေးမှုက ပြဿနာကို မဖြေရှင်းနိုင်လျှင် နှစ်ဦးနှစ်ဖက် သဘောတူညီသော ခုံရုံး၏ ဆုံးဖြတ်မှုကို ခံယူရမည်ဟု ပါရှိကြောင်း ကုမ္ပဏီက ဆိုသည်။ 

တူးဖော်မှုကို ရပ်ဆိုင်းခိုင်းခြင်းနှင့် တူးဖော်ခွင့်ကို ပြန်လည်ရုတ်သိမ်းခြင်းတို့သည် မူလစာချုပ်၏ အပုဒ် ၁၉ ကို ချိုးဖောက်ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းကို သွေဖယ်ခြင်း ဖြစ်သည်ဟု ကုမ္ပဏီ၏ စာထဲတွင် ဖော်ပြထားသည်။ 

ကုမ္ပဏီက တောင်းဆိုလိုသည့် တစ်ခုတည်းသောအချက်မှာ ဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီက ရွှေများ ပြန်လည် ပေးဆောင်နိုင်ရန် အချိန်ထပ်ပေးရန်ပင် ဖြစ်သည်ဟု ဆိုသည်။ 

ကုမ္ပဏီအနေဖြင့် လိုအပ်သော စက်ကိရိယာများကို ဝယ်ယူ ရင်းနှီးမြုပ်နှံပြီးမှ ရွှေပမာဏ အနည်းငယ်သာ ထွက်ရှိနိုင်မည်ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟုလည်း စာထဲတွင် ဆက်လက်ဖော်ပြထားသည်။ 

“ကုမ္ပဏီက ပေးဆောင်ရန်ရှိသော ရွှေ ၅ ဒသမ ၅၅၇ တန်ကို ပေးဆောင်နိုင်ရန် စာချုပ်အား အချိန်ထပ်တိုးပေးရန် တောင်းဆိုခြင်းသာ ဖြစ်သည်။ စာချုပ်တွင် ပါဝင်သော ရွှေပမာဏကို ပေးဆောင်ရန် ငြင်းဆိုနေခြင်း မဟုတ်ပါ” ဟု ဖော်ပြထားသည်။ 

မိုးထိမိုးမိလုပ်ကွက်တွင် အခြားသော ကုမ္ပဏီသေး ၄၀ ခန့်ကို ကန်ထရိုက်များ ပြန်လည်ခွဲပေးထားရပြီး အမျိုးသား ကြီးပွားတိုးတက်ရေး၏ စုစုပေါင်း ရင်းနှီးမြုပ်နှံမှုမှာ ကျပ် ဘီလျံ ၁၀၀ ခန့် ရှိသည်ဟု ဦးစိုးထွန်းရှိန်က ပြောသည်။

ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရပြီးနောက် ကုမ္ပဏီအနေဖြင့် တစ်ရက်လျှင် ကျပ် သန်း ၆၀ ခန့် ဆုံးရှုံးနေသည်ဟု ၎င်းကပြောသည်။ ကုမ္ပဏီက ဝန်ထမ်း ၅၀,၀၀ ခန့်ကို အလုပ်အကိုင်ပေးထားသည်ဟုလည်း ၎င်းက ပြောသည်။ 

ကုမ္ပဏီ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ရှစ်ဦးလုံးသည် နိုင်ငံခြားသို့ သွားရောက်ခွင့် ပိတ်ပင်ခံထားရသည်ဟု ဦးစိုးထွန်းရှိန်က အတည်ပြု ပြောကြားသည်။ 

ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံရသူများထဲတွင် ကုမ္ပဏီ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသီဟဇော်လင်းလည်း ပါဝင်သည်။ ၎င်းအား ခရီးမသွားရန် လေဆိပ်တွင် ပိတ်ပင်ထားဆီးခြင်းခံရသောကြောင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံတွင် တိုင်ကြားခဲ့သည်ဟု ဦးစိုးထွန်းရှိန်က ပြောသည်။ “ကျွန်တော်တို့ ကုမ္ပဏီက အပြစ် ကျူးလွန်ထားကြောင့် တရားရုံးက ဆုံးဖြတ်ထားခြင်း မရှိဘဲ ဒီလို ပိတ်ပင်တာက မတရားပါဘူး” ဟု ဦးစိုးထွန်းရှိန်က ဆိုသည်။ 

“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ တခြားဝန်ကြီးဌာနတွေနဲ့ ဌာနတွေကို အမျိုးသားကြီးပွားတိုးတကရေးကုမ္ပဏီနဲ့ မပတ်သက်ဖို့ စာပို့ထားပါတယ်။ ဒါကလည်း တရားဥပဒေနဲ့ မညီဘူးလို့ ကျွန်တာ်ထင်တယ်” ဟု ဦးစိုးထွန်းရှိန်က ဆိုသည်။ 

ခေါင်းစီးဓာတ်ပုံ- မြန်မာအစိုးရက အခွန်ကြွေးကျန်များ မပေးဆောင်သော သတ္တုတူးဖော်ရေးကုမ္ပဏီများကို အရေးယူရန် စီစဉ်နေသည်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar