- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယနေ့ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ရေပန်းအစားဆုံး နိုင်ငံရေးပါတီဖြစ်နေသည်။ သို့သော် ပြည်ထောင်စုအဆင့်လွှတ်တော်များ၏ မဲဆန္ဒနယ်မြေအားလုံးတွင် အများစုဖြစ်သည့် သုံးပုံနှစ်ပုံ အနိုင်ရမလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ် အရေအတွက် အနိုင်ရပါက သမ္မတကို ရွေးကောက်တင်မြှောက်မည့် အခွင့်အရေး ရရှိမည်ဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရှိမည်ဖြစ်သည်။
- ယနေ့ မဲဆန္ဒနယ် ၁,၁၁၉ခုတွင် ကျင်းပသည့် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်များအတွက် အထွေထွေရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ဦးရေ ၅,၆၄၃ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇သန်းရှိသည့်အနက် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၅၀,၀၀၀ဝန်းကျင်တွင် မဲပေးမည့် မဲဆန္ဒရှင်ဦးရေ သန်း ၂၀နှင့် ၃၀အကြားရှိမည်ဟု ခန့်မှန်းရသည်။
- ကိုဗစ်-၁၉ကန့်သတ်ချက်များနှင့် ခရီးသွားလာခွင့်ပိတ်ပင်တားဆီးမှုများကြောင့် ဖရွန်းတီးယားမြန်မာ၏ သတင်းထောက်များသည် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင်သာ နယ်မြေကွင်းဆင်း၍ ရွေးကောက်ပွဲ သတင်းတင်ဆက်မည်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားအရပ်ဒေသများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ရရှိလာသည့် ရွေးကောက်ပွဲနောက်ဆုံးရသတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကျေးဇူးတင်လွှာ
ရွေးကောက်ပွဲသတင်း အချိန်နှင့် တစ်ပြေးညီတင်ဆက်မှုကို ဤတွင်ရပ်နားပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ရွေးကောက်ပွဲနေ့မှစ၍ စောင့်မျှော်ဖတ်ရှုအားပေးကြသော စာဖတ်ပရိသတ်များကို ဖရွန်းတီးယားမြန်မာက အထူးကျေးဇူးတင်ရှိကြောင်း အသိပေးအပ်ပါသည်။ ကျန်ရွေးကောက်ပွဲရလဒ်များ၊ ရွေးကောက်ပွဲအလွန်ကာလ သတင်းဆောင်းပါးနှင့် သုံးသပ်ချက်များကို ပုံမှန်အတိုင်းဆက်လက်တင်ဆက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
ကျေးဇူးတင်ပါသည်။
ည၉:၁၅နာရီ
ရွေးကောက်ပွဲမမျှတဟုဆိုကာ ပြည်ခိုင်ဖြိုးက ကန့်ကွက်ရန်ပြင်နေ
နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကို မမျှတဟုဆိုကာ အနိုင်၊ အရှုံးရလဒ်များကို အတည်ပြုရန် ပြည်ခိုင်ဖြိုးပါတီက ငြင်းဆန်လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများတင်သွင်းရန် ပြင်ဆင်နေသည်။
ကော်မရှင်၏ တရားဝင်ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း မပြီးဆုံးသေးသော်လည်း မဲရုံအသီးသီးမှ အနိုင်၊ အရှုံးရလဒ်ကြိုတင်တွက်ချက်မှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) က ယခုနှစ်ရွေးကောက်ပွဲတွင်လည်း တောင်ပြိုကမ်းပြို အနိုင်ရရန် နီးစပ်နေပြီဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီကမူ နေရာအနည်းငယ်တွင်သာ အနိုင်ရရှိထားပြီး မြန်မာပြည်အလယ်ပိုင်းဒေသက အမာခံနယ်မြေများတွင်ပင် အင်န်အယ်လ်ဒီပါတီကို အရေးနိမ့်သည်အထိ ရှုံးနိမ့်မှုက ကြီးမားခဲ့သည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီက အနိုင်၊ အရှုံးရလဒ်ကို လွယ်လွယ်နှင့် လက်ခံဖွယ်မရှိပေ။
ဥက္ကဋ္ဌဦးသန်းဌေး၏ ဗွီဒီယိုမိန့်ခွန်းတစ်ခုကို ပြည်ခိုင်ဖြိုးပါတီ တရားဝင်လူမှုကွန်ရက်စာမျက်နှာက ယနေ့မွန်းလွဲပိုင်းက ထုတ်လွှင့်ထားသည်။ အဆိုပါမိန့်ခွန်းတွင် လွန်ခဲ့သည့်လကစတင်၍ နိုဝင်ဘာ၈ရက်အထိ မဲပေးခြင်းဖြစ်စဉ်များ၊ မဲရေတွက်ခြင်း၊ မှတ်တမ်းတင်ခြင်း စသည့်ဖြစ်စဉ်များတွင် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လျက်ရှိသေးကြောင်း ၎င်းက ပြောသည်။
“ဒီဖြစ်စဉ်များနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီဖြစ်အောင် ဒီအထောက်အထားတွေနဲ့ဆက်ပြီးတော့ အပြီးသတ်အဖြေရတဲ့အထိအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သည်းခံပါ”ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ လုပ်ရမဲ့လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးပါဘူး။ ဥပဒေပြင်ပက ဖြစ်နေတဲ့ ကိစ္စအားလုံးကို ဥပဒေနဲ့အညီဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားရပါဦးမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ (သတင်းအပြည့်အစုံသို့)
နံနက် ၁၁:၃၀နာရီ (နိုဝင်ဘာ ၁၀ရက်)
ဧရာဝတီတွင် အင်န်အယ်လ်ဒီ ရာနှုန်းပြည့်နီးပါး အနိုင်ရ
ဧရာဝတီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များတွင် အင်န်အယ်လ်ဒီပါတီက ရာနှုန်းပြည့် အနိုင်ရကြောင်း ပါတီမဲရုံကိုယ်စားလှယ်များက ပေးပို့လာသည့် အချက်အလက်များကို အခြေခံ၍ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
“ဧရာဝတီမှာ လွှတ်တော်နေရာအာလုံး ကျွန်တော်တို့နိုင်တယ်။ ၁၀၀ ရာခိုင်နှုန်းပါ”ဟု ၎င်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် မနိုင်ခဲ့သည့် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး (ကျောင်းကုန်း -၁)၊ ကန်ကြီးထောင့် တိုင်းဒေသကြီးလွှတ်တော် (ကန်ကြီးထောင့် – ၂) နှင့် တိုင်းဒေသကြီးလွှတ်တော် ( ငပုတော -၁ )တို့တွင်ပါ အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင် ဦးဌေးဦးသည် မဲ ၆၄,၂၆၄ ရရှိခဲ့ပြီး အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးဝင်းဇော်မိုးက ၁၃၈,၆၈၇ မဲဖြင့် အနိုင်ရခဲ့သည်။

“ပြည်သူတွေရဲ့ နိုးကြားတက်ကြွမှုကြောင့်ပါ။ ကျွန်တော်တို့ပါတီကို ဝန်းရံသူတွေရဲ့ အထူးကို ကြိုးစားအားထုတ်မှုကြောင့် အခုလို အနိုင်ရတာပါ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
ထို့တူ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီအဖွဲ့ဝင်ဟောင်း ဖဒိုမန်းငြိမ်းမောင်ကလည်း အင်န်အယ်လ်ဒီပါတီမှ မန်းညွန့်သိန်းကို ရှုံးနိမ့်ခဲ့သည်။
ယခုရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပြည်ထောင်စုအဆင့်လွှတ်တော်နှစ်ရပ်ဖြစ်သည့် ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၂၆ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် ၁၂ခုနှင့် တိုင်းဒေသကြီးလွှတ်တော်အတွက် မဲဆန္ဒနယ် ၅၂ခုတွင် နေရာအားလုံး အနိုင်ရရှိခဲ့သည်ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။
ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအတွက် ယှဉ်ပြိုင်မှုရလဒ်များကို မကြာမီသိရှိရတော့မည်ဖြစ်သည်။ (သတင်း – ကောင်းဆက်နိုင်)
ည ၁၀:၁၇နာရီ
အင်န်အယ်လ်ဒီပါတီဝန်းရံသူများ ဌာနချုပ်တွင် ယနေ့ညထပ်မံစုဝေး
ယနေ့ညနေတွင်လည်း အင်န်အယ်လ်ဒီပါတီကို ဝန်းရံထောက်ခံသူများက ပါတီဌာနချုပ်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်တွင် ထပ်မံ၍ စုဝေးခဲ့ကြသည်။ ပါတီတံဆိပ်ပါရှိသော အနီရောင်တီရှပ်ဝတ်ဆင်ထားသူ အများအပြားကို မြင်တွေ့ရပြီး ထောက်ခံသူအချို့က ပါတီအလံကို ဝှေ့ရမ်း၍ အောင်နိုင်ရေးသီချင်းများကို သီဆိုခဲ့ကြသည်။ မြို့တွင်းမြို့နယ်များတွင်လည်း ပါတီဝန်းရံထောက်ခံသူများနှင့် ပါတီဝင်များက ကားများဖြင့် လှည့်လည်၍ အောင်ပွဲခံခဲ့ကြသည်။




ည ၁၀:၁၂နာရီ
ရွေးကောက်ပွဲနေ့တွင်လည်း ဖေ့စ်ဘွတ်ခ်တွင် သတင်းတုနှင့် အမုန်းစကားများပျံ့နှံ့ခဲ့
လွန်ခဲ့သည့်လများတွင့် နိုဝင်ဘာ၈ရက်တွင် ကျင်းပသည့် ရွေးကောက်ပွဲကို ထိခိုက်ပျက်ပြားစေသော အကြောင်းအရာနှင့် လွှမ်းမိုးမှုများကိုတားဆီးမည်ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်ခဲ့ဖူးသည်။
ယင်းအစီအစဉ်များတွင် “သတင်းမှားများနှင့် အတည်မပြုနိုင်သော ကာလဟာလများကို” AI နည်းပညာအသုံးပြု၍ အမုန်းစကားများကိုခြေရာခံဖြုတ်ချခြင်း၊ သတင်းဖြန့်ဝေရာတွင် အကန့်အသတ်ဖြင့်သာ ဖြန့်ဝေစေခြင်း၊ ပြည်တွင်း အချက်အလက်စိစစ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများပါဝင်သည်။

ယင်းအစီအမံများရှိသည့်တိုင် ဖရွန်းတီးယားမြန်မာက ရွေးကောက်ပွဲနေ့တွင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများထက်တွင် သတင်းတု၊ သတင်းမှားများ၊ အမုန်းတရားဖြန့်ဖြူးသည့် ရေးသားချက်များကို ခြေရာခံမိခဲ့သည်။ ယင်းသို့ဖြန့်ဖြူးသူများသည် စစ်တပ်နှင့်ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသူများ ပါဝင်ကြောင်း တွေ့ရှိရသည်။ အများစုမှာ အင်န်အယ်လ်ဒီပါတီကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရေးသားချက်များပါဝင်ပြီး တပ်မတော်ကိုထောက်ခံသူများ စုဝေးရာ ဖေ့စ်ဘွတ်ခ်စာမျက်နှာများက ပျံ့နှံ့လာသည့် ရေးသားချက်များဖြစ်ကြသည်။
အဆိုပါပိုစ့်များအနက်မှ တစ်ခုမှာ အင်န်အယ်လ်ဒီ လက်ကော်လံဝတ်ဆင်ထားသည့်လက်တစ်ဖက်ရှိ လက်ချောင်းများ၏ထိပ်တွင် ဂျီဟက်အကြမ်းဖက်သမားများကို ပုံဖော်ရေးဆွဲထားသည့် ကာတွန်းပုံ တစ်ပုံပါဝင်သည်။ အဆိုပါပိုစ့်တွင် “NLD ကိုမဲပေးမယ်ဆိုရင် မြန်မာ့အနောက်တံခါး အချုပ်အခြာ အာဏာ ဆုံးရှုံးတော့မယ့်အခြေအနေ ရောက်ခဲ့တာကိုသတိရပါ” ဟုရေးသားထားသည်။
ယင်းသို့ရေးသားချက်မှာ မွတ်စလင်မုန်းတီးရေးနှင့် အမျိုးသားရေးသမားအမည်ခံလှုပ်ရှားသူများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဖိနှိပ်ခံရိုဟင်ဂျာများကို ရည်ညွှန်းရာတွင် မကြာခဏမြင်တွေ့ရသည့် အသုံးအနှုန်းများဖြစ်သည်။
နောက်ပိုစ့်တစ်ခုမှာ ပြည်ခိုင်ဖြိုးထောက်ခံသူများအဖွဲ့တစ်ခုတွင် ပျံ့နှံ့နေပြီး အနည်းဆုံး ၁၄၅ကြိမ် ပြန်လည်မျှဝေထားသော အခြေအမြစ်မရှိသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ ယင်းမှာ အင်န်အယ်လ်ဒီပါတီအစိုးရသည် ယခင်နှစ်တွင် ငွေကျပ် ၂၄ဘီလျံ အသုံးပြု၍ နိုင်ငံခြားသားများကို ငှားရမ်းနေသည်ဆိုသည့် သတင်းဖြစ်သည်။
နောက်ထပ်ပိုစ့်တစ်ခုမှာ ပြည်ခိုင်ဖြိုးထောက်ခံသူများအဖွဲ့က မျှဝေသည့် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးတွင် သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဖြေမရှာနိုင်သေးသော ဗုံးပေါက်ကွဲမှုဖြစ်သည်။ အဆိုပါပိုစ့်တွင် “အဖြေပေါ်သွားပြီ အသံမိုင်းက မဲပုံးထဲပါလာပြီးမှ အဝေးထိန်းနဲ့ခွဲခဲ့တာဆိုတော့ ကော်မရှင်သာကိုင်တဲ့သူ” ဖြစ်ကြောင်း ရေးသားချက်ဖြစ်သည်။
“ကျွန်တော်တို့တွေ့ရှိချက်တွေအရ သတင်းတု၊ သတင်းမှားတွေဟာ မဲပေးသူတွေအပေါ် ကြောက်ရွံ့မှုဖြစ်စေတာကို သွားတွေ့ရပါတယ်။ ဥပမာ ပဲခူးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကောလာဟလများ အသုံးပြုဖြန့်ဝေခြင်းတွေ တွေ့ရပါတယ်”ဟု “ဟုတ်တယ်မဟုတ်ဘူး” သတင်းအချက်အလက် စိစစ်ရေးအဖွဲ့အယ်ဒီတာ ကိုထွန်းခိုင်က ယမန်နေ့ကပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ထပ်ပိုစ့်တစ်ခုသည်လည်း ပြည်ခိုင်ဖြိုးထောက်ခံသူများအဖွဲ့တွင် ပျံ့နှံ့နေသည့် အောင်လအန်ဆန်း ပြည်ခိုင်ဖြိုးတံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ထားသည့် သတင်းမှားတစ်ခုဖြစ်သည်။
အမုန်းစကားမြောက်သည့် နောက်ထပ်ပိုစ့်တစ်ခုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်အမှတ်(၄) ရပ်ကွက်တွင် နိုဝင်ဘာ၇ရက်ညက ဖြစ်ပွားခဲ့သည့် စစ်ဦးစီးတက္ကသိုလ်သင်တန်းအမှတ်စဉ် စာသားဝတ်ဆင်ထားသူက “အောင်ဆန်းစုကြည်လာရင် ကုလားတွေနောက်ကဝင်ခဲ့မယ်” ဆိုသည့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေနေခြင်းဖြစ်သည်။ ပို့စ်အများစုမှာ ယခုအခါတွင် တင်သူများက ပြန်လည်ဖြုတ်ချသွားခဲ့ပြီဖြစ်သည်။ (သတင်း – ဖုန်းထက်နောင်)
ည ၉:၂၅နာရီ
ရခိုင်ပါတီများ ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်နိုင်သည်အထိ အနိုင်ရ
ရခိုင်နိုင်ငံရေးပါတီများသည် ပြည်နယ်လွှတ်တော်တွင် လွှမ်းမိုးရန်အတွက် အဓိကကျသည့် မြို့ကြီးများရှိ မဲဆန္ဒနယ်မြေအများစုတွင် အနိုင်ရရှိခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် အလယ်ပိုင်းရှိ မြို့နယ်ရှစ်ခုအတွင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ရှစ်ခု၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ငါးခုနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်၁၄ခုတို့တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။
ကနဦးရလဒ်များအဖြစ် ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ခုနှစ်နေရာနှင့် ရခိုင့်ဦးဆောင်ပါတီက နှစ်နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ ရခိုင်ပါတီနှစ်ခုပေါင်း မဲဆန္ဒနယ်ကိုးနေရာအထိ အနိုင်ရရှိထားသည်။
ရခိုင်အမျိုးသားပါတီ(အေအင်န်ပီ)သည် ၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီ အနိုင်ရခဲ့သည့် တောင်ကုတ်နှင့် မာန်အောင်မြို့များရှိ မဲဆန္ဒနယ်များတွင် အနိုင်ရရန် သေချာနေပြီဖြစ်သည်။ ထို့တူ ၂၀၁၅က ၎င်း အနိုင်ရခဲ့သည့် ရမ်းဗြဲနှင့် စစ်တွေမြို့များတွင်လည်း ပြန်လည်အနိုင်ရထားသည်။
အင်န်အယ်လ်ဒီပါတီကမူ ပြည်နယ်လွှတ်တော်အတွက် ဂွနှင့်သံတွဲနှစ်မြို့များရှိ လေးနေရာ အထိအနိုင်ရထားပြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ရာထူးအတွက်လည်း အနိုင်ရရန် အလားအလာကောင်းနေသည်။ ယင်းနေရာပါအနိုင်ရပါက ပြည်နယ်လွှတ်တော်တွင်း ငါးနေရာအထိ ရရှိလာမည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီကမူ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (အမ်း-၁)တွင် အနိုင်ရရှိခဲ့သည်။
ပြည့်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ရခိုင်အမျိုးသားပါတီက လေးနေရာ၊ အင်န်အယ်လ်ဒီပါတီက နှစ်နေရာနှင့် ရခိုင့်ဦးဆောင်ပါတီနှင့် ပြည်ခိုင်ဖြိုးတို့က တစ်နေရာစီကျ အနိုင်ရရှိထားသည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် အေအင်န်ပီပါတီက အနည်းဆုံးနှစ်နေရာနှင့် အင်န်အယ်လ်ဒီပါတီက တစ်နေရာအထိ အနိုင်ရထားသည်။ ကျန်ရှိသည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်နေရာတွင်လည်း အေအင်န်ပီကအနိုင်ရဖွယ်ရှိကြောင်း ဒေသခံအမတ်လောင်းများက ခန့်မှန်းထားသည်။
ရခိုင်အမျိုးသားပါတီက မဲဆန္ဒနယ်စုစုပေါင်း ၁၅ခုနီးပါးတွင် အနိုင်ရရန် အလွန်နီးစပ်နေရာ အကယ်၍ ရခိုင်တစ်ပြည်နယ်လုံးတွင်သာ ရွေးကောက်ပွဲကျင်းပပြီး ယခုနှုန်းအတိုင်း အနိုင်ရရှိပါက ပြည်နယ်လွှတ်တော်ကို ယခင်သက်တမ်းထက် ပို၍လွှမ်းမိုးနိုင်ဖွယ်ရှိသည်။
သို့သော် ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလအတွင်း ရခိုင်ရှိ မြို့နယ်၁၇အနက် မြောက်ပိုင်းကိုးမြို့နယ်တွင် မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲမကျင်းပနိုင်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် အမ်း၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင်လည်း မဲဆန္ဒနယ်အများစုတွင် လုံခြုံရေးအကြောင်းပြ၍ ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။
ရွေးကောက်ပွဲစကားဖြင့်ပြောရမည်ဆိုပါက ပြည်သူ့လွှတ်တော်တွင်ကိုးနေရာ၊ အမျိုးသားလွှတ်တော်ခုနှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နေရာ၂၀တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့်သဘောဖြစ်သည်။
မြို့ပေါ်ရပ်ကွက် လေးခုတွင်သာ ရွေးကောက်ပွဲကျင်းပခဲ့သည့် တောင်ကုတ်တွင် ပြိုင်ဆိုင်မှုမှာ ပြင်းထန်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်မရခဲ့သော်လည်း သိသာထင်ရှားသည့် ထောက်ခံမှုများရရှိခဲ့သည်။
“မဲရုံတစ်ရုံပဲကျန်တော့ပေမဲ့ ကျွန်မတို့နိုင်သွားပြီ”ဟု အေအင်န်ပီပါတီ၊ တောင်ကုတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လှသက်စိုးက ပြောသည်။
“တောင်ကုတ်က ပြည်သူတွေက အပြောင်းအလဲ လိုချင်နေတယ်။ အမျိုးသားရေးစိတ်ဓာတ်တွေ အားကောင်းလို့ အခုလိုအနိုင်ရခဲ့တာ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် အစိုးရက ဖမ်းဆီးထောင်ချထားသည့် ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီကလည်း ကျောက်ဖြူတွင် အနိုင်ရရှိခဲ့သည်။
ကျောက်ဖြူနှင့် မာန်အောင် နှစ်မြို့ကိုပေါင်းထားသော အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်-၁ တွင် တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သည့် ရခိုင့်ဦးဆောင်ပါတီဝင် ဦးကျော်လွင်က ၎င်းတို့ပါတီသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ကျောက်ဖြူ-၂)နှင့် ပြည်သူ့လွှတ်တော်တို့တွင် ဦးဆောင်လျက်ရှိကြောင်း ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

“ကျွန်တော်တို့ ပါတီရဲ့ မဲရုံကိုယ်စားလှယ်လောင်းတွေဆီက မဲရလဒ်တွေအရတော့ ကျွန်တော်တို့ပါတီက ကျောက်ဖြူမှာနိုင်တယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့ တရားဝင်မဲရလဒ်ကတော့ မကြေညာသေးဘူး”ဦးကျော်လွင်က အတည်ပြုသည်။
ရခိုင်မြောက်ပိုင်းရှိ ရွေးကောက်ပွဲကျင်းပရာ တစ်ခုတည်းသောမြို့ဖြစ်သည့် စစ်တွေတွင်မူ အေအင်န်ပီပါတီကို ရှုံးနိမ့်ခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဇော်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“နိုင်ငံရေးရာထူးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရခိုင်လူထုကို သစ္စာခံတဲ့ နိုင်ငံရေးသမားတစ်ဦးအဖြစ် ရခိုင်ပြည်၏ တာဝန်များကို ဆက်လက်ထမ်းဆောင်သွားမယ်”ဟု ဦးကျော်ဇောဦးက ဆိုသည်။
အမ်းမြို့နယ်တွင်မူ မဲရလဒ်များအတိအကျ မထွက်ပေါ်သေးသော်လည်း ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရန်သေချာနေကြောင်း ဒေသခံအမတ်လောင်းများက အတည်ပြုသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းတွင် ပြည်ခိုင်ဖြိုးပါတီသည် တပ်မတော်သားမဲရုံများမှ မဲများဖြင့် အနိုင်ရရှိခဲ့ကြောင်း အေအင်န်ပီပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်က ပြောဆိုသည်။
“အမ်းမှာကျွန်တော်တို့ အေအင်န်ပီက ပြည်သူ့လွှတ်တော်မှာရော ပြည်နယ်လွှတ်တော်(၁) မှာပါ ရှုံးပါတယ်”ဟု ဦးထွန်းထွန်းနိုင်က အတည်ပြုသည်။ “ပြည်ခိုင်ဖြိုးနိုင်ဖို့က သေချာပါတယ်”ဟု သူက ပြောသည်။
တပ်မဲရုံများကို တပ်ပြင်ပသို့ ထုတ်ခဲ့သော်လမ်း အမ်းတွင်မူ ယခင်ရွေကောက်ပွဲများကဲ့သို့ပင် တပ်မတော်သားမဲရုံများတွင် ပြည်ခိုင်ဖြိုးပါတီကသာ အများဆုံးအနိုင်ရရှိခဲ့သည်။
အင်န်အယ်လ်ဒီပါတီက ယခုနှစ်တွင် ရခိုင်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အနည်းငယ်သာ ထပ်မံအနိုင်ရခဲ့သော်လည်း လက်ရှိဖွဲ့စည်းပုံအရ ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခွင့်ရှိဦးမည်ဖြစ်ပြီး ယင်းကတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို ဆက်လက်ဖွဲ့စည်းနိုင်ဦးမည့်အခြေအနေဖြစ်သည်။
လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုသည် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (ဂွ -၂) တွင် အနိုင်ရရှိခဲ့ရာ လာမည့်အစိုးရသက်တမ်းတွင်လည်း ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ဖွယ်ရှိနေသည်။ (သတင်း – ကောင်းဆက်နိုင်)
ည ၈:၀၅ နာရီ (နိုဝင်ဘာ၉ရက်)
ကယားတွင် ၃၄နေရာအနက် ၂၀တွင် အင်န်အယ်လ်ဒီအနိုင်ရ
အင်န်အယ်လ်ဒီပါတီသည် ကယားပြည်နယ်ရှိ မဲဆန္ဒနယ် ၃၄နေရာအနက် နေရာ ၂၀ အနိုင်ရရှိခဲ့သော်လည်း ဘောလခဲ၊ ဖရူဆိုနှင့် ရှားတောတို့တွင် မဲဆန္ဒနယ်အားလုံးရှုံးနိမ့်ခဲ့သည်ဟု ပြည်နယ်ပါတီဥက္ကဋ္ဌဦးသောင်းဌေးက ဖရွန်းတီးယားမြန်မာကို အတည်ပြုပြောဆိုသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ရှစ်နေရာအနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ခြောက်နေရာအနိုင်ရခဲ့သည်။
အသေးစိတ်အချက်အလက်များအရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အင်န်အယ်လ်ဒီပါတီက လေးနေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက နှစ်နေရာ နှင့် ပြည်ခိုင်ဖြိုးပါတီက တစ်နေရာနိုင်သည်။
အမျိုးသားလွှတ်တော်၁၂နေရာအနက် အင်န်အယ်လ်ဒီပါတီက ခုနစ်နေရာ၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကသုံးနေရာနှင့် ပြည်ခိုင်ဖြိုးပါတီက နှစ်နေရာနိုင်သည်။
ထို့အတူ ပြည်နယ်လွှတ်တော်၁၄တွင် အင်န်အယ်လ်ဒီပါတီက ရှစ်နေရာနိုင်ထားပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက သုံးနေရာနှင့် ပြည်ခိုင်ဖြိုးပါတီက သုံးနေရာနိုင်နေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် အင်န်အယ်လ်ဒီကအနိုင်ရခဲ့သည်။
“ကျွန်မတို့မှန်းထားတာ ၂၀ရာခိုင်နှုန်းအထက်လောက် မှန်းထားတာ။ အခုတော့ မှန်းသလောက် မဖြစ်ခဲ့ဘူးပေါ့။ ရွေးကောက်ပွဲမဲဆွယ်တုန်းက ကျွန်မတို့ကိုထောက်ခံခဲ့တဲ့ လူထုအများကြီးပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲနီးမှ ရွာတွေမှာ ပိုက်ဆံနဲ့ဝင်သွားတဲ့ အဖွဲ့တွေရှိခဲ့တယ်။ လူထုက ဆင်းရဲကြတော့ ခဏအတွက်ပဲကြည့်နိုင်တယ်။ ရှေရှည်ကို မစဉ်းစားနိုင်ခဲ့ဘူး”ဟု ကယားပြည်နယ်ဒီမိုကရက်တစ် ပါတီအတွင်းရေးမှူး ဒေါ်မာရီထွန်းကပြောသည်။

တိုင်းရင်းသားလူမျိုးစု အများဆုံးနေထိုင်သည့် ဒီမောဆိုမြို့တွင် နေရာအများစု အနိုင်ရရန် မျှော်လင့်ခဲ့သော်လည်း တိုင်းရင်းသားများက အင်န်အယ်လ်ဒီပါတီကိုသာ မဲပုံအောထည့်ခဲ့ကြသည်။
အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ၂၆ နေရာ အနိုင်ရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ခြောက်နေရာဆုံးရှုံးခဲ့ရသည်။ အဓိကအကြောင်းရင်းမှာ တပ်မတော်မဲများနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအင်န်ပီပီ)၏ ထောက်ခံအားပေးမှုကြောင့် ဖြစ်သည်ဟု ဦးသောင်းဌေးကဆိုသည်။
“ကေအင်န်ပီပီက ကျွန်မတို့ကို ထောက်ခံတယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့ ကေအင်န်ပီပီ ထောက်ခံတိုင်း ကျွန်မတို့နေရာတိုင်း မနိုင်ခဲ့ပါဘူး။ ကေအင်န်ပီပီ ထိန်းချုပ်နယ်မြေတွေရှိတဲ့ လွိုင်ကော်နဲ့ ဒီမောဆိုမှာကျွန်မတို့ ရှုံးခဲ့တာ ကြည်ရင်သိနိုင်ပါတယ်”ဟု ဒေါ်မာရီထွန်းကပြောသည်။
လက်ရှိ ရလဒ်များအရ အင်န်အယ်လ်ဒီသည် ကယားပြည်နယ်တွင် အများစုအနိုင်ရသည့်တိုင် ပြည်နယ်လွှတ်တော်တွင် အစိုးရဖွဲ့စည်းရေးနှင် လွှတ်တော်ဥက္ကဋ္ဌ တင်မြှောက်ရေးတွင် အခက်တွေ့စေနိုင်သည်။
လွှတ်တော်ဖွဲ့စည်းပုံအရ ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားငါးဦးအပါအဝင် ကိုယ်စားလှယ် ၂၀ ဦးရှိနေသည်။ အသစ်ဖွဲ့စည်းမည့် လွှတ်တော်တွင် အင်န်အယ်လ်ဒီက ကိုးနေရာရှိမည်ဖြစ်ပြီး တပ်မတော်၊ တိုင်းရင်းသားပါတီနှင့် ပြည်ခိုင်ဖြိုးတို့က ၁၁နေရာ ရရှိမည်ဖြစ်သည်။
သမ္မတသည် ဝန်ကြီးချုပ်ကို တိုက်ရိုက်ခန့်အပ်နိုင်သည့်တိုင် မဲအများစုဖြင့်ရွေးချယ်တင်မြှောက်ရမည့် လွှတ်တော်ဥက္ကဋ္ဌကို တိုင်းရင်းသားများ၏ ထောက်ခံမှုမရှိဘဲ စိတ်ကြိုက်ရွေးချယ်ခွင့်ရမည် မဟုတ်ပေ။
“ကျွန်တော်တို့ကတော့ တိုင်းရင်းသားတွေကို ကြိုဆိုပါတယ်။ သူတို့(ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ)က အင်န်အယ်လ်ဒီကို အမြဲဝေဖန်နေတာဆိုတော့ အစိုးရအဖွဲ့အနေနဲ့ လုပ်ရကိုင်ရတာ တော်တော်သတိထားလာရမဲ့ အနေအထားရှိတယ်။ သူတို့တွေ ကန့်လန့်မတိုက်ဘဲ ပူးပေါင်းဆောင်ရွက်ကြရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့။ တစ်ခုကောင်းတာကတော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ အပြန်အလှန်ထိန်းကျောင်းမှု ပိုရှိလာမယ်လို့ ထင်တယ်”ဟု ဦးသောင်းဌေးက ပြောသည်။ (သတင်း – အိအိတိုးလွင်)

ည ၇:၀၀နာရီ (နိုဝင်ဘာ၉ရက်)
မဲရုံအချို့တွင်တွင် လေ့လာသူများကို တားမြစ်မှုရှိခဲ့ဟု PACE အဖွဲ့ပြော
လေ့လာစောင့်ကြည့်သူများကို ယမန်နေ့က မဲရုံအတွင်းသို့ပင် ဝင်ရောက်စေခြင်းမရှိသည့် ဒေသအချို့ရှိခဲ့သည်ဟု ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကနဦးတွေ့ရှိချက်များကို ထုတ်ပြန်သော ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အဖွဲ့က ဆိုသည်။
“မဲရုံဖွင့်တဲ့အစပိုင်းမှာ လေ့လာစောင့်ကြည့်သူတွေကို မဲရုံထဲမဝင်ဖို့ တားဆီးခံရတာမျိုးတွေ ရှိတယ်။ လုံးဝမပေးဝင်တာတော့ မဟုတ်ဘူး။ တချို့မဲရုံတွေမှာ ပြည်ထောင်စုအဆင့်က ထုတ်ပေးထားတဲ့ ကတ်တွေ၊ ခွင့်ပြုချက်အပြင် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်စုက ခွင့်ပြုချက်တွေ ပြန်တောင်းခိုင်းတာမျိုးတွေရှိတယ်လို့ ကျွန်တော့်အဖွဲ့ဝင်တွေက သတင်းပေးပို့ကြတာရှိတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်ချက်လေးတွေကို ပြင်ရမယ်လို့ မြင်တယ်”ဟု PACEအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။
PACEအဖွဲ့ကထုတ်ပြန်သည့် ကနဦးအစီရင်ခံစာ တစ်ရပ်တွင်လည်း စောင့်ကြည့်လေ့လာသူများ၏ အခန်းကဏ္ဍနှင့် လုပ်ထုံးလုပ်နည်းများအပေါ် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က သိရှိနားလည်မှု လွဲမှားသဖြင့် PACEအဖွဲ့၏ ကာလရှည် ကာလတို စောင့်ကြည့် လေ့လာသူများကို စောင့်ကြည့်ခွင့်ပြုရန် ငြင်းဆန်ခဲ့မှုအချို့ ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို အပြည့်အဝစောင့်ကြည့်လေ့လာခွင့်ရခဲ့သော်လည်း မဲရုံများ၏ ၈ရာခိုင်နှုန်းခန့်တွင် အချို့အချိန်များတွင် မဲရုံပြင်ပမှသာစောင့်ကြည့်ရန် ကော်မရှင်အဖွဲ့ခွဲများက ညွှန်ကြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
PACEအဖွဲ့ သည် ၂၀၂၀ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရန် ကာလတို စောင့်ကြည့်လေ့လာသူ ၁,၈၈၅ဦးနှင့် မဲရလဒ်စုစည်းရေတွက်ခြင်းကို စောင့်ကြည့်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများသို့ ကာလရှည်စောင့်ကြည့်လေ့လာသူ ၃ဝ၇ဦး စေလွှတ်ထားကြောင်း သိရသည်။ (သတင်း – နော်ဘတ်တီဟန်)

ညနေ ၆:၃၅နာရီ
ရွေးကောက်ပွဲရှုံးနိမ့်မှုအပေါ် ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် ဆက်သွယ်မေးမြန်းချက်
ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ယမန်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၁၈နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၂နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၃၅နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
လက်ရှိအချိန်တွင် မဲရလဒ်များကို ထုတ်ပြန်လျက်ရှိပြီး လက်ရှိအချိန်အထိ ပြည်နယ်လွှတ်တော် (အင်ဂျန်းယန်-၁)တွင် အနိုင်ရရှိထားသည့်ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ အပါအဝင် ကိုယ်စားလှယ်လောင်း လေးဦးသာ အနိုင်ရရှိထားသည်။ ကျန်နေရာများတွင် ပါတီက ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့်အပေါ် ပါတီဒုတိယဥက္ကဋ္ဌဒေါ်ဒွဲဘူကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့သည်။
ရွေးကောက်ပွဲအကြိုကာလတွင် ၎င်းတို့ပါတီသည် မျှတစွာ စည်းရုံးမဲဆွယ်ခွင့်မရရှိခဲ့ကြောင်း ဒေါ်ဒွဲဘူကပြောသည်။
“ကချင်ပြည်နယ်မှာ ကိုဗစ်ဗိုင်းရပ်စ် ပျံ့နှံ့မှုနှုန်းဟာ တခြားတိုင်းနှင့် ပြည်နယ်များနှင့် ယှဉ်ရင် အလွန်နည်းပါးသော်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ချုပ်နှောင်တင်းကျပ်မှု အလွန်ကြီးမားပြီး မမျှမတရှိလွန်းတာကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ရတယ်”ဟု ၎င်းကပြောသည်။
မဲဆွယ်ကာလအတွင်း လူငါးဆယ်ထက်ပိုမစုရ၊ ညအိပ်ညနေမနေရ၊ လူစုလူဝေးနှင့် မဲဆွယ်စည်းရုံးရေးမလုပ်ရ အစရှိသည့် တားမြစ်ချက်များမှာ ပါတီအားလုံးအပေါ် သက်ရောက်မှုရှိရမည် ဖြစ်သော်လည်း အာဏာရပါတီ အင်န်အယ်လ်ဒီကသာ လွတ်လွတ်လပ်လပ် သွားလာစည်းရုံးခွင့်ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ထိုတားမြစ်ချက်များက ကချင်ပြည်နယ်ပြည်သူ့ပါတီကဲ့သို့ တိုင်းရင်းသားပါတီများအပေါ် ကန့်သတ်ထား သကဲ့သို့ ဖြစ်သဖြင့် အင်န်အယ်လ်ဒီပါတီကို မျက်နှာသာပေးခဲ့ကြောင်း ၎င်းကဆိုသည်။
“သူတို့က အာဏာရပါတီဝန်ကြီးတွေ၊ အမတ်တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေနှင့် လွယ်လင့်တကူ တွေ့ခွင့်ရတယ်။ စည်းရုံးမဲဆွယ်ခွင့်ရတယ်။ တိုင်းပြည်အရင်းအမြစ်တွေ ကလည်း သူတို့အတွက်အဆင့်သင့်ပဲ” ဟု ဒေါ်ဒွဲဘူကပြောသည်။
“နောက်တစ်ခုက ကျွန်မတို့က ပြည်နယ်ပါတီအနေနဲ့မဟုတ်ဘဲ ကချင်ပါတီအဖြစ်ပဲ ကြီးကြီးမားမား ပုံဖော်၊ ပုံဖျက်ခံရတဲ့အတွက် ဗမာအများစုနေထိုင်ရာကို သွားလို့မရခဲ့ဘူး။ ကိုဗစ်ရန်ကိုကြောက်ကြတာကြောင့် မဲဆွယ်ဖို့မလွယ်ခဲ့ဘူး ဖိတ်ခေါ်တဲ့နေရာလောက်သာ သွားလာခဲ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အင်န်အယ်လ်ဒီပါတီထောက်ခံသူများသည် ကချင်ပြည်နယ်ပြည်သူ့ပါတီကို ပုံရိပ်ကျဆင်းအောင် အမျိုးမျိုးပုံဖျက်ခဲ့သည်ဟု ၎င်းကဆိုသည်။
“ကျွန်မတို့ကို စစ်တပ်နဲ့ပေးစားတယ်။ စစ်တပ်နဲ့ပေါင်းနေပြီ၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပေါင်းနေပြီ။ ကချင်ပြည်နယ်ပြည့်သူ့ပါတီကိုသာ မဲထည့်ရင် စစ်ဖိနပ်အောက် ပြန်ရောက်မှာ ဆိုတာမျိုးတွေပြောကြ ပုံဖျက်ကြတယ်။ မဲဆန္ဒရှင်တွေနဲ့တွေ့ရင် ကိုယ့်ပါတီမူဝါဒတွေ ကတိကဝတ်တွေ မပြောရဘဲ ဒီအလိမ်အညာတွေပဲဖြေရှင်းနေရတယ်။ ကျွန်မတို့ပြည်သူကို ခြောက်ပြီး အကြောက်တရားတွေသွင်းပြီး မဲဆွယ်မှတော့ ကျွန်မတို့ကို ဘယ်ထောက်ခံရဲပါတော့မလဲ”ဟု ဒေါ်ဒွဲဘူက ပြောသည်။
၎င်းတို့ ရွေးကောက်ပွဲရှုံးနှိမ့်ရခြင်းအကြောင်းအရင်းတွင် ကြိုတင်မဲများကြောင့်လည်း ပါသည်ဟု ၎င်းကဆိုသည်။
“ပြည်ခိုင်ဖြိုးပါတီအတွက် တပ်ကြိုတင်မဲတွေရှိတယ်။ ထွေအုပ်စားရေးမတွေကို ကြိုတင်မဲတွေ အင်န်အယ်လ်ဒီ အတွက်ဖြစ်အောင်လုပ်ဖို့ ညွှန်းကြားထားတာတွေ ကျွန်မတို့မှာ သက်သေရှိတယ်။ ကျွန်မတို့ပြည်သူတွေက အသက်ကြီးသူတွေနဲ့ နယ်ကလူတွေနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာနည်းတော့ ဒါကိုအခွင့်ကောင်းယူ အသုံးချကြတယ်။ ဒီနေရာမှာထု ဒီနေရာမှထုဆိုပြီး (တံဆိပ်တုံး) ညွှန်ကြားတာတွေ၊ မဲဆန္ဒရှင်အစား သူတို့စိတ်ကြိုက် တံဆိပ်တုံးထုလိုက်တာတွေ အပုံကြီးပဲ”ဟု ဒေါ်ဒွဲဘူက ဆက်လက်ပြောကြားသည်။
ယင်းကိစ္စရပ်များကို ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားရန် ပါတီတွင်း တိုင်ပင်ဆွေးနွေးနေသည်ဟု ၎င်းကဆိုသည်။ သို့သော် ကော်မရှင်က မျှမျှတတ ဖြေရှင်းပေး၊ မပေးကိုမူ သူက သံသယဝင်နေသည်။
“ရွေးကော်ကလည်း အင်န်အယ်လ်ဒီအောက်ကပဲ တိုင်တော့ရော ဘားထူးမှာလဲ”ဟု ဒေါ်ဒွဲဘူက ပြောသည်။
အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများသည် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်နှင့် အနိုင်ရရှိနေသည်ဟု ၎င်းဆိုပြီး တစ်ဦးချင်းစီယှဉ်ပါက ၎င်းတို့ပါတီက သာလွန်သည်ကြောင်းလည်း ဒေါ်ဒွဲဘူက ဆိုသည်။
“ဒီရွေးကောက်ပွဲက ဘယ်လိုမှကို တရားမျှတမှုမရှိဘူး။ ဒီလိုအခြေအနေနဲ့ ဒီရလဒ်ဟာ ကျွန်မတို့ တိုင်းရင်းသားတွေအပေါ် လက်နက်နဲ့ရော နိုင်ငံရေးအရရော ဖိနှိပ်နေတယ်ဆိုတာ ပေါ်လွင်စေတယ်။ ပါလီမန်လမ်းကြောင်းအပေါ်မှာ ကျွန်မတို့ယုံကြည်မှု လျော့ပါးသွားပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။ (သတင်း – ပြည့်စုံအောင်)
ညနေ ၅:၀၅နာရီ
မြန်မာရွေးကောက်ပွဲက တရားမျှတ၍ပွင့်လင်းမြင်ဟုဂျပန်ဆို
ယမန်နေ့က ကျင်းပခဲ့သော ၂၀၂၀အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့သော ဂျပန်အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာယိုဟီဆာဆာကာဝကပြောသည်။ အစိုးရသည် ရွေးကောက်ပွဲကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိစွာ ကျင်းပခဲ့သည်ဟု ၎င်းကဆိုသည်။
၎င်းတို့အဖွဲ့ ရွေးကောက်ပွဲနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံ၁၀ခုသို့ သွားရောက်လေ့လာခဲ့စဉ်တွင် ဆန္ဒမဲပြုသူများ စနစ်တကျနှင့် ငြိမ်းငြိမ်းချမ်းချမ်းမဲပေးနေသည်ကို တွေ့မြင်ခဲ့ရသည်ဟု မစ္စတာ ဆာဆာကာဝက ယနေ့ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

“မဲဆန္ဒရှင်တွေက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးကို အပြည့်အဝအသုံးချနိုင်ခဲ့ပါတယ်။ မဲရုံတွေကလည်း ကိုဗစ်-၁၉ အစီအမံတွေကို စနစ်တကျပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်လိုပဲ နိုင်ငံတကာစောင့်ကြည့်အဖွဲ့တွေကလည်း ဒါကို အသိအမှတ်ပြုမယ်လို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။
ဂျပန်နိုင်ငံက ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည်မင်များကို ထောက်ပံ့ပေးထားသည်။ “လူတွေက မင်ဆွတ်ထားတဲ့ လက်ချောင်းတွေကို ဓာတ်ပုံရိုက် ပျော်နေတာမြင်ရတာ ကျွန်တော်လည်း ပျော်ပါတယ်”ဟု ၎င်းကပြောသည်။
ဆာဆာကာဝသည် ရွေးကောက်ပွဲမတိုင်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့သည်အတွက် ကော်မရှင်က ၎င်းက ချီးကျူးခဲ့ပြီး တပ်မတော်သည်လည်း မကြာခင်ပေါ်ပေါက်လာမည့် အရပ်သားအစိုးရနှင့် ပူးပေါင်းမှုများ ဆက်လက်လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူကဆိုသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတွင် မူဝါဒတစ်စုံတစ်ရာပြောင်းလဲလိမ့်မည်မဟုတ်ဘဲ ယခင်အတိုင်း ထောက်ပံ့မှုများဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ်လည်းဖြစ်သူ ဆာဆာကာဝက ၎င်း၏နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြေရှင်းရေးကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ဆိုသည်။ (သတင်း – ဆွေလဲ့မွန်)
ညနေ ၄:၅၂နာရီ
အစိုးရဖွဲ့နိုင်ပြီဟု အင်န်အယ်လ်ဒီဆို
ပါတီတွင်းရရှိထားသော မဲရလဒ်စာရင်းများအရ အစိုးရဖွဲ့စည်းနိုင်ရန်လိုအပ်သော ပြည်ထောင်စုအဆင့် လွှတ်တော်များအတွက် ကိုယ်စားလှယ် အရေအတွက် ၃၂၂နေရာအနိုင်ရရှိပြီဖြစ်ကြောင်း အင်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ၂၀၁၅အထွေထွေရွေးကောက်ပွဲထက် အနိုင်ရရှိမှုပိုများခဲ့ပြီး တိုင်းရင်းသားဒေသများတွင်လည်း ၂၀၁၅ကကဲ့သို့ပင် အနိုင်ရရှိစေကာမူ အစိုးရဖွဲ့နိုင်မည်ဟု ၎င်းကဆိုသည်။
“တိုင်းရင်းသားဒေသတွေဘက်က ရလဒ်ကိုတော့စောင့်နေပါတယ်။ ဒါပေမဲ့လည်း ၂၀၁၅လိုမျိုးပဲ နိုင်မယ်ဆိုရင်တောင် လွတ်လွတ်ကျွတ်ကျွတ်ဖွဲ့နိုင်ပါပြီ။ အဲဒီအတွက်လည်း ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
ထို့ပြင် ကြိုတင်မဲကိစ္စရပ်များနှင့်ပတ်သက်သည့် အငြင်းပွားမှုများကိုလည်း အန်အယ်လ်ဒီဘက်မှ စတင်တိုင်ကြားရန်အစီအစဥ်မရှိကြောင်းနှင့် ပါတီကိုရည်ညွှန်းတိုင်ကြားလာပါကလည်း ဥပဒေကြောင်းအရဖြေရှင်းမည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။ (သတင်း – ရဲမွန်)

(သူရဇော် | ဖရွန်းတီးယားမြန်မာ)
ညနေ ၄:၁၄နာရီ
ရှမ်းပြည်နယ်အတွင်းမှ မဲရလဒ်အခြေအနေများ
ရှမ်းပြည်နယ်အတွင်းမြို့နယ်များတွင် မဲရလဒ်များအတိအကျမထွက်သေးသော်လည်း လူဦးရေများပြားသည့် မြို့ကြီးများတွင် အင်န်အယ်လ်ဒီပါတီက ဦးဆောင်နေသည်။ အထူးသဖြင့် လားရှိုး၊ ကျိုင်းတုံ ကဲ့သို့သော မြို့နယ်များတွင် ၂၀၁၅ရွေးကောက်ပွဲက အင်န်အယ်လ်ဒီအနိုင်ရရှိမှု နည်းပါးခဲ့သော်လည်း လက်ရှိမဲရေတွက်မှုအရ အင်န်အယ်လ်ဒီက အပြတ်အသတ် ဦးဆောင်နေသည်။
၂၀၁၅ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတိုင်းဒေသကြီးမဲဆန္ဒနယ်(၁) တွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဒေါက်တာလင်းထွဋ်အနိုင်ရရှိခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ လက်ရှိမဲရေတွက်မှုအရ အင်န်အယ်လ်ဒီပါတီသည် လားရှိုးပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်ခုလုံးနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များအတွက် အနိုင်ရရန် အလားအလာကောင်းနေသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးစိုင်းမြင့်အောင်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲကျင်းပသည့် မြို့နယ် ၁၉ခု အနက် အင်န်အယ်လ်ဒီပါတီက လားရှိုး၊ နောင်ချိုနှင့် မိုးမိတ်စသည့် မြို့နယ်များတွင် မဲရလဒ်အပြတ်အသတ်ဖြင့် ဦးဆောင်နေသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် မဲရေတွက်မှု မပြီးဆုံးသေးသော်လည်း သီပေါ၊ ကျောက်မဲ၊ နမ္မတူစသည့် မြို့နယ်များတွင်လည်း အနိုင်ရရန် အလားလာကောင်းနေသည်ဟု ဦးစိုင်းမြင့်အောင်ကဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ခရိုင်သုံးခုနှင့် မြို့နယ်၂၀တွင်ရွေးကောက်ပွဲ ကျင်းပသည့်အနက် အင်န်အယ်လ်ဒီပါတီက ညောင်ရွှေ၊ ကလော၊ ရွာငံစသည့် ဒေသသုံးခုတွင် အနိုင်ရရန် အခြေအနေကောင်းနေသည်ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်န်အယ်လ်ဒီပါတီအတွင်းရေးမှူး ဦးမောင်မောင်စိန်က ဆိုသည်။
ကလောမြို့နယ်တွင်မူ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အင်န်အယ်လ်ဒီပါတီဝင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကို အနိုင်ရရန် နီးစပ်နေသည်။ သို့သော် ပြည်နယ်မြို့တော် တောင်ကြီးတွင် ပါတီနှစ်ခုအကြားရလဒ်က အကြိတ်အနယ်ဖြစ်နေသေးသည်။
ထို့ပြင် ရှမ်းတောင်ပိုင်းဒေသရှိ လင်းခေးနှင့် လွိုင်လင်မြို့နယ်များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ခိုင်ဖြိုးကို ယှဉ်နိုင်သည်အထိ အားကောင်းနေပြီး ကျန်မြို့နယ် ၁၀ ခုကျော်တွင် ထိုပါတီနှစ်ခု၏ မဲရလဒ်များကို စောင့်ဆိုင်းရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အင်န်အယ်လ်ဒီပါတီက ရပ်စောက်မြို့နယ်တွင်လည်း အနိုင်ရနိုင်ခြေမြင့်မားနေကြောင်း သိရသည်။
“မဲရုံတွေက အလှမ်းဝေးတာတွေ သွားလာရခက်ခဲတာတွေ။ ဒါ့ပြင် ဝန်ထမ်းတွေပင်ပန်းတာကြောင့် အနည်းငယ်ကြာနေပါတယ်။ ဒါပေမဲ့ ဒီညမတိုင်ခင်တော့ ပြတ်ပြတ်သားသားသိရမယ်ထင်ပါတယ်”ဟု တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတစ်ဦးကပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အင်န်အယ်လ်ဒီပါတီ၏ မဲများက လွှတ်တော်သုံးရပ်လုံးအတွက် အသာစီးရနေသည်ဟု ကျိုင်းတုံမြို့ အင်န်အယ်လ်ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဝမ် ကပြောသည်။ ကျိုင်းတုံမြို့သည် ၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီ သုံးနေရာစလုံးရှုံးပြီး ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သည့် မဲဆန္ဒနယ်ဖြစ်သည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)အတွက် တစ်နေရာအနိုင်ရရှိခဲ့သည်။
၂၀၁၅ က ရှုံးခဲ့သည့် နေရာတွင် မဲအသာစီးရ၍ နိုင်ခြေများနေသောကြောင့် အနိုင်ရရှိပါက အောင်ပွဲသစ်ရေးထိုးနိုင်မည်ဟု ဦးစိုင်းဝမ်က ပြောသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကိုးမြို့နယ်ရှိသည့်အနက် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ခုနှစ်မြို့နယ်နိုင်ပြီး အင်န်အယ်လ်ဒီပါတီက နှစ်မြို့နယ်တွင်သာနိုင်ခဲ့သည့် မှတ်တမ်းရှိသည်။ ယခု မဲရလဒ်များအရလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံနှင့် တာချီလိတ်တို့တွင် မဲရလဒ်များအခြေအနေကောင်းပြီး ကျန်ရှိသော မြို့နယ်များအားလုံးတွင် ပြည်ခိုင်ဖြိုးက နိုင်ခြေများနေသည်ဟု ဦးစိုင်းဝမ်က ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မဲဆန္ဒနယ်အများစုတွင် မဲအသာရခဲ့သဖြင့် ပြည်နယ်အတွင်း နေရာအများဆုံးအနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်လွှတ်တော်အတွင်း အင်အားအကြီးဆုံးပါတီဖြစ်ခဲ့ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကို ခန့်အပ်နိုင်ခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ရှမ်းမြောက်ပိုင်းတွင် အများဆုံးအနိုင်ရခဲ့သဖြင့် ပြည်နယ်လွှတ်တော်တွင် ဒုတိယအင်အားအကြီးဆုံးပါတီဖြစ်ခဲ့သည်။
လက်ရှိကနဦးမဲရလဒ်များအရ အင်န်အယ်လ်ဒီပါတီသည် ယခင်က အနိုင်မရဖူးသော မြို့နယ်ကြီးများတွင် အနိုင်ရသော်လည်း ရှမ်းပြည်နယ်တစ်ခုလုံးတွင် နေရာအများဆုံးအနိုင်ရရန် နိုင်ခြေနည်းပါးနေသည်။ (သတင်း – ဟိန်းသာ)

ညနေ ၃:၁၅နာရီ
ပဲခူးတိုင်းဒေသကြီးတွင် အင်န်အယ်လ်ဒီက ရာနှုန်းပြည့်အနိုင်ရဟုဆို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလဒ်များကို တရာဝင်ထုတ်ပြန်ပေးခြင်း မရှိသေးသော်လည်း ပဲခူးတိုင်းဒေသကြီးအန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့၏ ပြောဆိုချက်အရ တိုင်းဒေသကြီးတွင် ရာနှုန်းပြည့်အနိုင်ရရှိထားပြီဟု သိရသည်။
ပဲခူးတိုင်းဒေသကြီးအန်အယ်လ်ဒီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဇေယျာအောင်က ပါတီတွင်းရရှိထားသည့် စာရင်းရလဒ်များအရ ပဲခူးတိုင်းဒေသကြီးတွင် ပြည်ခိုင်ဖြိုးပါတီ အားကောင်းသည့် ဇီးကုန်းမြို့နယ်အပါအဝင် နေရာအားလုံးတွင် အနိုင်ရရှိခဲ့သည်ဟု ဆိုသည်။
ပဲခူးတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၈နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၅၆နေရာရှိသည်။
ဇီးကုန်းမြို့နယ်သည် ၂၀၁၀နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နေရာအားလုံးတွင် အနိုင်ရရှိခဲ့ပြီး ၂၀၂၀ခုနှစ်ရွေးကောက်ပွဲမှသာ အန်အယ်လ်ဒီက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ဇီးကုန်းမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်သန်းအေးက ဇီးကုန်းမြို့နယ် ပြည်သူများက အပြောင်းအလဲတစ်ရပ်လိုအပ်နေသည့်အတွက် အန်အယ်လ်ဒီကို မဲပေးခဲ့ကြ၍ အနိုင်ရရှိသည်ဟုထင်မြင်ကြောင်း ဖရွန်းတီးယားမြန်မာကို ပြောသည်။
“ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာက ဒုတိယသမ္မတဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်းတို့ ဝင်ပြိုင်တော့ လူသိများတယ်ပေါ့နော်။ အဲဒါကိုမယှဥ်နိုင်ခဲ့ကြဘူးပေါ့။ အခုတော့ ဝန်ကြီးချုပ်ဟောင်းက ပြန်ပြိုင်တာတောင်နိုင်တယ်ဆိုတော့ ပြည်သူတွေက တကယ့်အပြောင်းအလဲကို လိုချင်တာကြောင့်လို့ ထင်ပါတယ်”ဟု ၎င်းကပြောသည်။ (သတင်း – ရဲမွန်)
ညနေ ၃:၀၀နာရီ
ချင်းတွင် အင်န်အယ်လ်ဒီက လွှတ်တော်၃၉နေရာအနက် ၃၆နေရာအနိုင်ရထား
ချင်းပြည်နယ်တွင် အင်န်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော် ကိုးနေရာအနက် ရှစ်နေရာနှင့် အမျိုးသားလွှတ်တော် ၁၂နေရာစလုံးကို အနိုင်ရရှိထားကြောင်း ပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ပြည်နယ်လွှတ်တော်အတွက် ၁၈နေရာအနက် ၁၆နေရာတွင်အနိုင်ရရှိထားပြီး စုစုပေါင်း ၃၆နေရာအနိုင်ရရှိထားကြောင်း ၎င်းကဆိုသည်။ ၂၀၁၅တွင် စုစုပေါင်း ၃၉နေရာအနက် နေရာ၃၀တွင် အနိုင်ရခဲ့ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် ၃၆နေရာအထိ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းကရေးသားထားသည်။
မွန်လွဲ ၂:၄၈နာရီ
ဇေယျာသီရိတွင် ဦးသန်းဌေးကြိုတင်မဲကြောင့်နိုင်သည့်ကိစ္စ မဟုတ်ဟုဆို
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေသည် ဇေယျာသီရိမြို့နယ်တွင် ညဉ့်နက်မှရောက်လာသည့် ကြိုတင်မဲများကြောင့် အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကို အနိုင်ရရှိခဲ့သည်ဆိုသည့် သတင်းများကိုမြို့နယ်ကော်မရှင်အဖွဲ့ခွဲက ငြင်းဆိုလိုက်သည်။
မဲများရေတွက်ရာတွင် အချိန်နောက်ကျခဲ့ခြင်းသာဖြစ်ပြီး အွန်လိုင်းတွင် ရေးသားနေကြသကဲ့သို့ မသမာမဲများမရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးမောင်မောင်ကဆိုသည်။
ယမန်နေ့ညက ဦးသန်းဌေးအနိုင်ရပြီးနောက်တွင် လူမှုကွန်ရက်စာမျက်နှာများတွင် ၎င်းသည် နောက်ကျမှရောက်လာသည့် ကြိုတင်မဲများကြောင့် အနိုင်ရသည်ဟုဆိုထားသည့် ရေးသားမှုများ ပျံ့နှံ့ခဲ့သည်။
ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတစ်ဦးက အဆိုပါမဲ ၃,၀၀၀ဝန်းကျင်သည် မဲဆန္ဒနယ်ပြင်ပရောက် တပ်မဲများဖြစ်ပြီး အောက်တိုဘာလ နောက်ဆုံးပတ်ကတည်းက ရောက်ရှိလာသည့် ဆန္ဒမဲများဖြစ်ကြောင်း ဆိုသည်။
နေပြည်တော်တွင် မဲဆန္ဒနယ် ၁၀ခုအနက် ဇေယျာသီရိမြို့နယ်မှအပ ကိုးနေရာတွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိထားသည်။ (သတင်း – ပေးပို့)
မွန်းလွဲ ၂:၂၀နာရီ
မွန်ညီညွတ်ရေးပါတီ ၁၁နေရာအနိုင်ရ
မွန်ပြည်နယ်မှာ မွန်ညီညွတ်ရေးပါတီ က ၁၁နေရာ အနိုင်ရထားကြောင်း ပါတီအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။
“ကျွန်တော်တို့ ရထားတဲ့ စာရင်းတွေအရ မွန်ပြည်နယ်မှာ ကျွန်တော်တို့ပါတီက ၁၁နေရာ အနိုင်ရထားတယ်။ အမျိုးသားလွှတ်တော် သုံးနေရာ၊ ပြည်သူ့လွှတ်တော် နှစ်နေရာ၊ ပြည်နယ်မှာခြောက်နေရာ။ ကျွန်တော်တို့ ကရင်ပြည်နယ်မှာဆိုရင်လည်း ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ ဝင်ပြိုင်ထားတာလည်းရှိတယ်။ အဲ့ဒီရလဒ်တွေက ကျွန်တော်တို့ဆီက ကိုယ်စားလှယ်တွေက မပို့လာသေးလို့ မသိရသေးဘူး။ အဲ့ဒီနေရာတွေမှာလည်း အပြောင်းအလဲရှိနိုင်ပါတယ်”ဟု သူကပြောသည်။
မွန်ညီညွတ်ရေးပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ၁၂ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၇ဦး၊ ပြည်နယ်နှင့်တိုင်းလွှတ်တော်အတွက် ၃၄ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးအတွက် နှစ်ဦး၊ စုစုပေါင်း ၆၅ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြည်သူ့အဆုံးအဖြတ်ကို လက်ခံမည်ဖြစ်သဖြင့် မည်သည့်မှတ်ချက်မျှ မပေးလိုကြောင်း ၎င်းကဆိုသည်။
သံဖြူဇရပ်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်မင်းလတ်က ပါတီ၏ လတ်တလော ရွေးကောက်ပွဲ ရလဒ်များသည် ယခင်က မျှော်မှန်းထားသည်ထက် လျော့နည်းသော်လည်း “မဆိုးဘူး”ဟု ဆိုနိုင်ကြောင်း ပြောသည်။
“ရလဒ်တွေလည်း တရားဝင်မကြေညာသေးတော့ အခုကတော့ ဘာကြောင့် မျှော်လင့်ထားသလောက် အနိုင်မရသလဲ ဆိုတာ မှတ်ချက်ပြုဖို့တော့စောသေးတယ်။ အကြမ်းဖျဉ်းအနေနဲ့ပြောရရင် ပါတီကလည်း ပေါင်းစည်းထားကာစပေါ့။ ပေါင်းစည်းထားပြီး သေချာလုပ်တော့မယ်ဆိုတဲ့ အချိန်မှာ ကိုဗစ်ကာလ ဝင်လာတယ်။ ကျွန်တော်တို့ ထင်သလောက်စည်းရုံးရေးတွေ၊ တွေ့ဆုံဆွေးနွေးတာတွေ လုပ်မနိုင်ခဲ့ဘူး”ဟု နိုင်မင်းလတ်ကပြောသည်။ (သတင်း – နော်ဘတ်တီဟန်)
နေ့လယ် ၁၂:၅၀နာရီ
ကော်မရှင်အီးမေးလ်တိုက်ခိုက်ခံခဲ့ရသည်ဟုဆို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်အင်တာနက်အီးမေးလ်လိပ်စာ ယမန်နေ့ညက တိုက်ခိုက်ခံခဲ့ရသော်လည်း ပြန်လည်ရယူခဲ့ပြီးဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည်။ ကော်မရှင်၏ တရားဝင်အီးမေးလ်လိပ်စာကို အသုံးပြု၍ မမှန်ကန်သော အကြောင်းအရာများ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။ ယင်းသို့ ကော်မရှင်အီးမေးလ်လိပ်စာမှ ပေးပို့လာသည့် အကြောင်းအရာများလက်ခံရရှိပါက ကော်မရှင်သို့ ဆက်သွယ်၍ အတည်ပြုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ည၁၂:၁၀နာရီ
မရမ်းကုန်းတွင် အင်န်အယ်လ်ဒီနိုင်ဟုဆို
မရမ်းကုန်းတွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ ပြိုင်ဘက်များကို အနိုင်ရရှိခဲ့ကြောင်း တိုင်းဒေသကြီး၊ လွှတ်တော်မဲဆန္ဒနယ်(၁)ကိုယ်စားလှယ်လောင်း ဦးရန်ရှင်းက ယနေ့ည ၁၁:၃၀နာရီတွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
“မဲရလဒ်တွေကတော့ အခုထိမဆုံသေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က နိုင်ပါတယ်။ မရမ်းကုန်းမှာ နေရာအကုန်လုံးနိုင်ပါတယ်”ဟု ဦးရန်ရှင်းကပြောသည်။
ယင်းမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အင်န်အယ်လ်ဒီပါတီဝင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းက ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်လောင်း ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ခိုင်ဖြိုးနှင့်အခြားပါတီများက ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ဒေါက်တာမေဝင်းမြင့်သည် မရမ်းကုန်းပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်မှစ၍ တောက်လျှောက် အနိုင်ရရှိထားသည်။
“ကျွန်တော်တို့ ပြတ်ပြတ်သားသားနိုင်ပါတယ်။ နေရာတော်တော်များကို အနိုင်ရသွားပါတယ်။ အဲဒီလောက်ပဲ ပြောလို့ရတယ်။ မဲရလဒ်အတိအကျကို ကော်မရှင်က ထုတ်ပြန်ပါလိမ့်မယ်”ဟု ဦးရန်ရှင်းက ပြောသည်။ (သတင်း – ကောင်းဆက်နိုင်)
ည ၁၂:၀၀နာရီ
ကယားမြို့နယ်သုံးခုတွင် အင်န်အယ်လ်ဒီရှုံးနိမ့်နေ
ကနဦးမဲရေတွက်မှုများအရ ကယားပြည်နယ်ရှိ ဘောလခဲ၊ ရှားတောနှင့် ဖရူဆိုမြို့နယ်များတွင် အင်န်အယ်လ်ဒီပါတီ ရှုံးနိမ့်နေသည်ဟု ကယားပြည်နယ်ပါတီဥက္ကဋ္ဌဦးသောင်းဌေးက ဖရွန်းတီးယားမြန်မာကို အတည်ပြုပြောဆိုသည်။
“ရှားတောမှာ စစ်တပ်မဲကြောင့် အထိနာတာ။ ရှားတောမှာ အရင်ကတပ်မတော်သား နည်းနည်းလေးပဲရှိတာ။ ရွေးကောက်ပွဲနီးမှ ရွေ့လျားတပ်တွေချလိုက်တာ။ သူတို့ကြိုတင်မဲပေးလိုက်တာ ၃၈၀လောက်ရှိတယ်”ဟု ဦးသောင်းဌေးကပြောသည်။
ထို့အတူ ဖရူဆိုမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကတစ်ပါတီက မဲရေတွက်မှုတွင် အားကောင်းနေသည်ဟု သူကပြောသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ထောက်ခံအားပေးမှုဖြင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက နေရာအများစုတွင် အနိုင်ရနိုင်ဖွယ်ရှိသည်ဟု ဦးသောင်းဌေးကပြောသည်။
“အခုအင်န်အယ်လ်ဒီအနိုင်ရဖို့သေချာတာက လွိုင်ကော်၊ ဖားဆောင်းနဲ့ မယ်စဲ့ပဲရှိတယ်။ ဘောလခဲနဲ့ ရှားတောမှာတော့ ရှုံးနေတယ်လို့ကြားပါတယ်”ဟု ဦးသောင်းဌေးကပြောသည်။
ကယားပြည်နယ်ဒီမိုကတစ်ပါတီ၏ အတွင်းရေးမှူး ဒေါ်မာရီထွန်းကမူ တိုင်းရင်းသားအများစုနေထိုင်သည့် ဖရူဆိုနှင့် ဒီမောဆိုတို့တွင် ပါတီကအခြေအနေကောင်းနေသည်ဟုပြောသည်။ ကျန်နေရာများ၏ ရလဒ်ကိုမူ အတိအကျမပြောနိုင်သေးပေ။
ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်အတွင်းရေးမှူး ဦးမော်ရယ်ကမူ ပါတီ၏အနိုင်အရှုံးရလဒ်များကို နိုဝင်ဘာ ၉ရက်တွင် အတည်ပြုပေးမည်ဟု ပြောသည်။ (သတင်း – အိအိတိုးလွင်)
ည ၁၁:၅၅နာရီ
မွန်ပြည်နယ်တစ်ဝန်းက မဲရေတွက်မှုအခြေအနေ
မော်လမြိုင်မြို့ပေါ်က မဲရုံတွေမှာ အင်န်အယ်လ်ဒီပါတီ အသာစီးရနေတယ်လို့ မဲရုံလေ့လာစောင့်ကြည့်သူတွေကဆိုပါတယ်။ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိဘက်ခြမ်းမှာရှိတဲ့ မဲရုံတော်တော်များများမှာ အင်န်အယ်လ်ဒီပါတီက အသာစီးရနေတယ်လို့ ကရင်ကျောင်းရပ်ကွက် မဲရုံအမှတ်(၁)မှာ တာဝန်ထမ်းဆောင်နေတဲ့ ဦးကျော်ကျော်ဟန်က ပြောပါတယ်။
“ကျွန်တော်တို့ မဲရုံမှာဆိုလည်း မဲက နှစ်ဆလောက်ကွာနေတယ်။ အင်န်အယ်လ်ဒီက အသာစီးရနေတယ်။ မဲတွေကတော့ အခုထိရေလို့မပြီးသေးဘူး။ အခုထိ ရေထားသလောက်က အင်န်အယ်လ်ဒီကပဲ နိုင်ဖို့များနေတယ်”လို့ ဦးကျော်ကျော်ဟန်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။
ရွှေမြိုင်သီရိရပ်ကွက်က မဲရုံတွေမှာလည်း အင်န်အယ်လ်ဒီပါတီက အနိုင်ရနေတယ်လို့ သတင်းရရှိကြောင်း သူကဆိုပါတယ်။
“ကျွန်တော်တို့ မဲရုံတာဝန်ယူထားတဲ့ သူတွေ အချင်းချင်းဆက်သွယ်ရင်း သိရတာတော့ မြို့ပေါ်က မဲရုံတော်တော်များများမှာ အင်န်အယ်လ်ဒီက အသာစီးတော်တော်ရနေတယ်”လို့ ဦးကျော်ကျော်ဟန်က ပြောပါတယ်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာတော့ မွန်ညီညွတ်ရေးပါတီက ဦးဆောင်နေပြီး အနိုင်ရဖို့ အလားအလာများနေတယ်လို့ ချောင်းဆုံဒေသခံ မိစမ်းစမ်းဦးက ဆိုပါတယ်။
“ကျွန်မတို့မဲရုံတွေ လျှောက်ကြည့်တယ်။ လျှောက်မေးတယ်လေ။ ဘယ်သူသာနေလဲမေးရင် မွန်ပါတီပဲ ပြောကြတယ်။ ကော်မရှင်က မကြေညာသေးပေမဲ့၊ ရလဒ်အတိအကျမထွက်သေးပေမဲ့ ချောင်းဆုံမှာတော့ မွန်ပါတီပဲ အောင်ပွဲခံမယ်လို့ ကျွန်မကတော့ ယုံကြည်တယ်”လို့ မိစမ်းစမ်းဦးက ဆက်ပြောပါတယ်။
မော်လမြိုင်မြို့နယ် ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) အ.ထ.ကကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပန်းဘဲတန်းမဲရုံအမှတ်(၁) မှာ သတင်းယူနေတဲ့ မော်လမြိုင် အခြေစိုက်သတင်းထောက် ကိုနေမင်းကတော့ မဲရလဒ်တွေဟာ ညသန်းခေါင်အချိန်မှ ပြီးနိုင်ဖွယ်ရှိပြီး ရလဒ် အတိအကျကို နို်ဝင်ဘာလ၉ရက်မှ ထုတ်ပြန်မယ်လို့ သတင်းရကြောင်း ဆိုပါတယ်။
သူသတင်းယူနေတဲ့ မဲရုံဟာလည်း မဲရေတွက်နေဆဲဖြစ်ပြီး လတ်တလောရေတွက်ပြီးတဲ့အထိတော့ အင်န်အယ်လ်ဒီပါတီက အနိုင်ရနေတယ်လို့ သူကဆိုပါတယ်။ (သတင်း – နော်ဘတ်တီဟန်)
ည ၁၁:၄၅နာရီ
အမ်းရှိ တပ်မဲရုံနှစ်ခုတွင် ပြည်ခိုင်ဖြိုးအပြတ်သတ်ဦးဆောင်
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တပ်မဲရုံနှစ်ခုတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရလျက်ရှိကြောင်း ရခိုင်အမျိုးသားပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်က ယနေ့ည ၉နာရီခန့်တွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
မြို့ပေါ်ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စုလေးခုတွင်သာ ကျင်းပသည့် အမ်းတွင် မဲရုံပေါင်း၁၆ရုံရှိပြီး တပ်မဲရုံလေးခုခုရှိသည်ဟု ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
“ကြံ့ခိုင်ရေးက အများဆုံးနိုင်ထားတယ်။ ကျန်တဲ့ ပါတီတွေက တစ်မဲရတယ်။ နှစ်မဲရတယ်”ဟု ရခိုင်အမျိုးသားပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်ကပြောသည်။

တပ်မဲရုံဖြစ်သည့် အမ်းတောင်ရပ်ကွက် မဲရုံအမှတ်(၄)တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးအမတ်လောင်း ဦးတင်အောင်က ၂၈၅ မဲရရှိခဲ့သည်။ ကျန်ပါတီများမှ ကိုယ်စားလှယ် လောင်းများက ငါးမဲနှင့်အောက်သာ ရရှိခဲ့သည်။
အခြားတပ်မဲရုံတစ်ခုဖြစ်သည့် လုံးကောက်ကျေးရွာအုပ်စု မဲရုံအမှတ် (၆)တွင် ပြည်ခိုင်ဖြိုးပါတီက မဲ ၄၄၀ဖြင့် ဦးဆောင်နေသည်။ ကျန်ပါတီဝင် ကိုယ်စားလှယ်လောင်းများကမူ သုံးမဲနှင့်အောက်သာ ရရှိခဲ့သည်။
“ကျန်တဲ့ ပြည်နယ်လွှတ်တော်(၁) နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက်လည်း အဲဒီ မဲရုံနှစ်ခုမှာ ပြည်ခိုင်ဖြိုးကပဲ နိုင်တယ်”ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
အမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ပြည်နယ်မဲဆန္ဒနယ်(၁)တို့မှာ ၂၀၁၅တွင်လည်း ပြည်ခိုင်ဖြိုးကသာ ကြိုတင်မဲများဖြင့် အနိုင်ရခဲ့သည်။ (သတင်း – ကောင်းဆက်နိုင်)
ည ၁၁:၃၀နာရီ
ဘောလခဲ မဲဆန္ဒနယ်အားလုံးတွင် အင်န်အယ်လ်ဒီ ထပ်မံရှုံးနိမ့်ဖွယ်ရှိနေ
ပြည်ခိုင်ဖြိုးပါတီ အမာခံနယ်မြေဖြစ်သည့် ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် မဲဆန္ဒနယ်ငါးခုစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ)က ထပ်မံရှုံးနိမ့်ရန် ရာခိုင်နှုန်းများနေသည်။
“ကျွန်တော်တော်တော်လေး ဒေါ်သထွက်နေတယ်ဗျာ။ တော်တော်များများရှုံးဖို့ရှိနေပြီ။ လူထုက ဦးစိုးသိန်းနောက်ကို ခုထိလိုက်နေတုန်းပဲ။ သူတို့အများကြီးလည်းရတာ မရဘူး။ တစ်သောင်း၊ နှစ်သောင်းနဲ့ အခုလိုမျိုးဖြစ်တာ ကျွန်တော် တော်တော်စိတ်မကောင်းဘူး”ဟု ဘောလခဲမြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဦးစိုင်းကြီးက ဖရွန်းတီးယားမြန်မာကိုပြောသည်။
တပ်မဟာတစ်ခု၊ တပ်ရင်းသုံးရင်းနှင့် နယ်ခြားစောင့်တပ်တစ်ခု အခြေစိုက်သည့် မြို့လေးတွင် တပ်မတော်မဲများသည် မျှော်လင့်ထားသည့်အတိုင်း ပြည်ခိုင်ဖြိုးပါတီအတွက်သာဖြစ်ခဲ့သည်ဟု ၎င်းကပြောသည်။
“ကျွန်တော်ကအရင်က တပ်မဲကြောက်တာအခုတော့ လူထုကပါ ဦးစိုးသိန်းနောက်ပါသွားတယ်။ သူတော်တော်လေး လုပ်နိုင်တယ်လို့ပြောရမယ်”ဟု ဦးစိုင်းကြီးကပြောသည်။
ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများက ဝန်ပလက်ကျေးရွာတွင် ရွာသားများကို အင်န်အယ်လ်ဒီအား မဲထည့်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများရှိခဲ့သည်ဟု သူကပြောသည်။ ထိုဖြစ်စဉ်ကို သက်သေအချက်အလက်များနှင့်အတူ ကော်မရှင်ထံ တိုင်ကြား သွားမည်ဟု ဦးစိုင်းကြီးကဆိုသည်။
၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အပါအဝင် မဲဆန္ဒနယ်လေးခုတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားပြီး ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉) ကို တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးစိုးသိန်းက အနိုင်ရရှိထားသည်။
ဦးစိုးသိန်းသည် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သည့်တိုင် ပါတီတွင်း ပြဿနာများကြောင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့ရသည်။ သို့သော် ၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသို့ပြန်လာပြီး ဘောလခဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရန် သေချာသလောက်ရှိနေပြီဖြစ်သည်။ (သတင်း – အိအိတိုးလွင်)
ည ၁၀:၀၀နာရီ
ဆိပ်ကြီးခနောင်တိုတွင် အင်န်အယ်လ်ဒီပါတီအနိုင်ရ
ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မဲရုံများအားလုံးတွင် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိကြောင်း အင်န်အယ်လ်ဒီပါတီ၏ ဆိပ်ကြီးခနောင်တိုမြို့နယ် ပါတီပြန်ကြားရေးတာဝန်ခံ ဦးဝင်းနိုင်က အတည်ပြုပြောကြားသည်။
စာရင်းများအတိအကျ မထွက်သေးသော်လည်း မဲရုံအသီးသီးမှရရှိသည့် ရလဒ်များကို တွက်ချက်မှုအရ အင်န်အယ်လ်ဒီအနိုင်ရခြင်းကို အတည်ပြုနိုင်ကြောင်း ဦးဝင်းနိုင်ကဆိုသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးသစ်လွင်ကမူ စာရင်းအတိအကျ မထွက်သေးသဖြင့် အတည်မပြုပေးနိုင်သေးကြောင်း ပြောသည်။
“ရပ်ကွက်တွေထဲမှာတော့ အဲဒီလိုသတင်းတွေ အများကြီးကြားတယ်။ ဒါပေမဲ့ ဦးတို့ဆီကို မဲရုံအားလုံးရဲ့ ရလဒ်တွေမရောက်လာသေး၊ မတွက်ချက်ရသေးတော့ အတည်ပြုပေးဖို့ ခက်တယ်”ဟု ဦးသစ်လွင်က ပြောသည်။
“နောက်နှစ်နာရီလောက်ဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ အတိအကျ ပြောပေးလို့ရပါပြီ”ဟု ဦးသစ်လွင်က ပြောသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇,၀၀၀ကျော်ရှိပြီး မဲရုံ ၃၅ရုံရှိသည်။ ရဲချုပ်ဟောင်းနှင့် လဝကဝန်ကြီးဟောင်းလည်းဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီ ဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။ (သတင်း – နော်ဘတ်တီဟန်)
ည ၉:၅၀နာရီ
ပြည်ခိုင်ဖြိုးအမာခံဒေသတွင် အင်န်အယ်လ်ဒီအားသာနေ
မိတ္ထီလာ၊ ရမည်းသင်း၊ သာစည်နှင့် ပျော်ဘွယ်စသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေများတွင် ယနေ့ပေးခဲ့သည့် ဆန္ဒမဲများ ရေတွက်ရာ ကနဦး ရလဒ်များအရ အင်န်အယ်လ်ဒီပါတီက အသာရနေကြောင်း ဒေသခံများက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်ရှိ မဲရုံအမှတ်(၅)တွင် အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းများက တစ်ဦးလျှင် ဆန္ဒမဲ ၅၅၀ဆီဖြင့် မဲရေတွက်မှုကို ဦးဆောင်နေကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးထိန်မင်းခိုင်က ပြောသည်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကမူ ဆန္ဒမဲ ၂၂၀မှ ၂၃၀အတွင်း ရရှိနေကြောင်း ၎င်းကဆိုသည်။
မိတ္ထီလာမြို့နယ်၏ ကျေးလက်ဒေသများတွင်လည်း အင်န်အယ်လ်ဒီပါတီက မဲရေတွက်မှုကို ဦးဆောင်နေသည်။ လက်ပံကုန်းရွာတွင် အင်န်အယ်လ်ဒီပါတီက ဆန္ဒမဲ ၃၅၀ခန့် ရရှိထားပြီး ပြည်ခိုင်ဖြိုးက ၃၀၀ခန့်သာ ရရှိနေသည်။
“ရမည်းသင်းမြို့နယ်က ကျေးရွာတွေ ဥပမာ ထန်းတော၊ လွှဇင်းခင်၊ သပြေဆန်း အဲဒီရွာတွေမှာလည်း အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးအကြားက မဲကွာခြားမှုက ၁၀၀လောက်ရှိတယ်”ဟု ရမည်းသင်းမြို့ခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းမြင့်က ပြောသည်။
ရမည်းသင်းအခြေစိုက် သီလဝါသတင်းဌာန၏အဆိုအရ ပျော်ဘွယ်မြို့နယ် ရွှေပြည်ရန်အောင်ရပ်ကွက်၊ မဲရုံအမှတ်(၁)တွင် အင်န်အယ်လ်ဒီပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမောင်က ဆန္ဒမဲ ၂၉၀ခန့် ရရှိထားပြီး ပြည်ခိုင်ဖြိုးပါတီဝင်နှင့် လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသောင်းအေးက ၉၆မဲသာ ရရှိထားသည်။ (သတင်း – ဆွေလဲ့မွန်)

ည ၉:၃၀နာရီ
ကြာအင်းဆိပ်ကြီးက ရွာမဲရုံအချို့တွင် အင်န်အယ်လ်ဒီအားသာနေ
ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စုရှိ မဲရုံများတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) အတွက် မဲများစတင်ရေတွက်နေပြီဖြစ်သည်။ မဲလာပေးသူဦးရေ များပြားလွန်းလှသဖြင့် ည၈:၀၀နာရီကျော်မှ မဲများကို စတင်ရေတွက်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် အင်န်အယ်လ်ဒီပါတီက မဲများ အားသာနေကြောင်း မဲရုံလေ့လာစောင့်ကြည့်သူများက ဆိုသည်။ ခလယ်ကျေးရွာအုပ်စုသည် ၂၀၁၅ကတည်းက အင်န်အယ်လ်ဒီပါတီအားသာခဲ့သည့် မဲဆန္ဒနယ်လည်း ဖြစ်သည်။ (သတင်း – ပေးပို့)

ည ၈:၃၀နာရီ
အင်န်အယ်လ်ဒီပါတီကို ဝန်းရံသူများ ရွှေဂုံတိုင်တွင် စုဝေး
ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲ၏ မဲပေးမှုရလဒ်များကို တရားဝင်ထုတ်ပြန်ကြေညာသေးခြင်းမရှိသော်လည်း ရာနှင့်ချီသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများသည် ပါတီဌာနချုပ်တည်ရှိရာ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်တွင် စုဝေးနေလျက်ရှိကြသည်။
“အင်န်အယ်လ်ဒီနိုင်ရမည်”….“အမေစုနိုင်ရမည်”စသည့် စာသားများကို အော်ဟစ်နေကြသည်။
အချို့ထောက်ခံသူများမှာ ပါတီအလံများကို မရပ်မနား ဝှေ့ရမ်းနေကြပြီး ဖြတ်သွားသမျှ မော်တော်ကားများကို လက်ဝှေ့ရမ်းကာ နှုတ်ဆက်နေကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီဟုယုံကြည်သဖြင့် ပါတီဌာနချုပ်သို့ လာရောက်ခဲ့ကြောင်း လူငယ်စုံတွဲတစ်တွဲက ဆိုသည်။
ပါတီဌာနချုပ်မှ တာဝန်ရှိသူအချို့ထွက်လာ၍ စုဝေးနေသူများကို အိမ်ပြန်ရန် ပြောဆိုခဲ့သော်လည်း ၎င်းက နေမြဲ ဆက်နေကြဆဲဖြစ်သည်။ လူစုလူဝေးများပြားလာသဖြင့် ယာဉ်ကြောမပိတ်ဆို့အောင် ယာဉ်ထိန်းရဲများက ယာဉ်ကြောရှင်းလင်းလျက်ရှိသည်။
“ဗိုင်းရပ်စ်အကြောင်းတောင် မစဉ်းစားနိုင်တော့ဘူး။ ဗိုင်းရပ်စ်ကူးလည်း ဘာမှမဖြစ်ဘူး။ အန်တီတို့ကတော့ ဒီညအောင်ပွဲခံမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်ပုံ ရိုက်နှိပ်ထားသည့် နှာခေါင်းစည်းတပ်ဆင်၍ အင်န်အယ်လ်ဒီပါတီအလံကို ဝှေ့ရမ်းနေသည့် ဒေါ်ဝေမာကြည်လွင် (အသက် ၄၀ခန့်)က ပြောသည်။
သံဃာတော်တစ်ပါးကမူ ၎င်းအနေဖြင့် အင်န်အယ်လ်ဒီပါတီသည် အနိုင်ရမည်ဟု “၈၅ရာခိုင်နှုန်းခန့်” ယုံကြည်ကြောင်း မိန့်သည်။ (သတင်း – ဟိန်းသာ၊ ပြည့်စုံအောင်)

ည ၇:၄၀နာရီ
မိတ္ထီလာတွင် ပြင်ပရောက်သူများ၏ ကြိုတင်မဲများ စတင်ရေတွက်
မိတ္ထီလာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မဲရုံတာဝန်ရှိသူများက ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးခွင့်ရှိသူများ၏ ကြိုတင်မဲများကို စတင်ရေတွက်နေပြီဖြစ်သည်။ (သတင်း – စိုးမိုး)

ညနေ ၆:၁၅နာရီ
ဒလ၊ မဲရုံအမှတ်(၈)တွင် အင်န်အယ်လ်ဒီက ကြိုတင်မဲအများဆုံးရ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲပေးရန်ကျန်ရှိသည့် မဲဆန္ဒရှင်များရှိရာ မဲရုံများကလွဲ၍ ကျန်ဒေသ အတော်များများတွင် မဲရေတွက်မှု စတင်နေပြီဖြစ်သည်။ ဒဂုံမြို့နယ်တွင် မဲရုံအမှတ်(၁)က ကြိုတင်မဲရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းက ခိုင်လုံမဲအများဆုံး (၂၆၇မဲ) ရရှိထားသည်။

ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက် အမှတ်(၈)မဲရုံတွင်မူ ကြိုတင်မဲရေတွက်ပြီးချိန်တွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ ပြိုင်ဘက်များကို မဲအသာဖြင့် ဦးဆောင်နေသည်။ ကြိုတင်မဲ ၅၅မဲအနက် အင်န်အယ်လ်ဒီပါတီဝင်များဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစိန်မြအေးနှင့် အမျိုးသားလွှတ်တော် (ရန်ကုန်-၉)ကိုယ်စားလှယ်လောင်း ဦးကျော်စိုးမိုးလွင်တို့က ၄၁မဲစီ အသီးသီး ရရှိခဲ့ကြသည်။
တိုင်းဒေသကြီးလွှတ်တော်(၂) ကိုယ်စားလှယ်လောင်း ဦးဘိုဘိုဦးကမူ ၃၈မဲ ရရှိထားသည်။ ကျန်စစ်သားရပ်ကွက်ရှိ မဲရုံအမှတ်(၈)တွင် မဲစတင်ရေတွက်နေပြီဖြစ်သော်လည်း အချို့မဲရုံများတွင် ဆန္ဒမဲပေးရန် မဲဆန္ဒရှင်များ ညနေ ၆:၀၀ကျော်သည်အထိ စောင့်ဆိုင်းနေကြဆဲဖြစ်သည်။ (သတင်း – ဆွေလဲ့မွန်)
ညနေ ၅:၂၂နာရီ
ဒဂုံ၊ ပြည်သူ့လွှတ်တော် ကြိုတင်မဲရလဒ်
ဒေါ်ကေခိုင်အောင်ခင် (ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ) – ၁၁မဲ
ဦးနန္ဒကျော်စွာ (ပြည်ခိုင်ဖြိုးပါတီ) – ၁၁မဲ
ဒေါက်တာမာလာအောင် (ပြည်သူ့ရှေ့ဆောင်ပါတီ) – ၉မဲ
ဒေါက်တာသန်းအောင်စိုး (အင်န်အယ်လ်ဒီပါတီ) – ၂၆၇ မဲ
မှတ်ချက် – အဆိုပါရလဒ်သည် မဲရုံအမှတ်(၁)တစ်ခုတည်းမှ မဲရလဒ်ဖြစ်သည်။
(သတင်း – ရဲမွန်)
ညနေ ၅:၁၅နာရီ
အင်လျားကွာရန်တင်းစင်တာမှ ကိုဗစ်-၁၉ကူးစက်ခံရသူ ၂၈၀ခန့် မဲပေးခွင့်ဆုံးရှုံး
အင်းလျားကိုဗစ်-၁၉စင်တာတွင် ကွာရန်တင်းဝင်နေသူ ၂၈၀ခန့်မှာ ညနေလေးနာရီအထိ မဲလက်မှတ်များရောက်မလာသဖြင့် မဲပေးခွင့်ဆုံးရှုံးသွားသည်။ ကွာရန်တင်းဝင်နေသူများအား နိုဝင်ဘာ ၆ရက်တွင် ပုံစံ၁၅ ဖြည့်စေပြီး ကြိုတင်မဲထည့်ရန် စင်တာကစာရင်းကောက်ယူခဲ့သော်လည်း ၁၀ဦးအတွက်သာ ကြိုတင်မဲရောက်လာခဲ့သည်ဟု အင်းလျားစင်တာတွင် ကွာရန်တင်းဝင်နေသူ ကိုအောင်အောင်က ပြောသည်။
“မဲလက်မှတ်တွေ ရောက်လာမလားလို့ ကျွန်တော်တို့စောင့်နေတာ။ ညနေသုံးနာရီ အထိရောက်မလာတော့ စင်တာကို အကြောင်းကြားတဲ့အခါ စင်တာက မရမ်းကုန်းမြို့နယ်ကော်မရှင်ရုံးနဲ့ဆက်သွယ်ပေးတယ်။ ညနေလေးနာရီထိုးတဲ့အချိန်မှာ စင်တာက ကြိုးစားဆက်သွယ်ပေမဲ့ ကော်မရှင်ဘက်က အကြောင်းပြန်မလာတဲ့အတွက် မဲပေးခွင့်ဆုံးရှုံးသွားပြီးဖြစ်တဲ့ အကြောင်းကြေညာပေးတယ်”ဟု ကိုအောင်အောင်က ပြောသည်။
“အင်န်အယ်လ်ဒီကိုထည့်တာ၊မထည့်တာထက် နိုင်ငံသားတစ်ယောက်အခွင့်အရေးဆုံးရှုံးလိုက်ရတာကို ကျနော်တို့ တော်တော်လေးစိတ်မကောင်းဖြစ်တယ်”ဟု ကိုအောင်အောင်ကပြောသည်။
အင်းလျားကွာရန်တင်းစင်တာသို့ အဆိုပါကိစ္စကိုဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ရှိသူတစ်ဦးက မရမ်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့သာ ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့သည်။ (သတင်း – အိအိတိုးလွင်နှင့် အောင်ဖေကြည်စိုး)
ညနေ ၄:၅၀
မဲရေတွက်မှုစတင်နေပြီ
ညနေ ၄:၀၀နာရီ ကျော်လွန်သွားပြီဖြစ်၍ နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် အချို့ပိတ်သိမ်းပြီး ဆန္ဒမဲရေတွက်မှု စတင်နေပြီဖြစ်သည်။ မဲပေးရန် ဆန္ဒရှင်များ ကျန်ရှိသည့် နေရာအချို့တွင်မူ မဲပေးမှုဆက်လက်ဆောင်ရွက်ဆဲဖြစ်သည်။



ညနေ ၄:၄၀နာရီ
နေပြည်တော်တွင် အစိုးရဝန်ထမ်းများ မဲပေးရန် ကျန်နေသေး
နေပြည်တော်၊ ဇဗ္ဗူသိရီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၆)မဲရုံတွင် မဲရုံပိတ်ချိန် ညနေလေးနာရီထိုးသည်အထိ မဲရုံပြင်ဘက်တွင်မဲပေးရန် စောင့်ဆိုင်းနေသည့် ရာချီသော မဲဆန္ဒရှင်များ ကျန်ရှိနေသေးသည်။
မဲဆန္ဒရှင်များသည် မဲမပေးလိုက်ရမည်ကိုစိုးရိမ်ပူပန်လျက်ရှိရာ မဲရုံးမှူးသည် ကျန်ရှိနေသည့်သူများအား မဲရုံပရဝုဏ်အတွင်းသို့ ဝင်ရောက်စောင့်ဆိုင်းစေကာ ဆက်လက်မဲပေးရန် ဆောင်ရွက်နေသည်။ အဆိုပါမဲရုံတွင် မဲပေးမည့်သူအများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြသည်။ ဇဗ္ဗူသိရီမြို့နယ်တွင် မဲပေးနိုင်သူ ၈၆,၀၀၀ကျော်ရှိသည်။ (သတင်း – ပေးပို့)
ညနေ ၄:၀၀နာရီ
ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်တွင် မဲရုံပိတ်သိမ်းရန် ၁၀မိနစ်အလို ညနေ ၃:၅၀နာရီအထိ မဲပေးရန် စောင့်ဆိုင်းနေသူ ရာနှင့်ချီ ကျန်ရှိနေသေးသည်။ မဲရုံမှူးက ကျန်ရှိနေသူများကို မဲရုံပရဝုဏ်အတွင်းသို့ ဝင်ရောက်စေလျက်ရှိသည်။ (သတင်း – ဆွေလဲ့မွန်)

ညနေ ၄:၀၀နာရီ
တနင်္သာရီတိုင်းရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်
ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။
မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရန် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာတွင် တန်းစီရန်ကော်မရှင်က ညွှန်ကြားထားသော်လည် မဲရုံအကျယ်အဝန်းနှင့် မဲလာပေးသူဦးရေ မမျှတခြင်းကြောင့် မဲရုံအချို့တွင် ချမှတ်ထားသည့်စည်းကမ်းအတိုင်း မလိုက်နာနိုင်ခဲ့သည်ကိုတွေ့ရသည်။ အချို့နေရာများတွင် မဲပေးရန်စုပြုံတိုးဝှေ့ကြသည်လည်း ရှိသည်။
ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲပေးမှုနှစ်ခုကို ဖမ်းမိခဲ့ပြီး ဥပဒေအရအမှုဖွင့် အရေးယူထားသည်။ ကိုယ်စားမဲပေးသူနှစ်ဦးမှာ ၁၈ နှစ်မပြည့်သေးသူများဖြစ်သည်။ ဆန်းချီရပ်ကွက်(ပုံကျွန်း)မဲရုံတွင် အသက် ၁၃ နှစ်အရွယ်နှင့် ဒေါင်းငူရပ်ကွက်မဲရုံတွင် ၁၇ နှစ် အရွယ် လူငယ်နှစ်ဦးတို့က အခြားသူကိုယ်စားမဲပေးခဲ့ခြင်း ဖြစ်သည်။

မြိတ်မြို့၊ အပြည်ပြည်ဆိုင်ရာငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းနှင့် အလုပ်သမား ၄၀ ဝန်းကျင်မှာလည်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်မရှိခဲ့ပေ။ ၎င်းတို့အတွက် မဲစာရင်းလာရောက်ကောက်ခံပေးရန် သက်ဆိုင်ရာကော်မရှင်သို့ပြောဆိုခဲ့သော်လည်း လာရောက်ကောက်ခံခြင်းမရှိခဲ့ဟု ၎င်းတို့ကပြောသည်။
“မဲမပေးရတာကို စိတ်မကောင်းဖြစ်တာတစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်းထည့်ချင်တာပေါ့” ဟု အသက်၇၀ကျော်အရွယ် ငါးလေလံဝန်ထမ်း ဦးဘဆန်းကပြောသည်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းက ပုလဲကူကျေးရွာမဲရုံတွင် သူစိမ်းနှစ်ဦးကို မသင်္ကာသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးက ခေါ်ယူစစ်ဆေးရာတွင် တပ်မတော်သားများဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။၎င်းတို့နှစ်ဦးမှာ အရပ်ဝတ်အင်္ကျီများ ဝတ်ဆင်ထားကြပြီး မှတ်ပုံတင်နှင့် နေရပ်လိပ်စာတို့အား မေးမြန်းခဲ့ရာ အထောက်အထား မပြသနိုင်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့သည်။
မြို့နယ်မှ လာရောက်ခေါ်ဆောင်သွားပြီး ထပ်မံစစ်ဆေးရာတွင် အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်ကြောင်း ပေါက်ပေါက်ခဲ့သည်။ ရွေးကောက်ပွဲအတွက် အကူအညီပေးရန် စေလွှတ်ထားသူများဖြစ်သည်ဟု ရေဖြူမြို့မရဲစခန်းမှ ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။၎င်းတို့နှစ်ဦးကို သက်ဆိုင်ရာတပ်ရင်းက ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။

ထားဝယ်မြို့ပေါ်ရှိ မဲရုံများတွင်လည်း ထိုကဲ့သို့သော လူစိမ်းနှစ်ဦးကို တွေ့ရှိရပြီး တပ်မတော်က တာဝန်ချထားပေးကြောင်း ၎င်းတို့အနက်မှ အချို့ကထုတ်ဖော်ပြောဆိုသည်။
ထားဝယ်မြို့၊ ကရင်ပြင်မြောက်ရပ်ကွက်ရှိ နေရာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအား မဲမပေးရန်လှုံ့ဆော်သည့်စာများ ကပ်ထားသည်ကို ယနေ့နံနက်ပိုင်းက တွေ့ရှိခဲ့ရသည်။ ယင်းစာများကို ရဲတပ်ဖွဲ့က လိုက်လံသိမ်းဆည်းခဲ့သော်လည်း မည်သည့်အချိန်တွင် မည်သူကကပ်ထားသည်ဆိုသည်ကိုမူ မသိနိုင်သေးပေ။
တိုင်းအတွင်းရှိ မဲရုံများ၌မဲလာပေးသူဦးရေများပြားခဲ့ပြီး နေ့ခင်းပိုင်းတွင် နေအပူရှိန်ကြောင့် မဲမပေးဘဲ ပြန်သွားကြသူများလည်းရှိသည်။မြိတ်မြို့နယ်၊ အင်းဂမော်ကျေးရွာမှ မဲဆန္ဒရှင် ကိုသန်းထိုက်စိုးသည် တစ်နာရီဝန်းကျင်ကြာအောင် နေပူတွင်တန်စီးခဲ့ရပြီးမှမဲပေးနိုင်ခဲ့သည်။ကိုဗစ်-၁၉ ကူးစက်ခံရနိုင်သော်လည်း မဲပေးဖို့က ပို၍အရေးကြီးသည်ဟု သူကဆိုသည်။
ဘုတ်ပြင်းမြို့နယ်ရှိ မဲရုံအချို့တွင်မူ မဲဆန္ဒရှင်များသည် ရော်ဘာခြစ်သွားခြင်း၊ ကောက်ရိတ်သွားခြင်းတို့ကြောင့် နံနက်ပိုင်းတွင် မဲလာပေးသူနည်းခဲ့သည်။ (သတင်း – Dawei Watch)
ညနေ ၃:၅၀နာရီ
ရခိုင်တောင်ပိုင်းမြို့များတွင် မဲပေးသူများပြား
ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ အမ်းနှင့် ဂွမဲဆန္ဒနယ်များတွင် မဲပေးသူများ များပြားလျက်ရှိကြောင်း ဒေသခံ အမတ်လောင်းများထံမှ သိရသည်။
“ဂွနဲ့သံတွဲမှာ မဲပေးတဲ့သူတွေများတယ်။ အာလုံးက တက်တက်ကြွကြွကို ပေးနေကြတယ်”ဟု အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)တွင် ဝင်ပြိုင်သည့် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးစိုးဝင်းက ပြောသည်။

မြို့ပေါ်ရပ်ကွက်လေးခုတွင်သာ ရွေးကောက်ပွဲကျင်းပသည့် တောင်ကုတ်တွင် မဲပေးသူများများပြားနေပြီး နယ်မြေအခြေအနေမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဆွေကပြောသည်။
“ဘာပြဿနာမှမရှိဘူး။ အေးအေးဆေးဆေးနဲ့ပဲ။ မဲပေးတဲ့သူလည်း များတယ်”ဟု ၎င်းကပြောသည်။
“တချို့မဲရုံတွေမှာတော့ အရင်တုန်းက မဲစာရင်းမစစ်တော့ မဲစာရင်းမှာမပါလာလို့ မဲပေးခွင့်မရတဲ့သူတွေရှိတယ်” ဟု ၎င်းကပြောသည်။
မြို့ပေါ်ရပ်ကွက်လေးခုနှင့် ကျေးရွာအုပ်စုလေးစုတွင်သာ ရွေးကောက်ပွဲကျင်းပသည့် အမ်းမြို့တွင်မူ အချို့နေရာများတွင် မဲရုံနေရာကျဉ်းသဖြင့် မဲပေးရာတွင် ကြန့်ကြာမှုဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ မှ ဦးခိုင်ကောင်းစံက ပြောဆိုသည်။
“အချို့မဲရုံတွေမှာ သုံးပုံ၊တစ်ပုံ လောက်ပဲပြီးသေးတယ်”ဟု သူက မွန်းလွဲ၂:၀၀နာရီခန့်တွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။ အဆိုပါ တောင်ပိုင်းမြို့နယ်များရှိ မဲရုံများတွင် တစ်ဦးနှင့်တစ်ဦး အကွာအဝေးခြားသည့် စည်းမျဉ်းများ လိုက်နာမှု အားနည်းနေကြောင်း ဒေသခံ အမတ်လောင်းများကဆိုသည်။
မွန်းလွဲ ၃:၂၀နာရီ
ကော့မှူး၊ သမင်ခြံရွာသားများ ပြည်ခိုင်ဖြိုးကိုဆက်လက်ထောက်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းတွင် ပြည်ခိုင်ဖြိုးပါတီကိုသာ သစ္စာရှိရှိ ထောက်ခံနေသူများဖြစ်ရှိသည်။ ၎င်းတို့သည် သမင်ခြံကျေးရွာသားများဖြစ်ကြပြီး ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးကိုသာ ထောက်ခံမဲထည့်ကြမည်ဖြစ်သည်။
အင်န်အယ်လ်ဒီပါတီသည် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲတိုင်း အနိုင်ပိုင်းခဲ့သော်လည်း သမင်ခြံကျေးရွာတွင် ပြိုင်ဘက်ပြည်ခိုင်ဖြိုးပါတီကိုသာ ရှုံးနိမ့်မြဲဖြစ်သည်။ ယနေ့ကျင်းပနေသည့် ရွေးကောက်ပွဲတွင် မဲပေးသော သမင်ခြံရွာသားများကို ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းခဲ့ရာ အားလုံးက ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်မည်ဟုဆိုကြသည်။
“ပြည်ခိုင်ဖြိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ပေးခဲ့တာ။ ကျေးဇူးဆပ်တဲ့အနေနဲ့ မဲထည့်ခဲ့တာပါ”ဟု အသက်၂၄နှစ်အရွယ် ကိုဟိန်းသူဖြိုးကပြောသည်။
“ကော့မှူးမှာ အင်န်အယ်လ်ဒီနိုင်လည်းဘာမှမဖြစ်ဘူး။ သမင်ခြံမှာမနိုင်ရင်ပြီးတာပဲ”ဟု ၎င်းကပြောသည်။

သမင်ခြံရွာသူ ဒေါ်မျိုးမျိုးချစ်က သူ၏မိသာစုဝင်ကိုးယောက်သည် ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ခဲ့သည်ဟုပြောသည်။ “ကျွန်မတို့ မိသားစုဝင်အားလုံး ပြည်ခိုင်ဖြိုးကို ကြိုက်တယ်။ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ ရွာမှာအထက်တန်းကျောင်းလည်း ဖြစ်လာတယ်။ ဒီအတွက်ကျွန်မတို့က ကျေးဇူးတင်ရမှာ။ အင်န်အယ်လ်ဒီလည်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ပေးပါတယ်။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးလုပ်ပေးခဲ့တာကို လိုက်လုပ်ပေးတာလောက်ပဲ”ဟု ဒေါ်မျိုးမျိုးချစ်က ပြောသည်။
သမင်ခြံတွင် မည်သည့်ပါတီမျှ ငွေကြေးနှင့် အခြားထောက်ပံ့ပစ္စည်းများ ပေးကမ်းလှူဒါန်းခြင်းမရှိဟု ၎င်းကဆိုသည်။
“ကျွန်မတို့ကြိုက်လို့ ကျွန်မတို့ထည့်တာ”ဟု ဒေါ်မျိုးမျိုးချစ်ကပြောသည်။ အင်န်အယ်လ်ဒီပါတီဝင် ဒေါ်အေးအေးမြင့်ကမူ ၎င်း၏ပါတီသည် သမင်ခြံတွင်နိုင်မည်ဟု ယုံကြည်နေသည်။ သမင်ခြံတွင် မဲပေးခွင့်ရှိသူ ၁,၀၀၀ခန့်ရှိသည်။ (သတင်း – ဆွေလဲ့မွန်)
မွန်းလွဲ ၂:၅၀နာရီ
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ရွေးကောက်ပွဲကျင်းပမှု
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ဝင်းရော်ဒေသ၊ ခလယ်ကျေးရွာအုပ်စု၊ ဖားပြကျေးရွာတွင် ရွေးကောက်ပွဲကျင်းပလျက်ရှိရာ ဒေသခံများ စိတ်ဝင်တစား မဲပေးခဲ့ကြသည်။ မဲရုံများသို့ မွန်းလွဲအချိန်ရောက်သည်အထိ အနီးတစ်ဝိုက် ကျေးရွာများမှ မဲဆန္ဒရှင်များ တဖွဲဖွဲရောက်ရှိလာလျက်ရှိကြောင်း ဘုရားကျေးရွာခံ စောသာအေးက ပြောသည်။
“ကုန်တင်ကားတွေနဲ့ တစ်စီးပြီးတစ်စီး ကျွန်တော်တို့ ရွာကို မဲပေးဖို့ ရောက်လာကြတယ်။ နှစ်သစ်ကူးပွဲ လာပျော်ကြတဲ့အတိုင်းပဲ”ဟု ၎င်းကပြောသည်။ (သတင်း – ပေးပို့)
မွန်းလွဲ ၂:၄၀နာရီ
မန္တလေးတွင် မဲရုံမှူးလက်မှတ်မပါသဖြင့် မဲပြန်ပေးခိုင်း
မန္တလေး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ မဲရုံအမှတ်(၃) တွင် တိုင်းဒေသကြီး လွှတ်တော်အတွက် မဲစာအုပ်တွင် မဲရုံမှူးလက်မှတ်မပါသည်ကို တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာ မဲရုံအာဏာပိုင်များကို အကြောင်းကြားထားသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဖုန်းမြင့်ဇော်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။
နံနက်၁၁နာရီခန့်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များအတွက် ဆန္ဒမဲပေးပြီးချိန် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အတွက် မဲပေးရန် ပြင်ဆင်ချိန်တွင် မဲစာရွက်တွင် မဲရုံမှူးလက်မှတ် မပါရှိသည်ကို စတင်သတိထားမခဲ့ရာက အကြောင်းကြားခဲ့သည်ဟု ၎င်းကဆိုသည်။
အဆိုပါမဲလက်မှတ်တစ်အုပ်လုံးတွင် မဲရုံမှူးလက်မှတ်မပါရှိကြောင်း၊ မဲလက်မှတ်ကို ဓာတ်ပုံမရိုက်ရန် ကန့်သတ်တားမြစ်ထားသော်လည်း သာမန်အခြေအနေမဟုတ်သဖြင့် မဲစာအုပ်ကို အမိအရဓာတ်ပုံရိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။

အဆိုပါမဲစာအုပ်မှာ အသစ်ဖြစ်ပြီး ၎င်းအပြင် မဲဆန္ဒရှင်နှစ်ဦးသာ ယင်းမဲလက်မှတ်များဖြင့် မဲပေးထားကြောင်း ၎င်းကဆိုသည်။ မဲရုံမှူးနှင့် တာဝန်ရှိသူများကို ယင်းကိစ္စတင်ပြခဲ့ရာ မဲရုံမှူးက ၎င်းတို့သုံးဦးကို တိုင်းဒေသကြီးလွှတ်တော်အတွက် မဲပြန်ပေးခိုင်းခဲ့သည်ဟု ၎င်းကဆိုသည်။
“လူ့မှုကွန်ရက်မှာလည်း ဒီအကြောင်းကို ကျွန်တော်ရေးတင်ထားတယ်။ မဲရေချိန်မှာလည်း မဲရုံမှူး လက်မှတ်မပါလို့ ပဲမယ်လုပ်ပစ်တယ်ဆိုတာမျိုး မဖြစ်အောင် ဖိအားပေးသွားမယ်”ဟု ၎င်းကပြောသည်။ (သတင်း – ပြည့်စုံအောင်)
မွန်းလွဲ ၂:၂၀နာရီ
မဲပေးချိန်နှစ်နာရီခန့်သာကျန်တော့၍ မဲမပေးရမည်ကို စိုးရိမ်ဟု မဲဆန္ဒရှင်များဆို
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် မဲရုံသုံးခုကို အမှတ်(၂)မူလတန်းကျောင်း တစ်နေရာတည်းတွင် စုပေါင်း၍ မဲပေးစေရန် စီစဉ်ထားခြင်းကြောင့် လက်ရှိအချိန်အထိ ဆန္ဒမဲပေးရန် စောင့်ဆိုင်းသူဦးရေ အလွန်များပြားလျက်ရှိသည်။ လက်ရှိအချိန်သည် မွန်းလွဲ၂:၁၅နာရီရှိပြီဖြစ်ရာ မဲရုံပိတ်ရန် နှစ်နာရီခန့်သာ အချိန်ကျန်ရှိတော့သဖြင့် တန်းဆီစောင့်ဆိုင်းနေသူများက မဲပေးခွင့်မရမည်ကို စိုးရိမ်လျက်ရှိကြသည်။
မဲရုံအမှတ်တစ်ခုစီအတွက် ဆန္ဒမဲပေးမည့်သူဦးရေ ၁,၅၀၀ကျော်ရှိပြီး မဲရုံသုံးခုကို တစ်နေရာတည်းတွင် စုပေါင်းဖွင့်လှစ်ထားသဖြင့် ယခုကဲ့သို့ လူများပြွတ်သိပ်ကျပ်နေခြင်းဖြစ်သည်ဟု အင်န်အယ်လ်ဒီအမတ်လောင်း ဦးတင့်ဆန်းက ပြောသည်။
“လူတွေက မနက်ကတည်းကစောင့်တာ တိုးပြီး အရမ်းလည်းပူတော့ အော်ဟစ်တာတွေတောင် ရှိနေတယ်။ ကျွန်တော်တို့ ဒီအခြေနေကို ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားထားတယ်။ အခုထိလူက တစ်ဝက်တောင် မဲမပေးရသေးဘူးဖြစ်နေတယ်”ဟု ဦးတင့်ဆန်းက ပြောသည်။

ညနေလေးနာရီထိုးသည့်အခါ မဲရုံပရဝုဏ်ကို သတ်မှတ်စည်းတားပြီး ပရဝုဏ်အတွင်း ရောက်ရှိနေသူအားလုံး မဲပေးခွင့်ရအောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးသစ်လွင်က ဆိုသည်။
“လူအခြေနေကို ကြည့်ပြီး မဲရုံပရဝဏ်သတ်မှတ်ဖို့ လုပ်နေတယ်။ မဲရုံသုံးရုံကို တစ်နေရာတည်းမှာ ဖွင့်ထားတော့ အခြေအနေက အရမ်းအဆင်မပြေဖြစ်သွားတယ်”ဟု ဦးသစ်လွင်ကပြောသည်။
“ကျွန်မ မနက်၁၀:၀၀နာရီကတည်းက စောင့်နေတာ။ အခုထိ သိပ်တောင်မရွေ့ဘူး။ မဲရုံပိတ်သွားလို့ မမီတော့မှာကို စိတ်ပူတယ်”ဟု မဲလာပေးသည့် အသက်၄၉နှစ်ရှိပြီဖြစ်သော ဒေါ်အေးဝင်းက မွန်းလွဲ ၂:၀၀နာရီ ဝန်းကျင်တွင် ပြောသည်။ မဲမပေးရမချင်း အိမ်သို့မပြန်ဟု ဆုံးဖြတ်ထားကြောင်း ၎င်းကဆိုသည်။
မဲရုံအနီးတစ်ဝိုက်တွင် အလွန်များပြားသည့် လူအုပ်ရှိနေပြီး တစ်ဦးနှင့်တစ်ဦး စီတန်းနေစဉ် ကြားမဖြတ်ရန်နှင့် စောင့်ဆိုင်းနေသူအချင်းချင်း ရှေ့သို့တိုးရန် အော်ဟစ်ဆူညံသံများလည်း ကြားနေရသည်ဟု မြေပြင်တွင် သတင်းရယူနေသည့် ဖရွန်းတီးယားမြန်မာသတင်းထောက်က ဆိုသည်။ (သတင်း – နော်ဘတ်တီဟန်)
မွန်းလွဲ ၁:၃၅နာရီ
မဲဆန္ဒရှင်အားလုံးမဲပေးလိမ့်မည်ဟု ဒလ အင်န်အယ်လ်ဒီအမတ်လောင်းဆို
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်တွင် နေထိုင်သူများအားလုံး မဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါက်တာစိန်မြအေးက ပြောသည်။
“ကျွန်မတို့ပါတီက မဲရုံကိုယ်စားလှယ်တွေ တင်ပြချက်တွေအရ မဲပေးသူ အရမ်းများနေတယ်။၂၀၁၅ထက် အရမ်းများပါတယ်။ မဲမပေးဘူးဆိုတဲ့ သူမရှိပါဘူး။ မဲပေးမဲ့ သူတွေချည်းပါပဲ”ဟု ဒေါက်တာစိန်မြအေးက ပြောသည်။

၎င်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ဒလပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး ယခုနောက်တစ်ကြိမ်အနိုင်ရရန် ယှဉ်ပြိုင်နေသည်။ ဒလမြို့နယ်တွင် ရွေးကောက်ပွဲအကြမ်းဖက်မှုများရှိလာမည်ကို မစိုးရိမ်သော်လည်း လိုအပ်သည့်လုံခြုံရေး ဆောင်ရွက်ထားရှိသည်ဟု၎င်းကဆိုသည်။
၂၀၂၀ရွေးကောက်ပွဲတွင် ဒလမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၂၀,၀၀၀ကျော်ရှိပြီး နိုင်ငံရေးပါတီငါးခုမှ ကိုယ်စားလှယ်လောင်း ၁၉ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ၂၁၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၁၀,၀၀၀ကျော်ရှိပြီး ၇၀,၀၀၀ကျော်မဲပေးခဲ့သည်။ (သတင်း – ဆွေလဲ့မွန်)
မွန်းလွဲ ၁:၃၀နာရီ
ရေးတွင် တံဆိပ်တုံးနှင့်မဲလက်မှတ်အတု ယူဆောင်သူကို အမှုဖွင့်
တံဆိပ်တုံးအတု၊ မဲလက်မှတ်အတု ယူဆောင်လာသူ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း၏ မဲရုံကိုယ်စားလှယ်ကို ဖမ်းဆီး၍ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ မဲရုံအမှတ်(၆)တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲရုံကိုယ်စားလှယ်သည် မဲရုံအတွင်း မကြာခဏ ဝင်ထွက်နေသဖြင့် မသင်္ကာ၍ စစ်ဆေးရာမှတစ်ဆင့် အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ရေးမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်မိုးအေးက ဆိုသည်။

“သံသယဝင်တာလာကြောင့် စစ်လိုက်တဲ့အခါမှာ ယူအီးစီ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) တံဆိပ်ပါတဲ့ တံဆိပ်တုံးရယ်၊ မပါတဲ့ တံဆိပ်တုံးရယ်၊ မဲလက်မှတ်အတု တစ်ချို့ရယ်တွေ့တာပေါ့။ အခုတော့ ရေးမြို့နယ်ရဲစခန်းမှာ စစ်နေတယ်လို့ ကျွန်တော်တို့လည်းသိရတယ်”ဟု ၎င်းကပြောသည်။
ရေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဝါဝါချိုကလည်း တံဆိပ်တုံးအတုများကို ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ်ထံမှ တွေ့ရှိသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့်ပုဒ်မဖြင့် အရေးယူမည်ကိုမူ မသိရှိရသေးကြောင်း အတည်ပြုသည်။
“တံဆိပ်တုံးအတုဆိုပြီး ကော်မရှင်ဥပဒေမှာ သီးသန့်မပါတော့ ဘာပုဒ်မဖြစ်မယ်ဆိုတာ သေချာမသိသေးဘူး”ဟု ၎င်းက ဆိုသည်။ (သတင်း – ရဲမွန်)
မွန်းလွဲ ၁:၂၀နာရီ
ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် လူခြားသည့်စည်းမျဉ်းလိုက်နာနိုင်ခြင်းမရှိ
ဆိပ်ကြီးအရှေ့ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲလာပေးသူများ ရာနှင့်ချီရှိပြီး ဆန္ဒမဲပေးမည့်သူများ ပြည့်ကျပ်လျက်ရှိသည်။ အဆိုပါမဲရုံတွင် မဲပေးသူဦးရေ ၁,၁၇၅ဦးသာရှိသော်လည်း နံနက်ခင်း ၆:၀၀နာရီ မဲရုံမဖွင့်မီကပင် မဲပေးရန် စောင့်ဆိုင်းနေသူများဖြင့် ပြည့်ကျပ်နေကြောင်း မဲလာပေးသည့် အသက်၄၁နှစ်ရှိပြီဖြစ်သည့် ဒေါ်ခင်ရီကဆိုသည်။
“ကျွန်မ မဲပေးဖို့ စောင့်နေတာ မနက်၁၀နာရီခွဲကတည်းက နှစ်နာရီရှိပြီ။ လူးများလွန်းလို့ စောင့်နေရတယ်”ဟု ၎င်းက ပြောသည်။
“စောင့်ရမှာပဲလေ မဲကမပေးလို့မှ မဖြစ်တာ”ဟု ၎င်းကပြောသည်။

အဆိုပါမဲရုံသည် ယခင်၂၀၁၅ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ယခုကဲ့သို့ လူများကြောင်း အင်န်အယ်လ်ဒီပါတီဝင် ကိုယ်စားလှယ်လောင်း ဦးတင့်ဆန်း၏ မဲရုံကိုယ်စားလှယ်ဖြစ်သူ ကိုနန်းဝင်းကဆိုသည်။
“လူအရမ်းများတော့ တစ်ယောက်နဲ့တစ်ယောက်လည်း မခွာနိုင်တော့ဘူး။ ထပ်ပြီးကပ်ကုန်ပြီ”ဟု သူကပြောသည်။
ယနေ့နံနက်ခင်းမှစ၍ ရန်ကုန်မြို့နေရာအနှံ့အပြားရှိ မဲရုံများတွင် မဲပေးရန် တန်းဆီစောင့်ဆိုင်းသည့် မဲဆန္ဒရှင်များ အများအပြားသည် တစ်ဦးနှင့်တစ်ဦး အကွာအဝေးကွာခြားခြင်းမရှိသည်ကြောင်း မြေပြင်တွင် သတင်းရယူနေသည့် ဖရွန်းတီးယားမြန်မာ၏ သတင်းထောက်များကဆိုသည်။ (သတင်း – နော်ဘတ်တီဟန်)
မွန်းလွဲ ၁:၀၅နာရီ
ဒလတွင် ကိုယ်အပူချိန်မြင့်သော အမျိုးသားတစ်ဦးကို ဆေးရုံပို့
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ အမှတ်(၄) မြို့မရပ်ကွက်ရှိ မဲရုံတွင်မဲလာပေးသူ အမျိုးသားတစ်ဦးအား အပူချိန်မြင့်တက်နေသဖြင့် ဒလမြို့နယ်ဆေးရုံသို့ ယနေ့နံနက် ဆယ်နာရီဝန်းကျင်တွင်ပို့ဆောင်ခဲ့ရသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက အတည်ပြုသည်။
“ဆယ့်ငါးမိနစ်ကြာ တစ်ခါထပ်တိုင်းတဲ့အချိန်မှာလည်း အပူချိန်မကျတာကြောင့် ဆေးရုံကိုပို့လိုက်တာ”ဟု ဦးဇော်မျိုးမင်းက ပြောသည်။
ယင်းအမျိုးသားမှာ ဆိုင်ကယ်ကယ်ရီဆွဲသူတစ်ဦးဖြစ်ပြီး အမှတ်(၄) မြို့မရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ အမှတ်(၄) မြို့မရပ်ကွက်တွင် မဲပေးသူ သုံးထောင်ကျော်ရှိသည်။ နိုဝင်ဘာ၇ရက်အထိ အစိုးရထုတ်ပြန်သည့် စာရင်းများအရ ဒလတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၀၈၁ဦးရှိသည်။ (သတင်း – အောင်ဖေကြည်စိုး)
မွန်းလွဲ ၁:၀၀နာရီ
ရှမ်းအရှေ့တွင် မဲဆန္ဒရှင်တစ်ဦးတည်းက လွှတ်တော်တစ်ရပ်ကို မဲနှစ်ကြိမ်ပေးမိခဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအင်အားကောင်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိမြို့နယ်များတွင် လူအများအပြားမဲပေးရန် စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် ကျိုင်းတုံမြို့နယ်ပြည်သူ့လွှတ်တော်နေရာကို အနိုင်ရထားသော်လည်း ယနေ့ကျင်းပနေသည့်ရွေးကောက်ပွဲတွင်ထပ်မံအနိုင်ရရန် အခက်အခဲများရှိနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်အမတ်လောင်း စိုင်းဝမ်းက ကျိုင်းတုံမြို့နယ်တွင် အခြားနေရာများကဲ့သို့ မဲလာပေးသူအများအပြားရှိနေသော်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စီမံခန့်ခွဲမှုအားနည်းချက်များရှိနေသည်ဟုပြောသည်။မဲရုံတစ်ခုတွင် မဲဆန္ဒရှင်တစ်ဦးတည်းက ပြည်သူ့လွှတ်တော်အစား အမျိုးသားလွှတ်တော်တစ်ခုတည်းကို မဲနှစ်ကြိမ်ပေးခဲ့သည်ဟု စိုင်းဝမ်းကပြောသည်။
“ဘာကြောင့်ဖြစ်လဲဆိုတာကျွန်တော်တို့စုံစမ်းနေတယ်။တစ်ကယ်လို့မှားပေးတယ်ဆိုရင်တော့ မဲပြန်ပေးခွင့်ရရမှာပဲ။အခုက ပြည်သူ့လွှတ်တော်ကိုပေးရမယ့်အစားအမျိုးသားလွှတ်တော်ကို နှစ်ကြိမ်ပေးသလိုဖြစ်သွားတာ”ဟု စိုင်းဝမ်းကပြောသည်။
ကျိုင်းတုံမြို့နယ်တွင် အင်န်အယ်လ်ဒီ၊ပြည်ခိုင်ဖြိုး၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊၀အမျိုးသားပါတီ နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဝင်ပြိုင်ကြသည်။
“အခုလာပေးသူတွေကိုတွေကို မြင်ရတာတစ်ကယ်ကျေနပ်တယ်။သူတို့နိုင်စေချင်တဲ့ပါတီအတွက် စိတ်ဝင်တစားမဲပေးကြာတာတွေ့ရတယ်” ရှမ်းတိုင်းရင်းများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြည်သူ့လွှတ်တော်အမတ်လောင်း စိုင်းလုံးကျောက်ကပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီအနိုင်ရခဲ့သည့် တာချီလိတ်မြို့နယ်တွင်လည်း မဲရုံဖွင့်ချိန် နံနက် ၆ နာရီကစတင်ခါမဲပေးသူအများအပြားရှိနေသည်။တာချီလိတ်မြို့ခံ ကိုကျော်စွာကမဲပေးရန် မနက်လေးနာရီကတည်း သွားရောက်စောင့်ဆိုင်းနေခဲ့သူဖြစ်သည်။ မည်သည့်ပြဿနာမှမရှိဘဲရွေးကောက်ပွဲကို ပြီးဆုံးစေချင်သည်ဟုသူကပြောသည်။ “မဲပေးနေတဲ့အချိန်နဲ့ ရလဒ်ကြေငြာပြီးချိန်အထိ ဘာပြဿနာမှမရှိရင်တော့ ကျွန်တော်တို့တိုင်းပြည်အတွက်ပိုပြီးအဆင်ပြေမှာ”ဟုကိုကျော်စွာကပြောသည်။
တာချီလိတ်မြို့တွင် အင်န်အယ်လ်ဒီ၊ပြည်ခိုင်ဖြိုး၊ပြည်သူ့ရှေ့ဆောင်ပါတီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ၊အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ရှမ်းပြည်နယ်တွင် ကချင်၊လီဆူ၊လားဟူ၊အာခါ၊ဗမာ၊ကယန်းနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာများကို သက်ဆိုင်ရာတိုင်းရင်းသားများက ရွေးချယ်မဲပေးကြမည်ဖြစ်သည်။ (သတင်း – ရဲမွန်)

နေ့လယ် ၁၂:၃၀နာရီ
မိတ္ထီလာရှိ ၂၀၁၃ပဋိပက္ခဘေးသင့်ပြည်သူများ ဆန္ဒမဲပေး
မိတ္ထီလာမြို့နယ် နန်းတော်ကုန်းရပ်ကွက်နှင့် ချမ်းအေးသာယာရပ်ကွက်ရှိ မဲရုံ အမှတ် (၆)၊ (ရ)နှင့် (၈) တို့တွင် ဒေသခံပြည်သူများ မဲပေးနေကြပြီဖြစ်သည်။ ချမ်းအေးသာယာရပ်ကွက်သည် ၂၀၁၃မိတ္ထီလာဘာသာရေး အဓိကရုန်းတွင် မီးဘေးသင့်ခဲ့သော ရပ်ကွက်တစ်ခုလည်းဖြစ်သည်။ အဆိုပါမဲရုံသုံးခုတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ဦးရေ ၄,၀၀၀ခန့် မဲပေးကြမည်ဖြစ်ပြီး မွတ်စလင်မဲဆန္ဒရှင်များလည်း ပါဝင်သည်။
“လွတ်လွတ်လပ်လပ်ပေးတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ပါတီလည်း တကယ်လို့ရမယ်ဆိုရင် ဝမ်းသာပါတယ်။ ကိုယ့်ရဲ့လွတ်လပ်မှုတွေရမယ်လို့ မျှော်လင့်တယ်။ လွတ်လပ်မှုဆိုတာ ဘယ်သွားသွား ဘာလုပ်လုပ် နေနိုင်မယ်။စိ တ်မဆင်းရဲရဘူးလို့ အောက်မေ့တယ်”ဟု အသက် ၅၅နှစ်ရှိပြီဖြစ်သည့် ဒေသခံဦးသန်းနိုင်က ပြောသည်။
မိတ္ထီလာမြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၂၅၁,၆၈၇ဦးခန့် ရှိပြီး မဲရုံ၂၉၁ရုံခန့် ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ခွဲထံစာရင်းများအရ သိရှိရသည်။ ဆန္ဒမဲပေးရာတွင် အင်န်အယ်လ်ဒီပါတီကို မဲပေးခဲ့ကြောင်း ဦးသန်းနိုင်က ဆိုသည်။
“ကျွန်တော်တို့နေတာ ကန်စွယ်။ အဲဒီကနေ ချမ်းအေးကို ရွှေ့လာတာ။ ကန်စွယ်ကတည်းက ဗုဒ္ဓဘာသာ နဲ့မွတ်စလင်နေလာတာ ရှိတယ်။ မိသားတစ်စုထဲမှာကို ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ရှိတယ်။ ပြဿနာမရှိဘူး။ အေးအေးဆေးဆေးပဲ။ ညီ၊ အစ်ကိုတွေလိုမိသားစုလိုပဲ။ ဆန္ဒရှိတာ သူတို့ပေးတာပေါ့။ မဲပေးဖူးတာသုံးကြိမ်ရှိပြီ။ ကိုယ်ရွေးတဲ့ ကိုယ်စားလှယ်ကို နာမည်တွေတော့အလွတ်မသိဘူး။ ပုံတွေတော့သိတယ်”ဟု ဦးသန်းနိုင်က ပြောသည်။
မိတ္ထီလာမြို့နယ်တွင် ၂၀၁၃က လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည်။ ထိုစဉ်က ပဋိပက္ခကြောင့် နေအိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံမွတ်စလင်အချို့သည် ယခုချိန်အထိ ၎င်းတို့၏ မူရင်းနေရပ်သို့ မပြန်နိုင် ကြသေးကြောင်း ဒေသခံအချို့က မိတ္ထီလာသို့ ဖရွန်းတီးယားမြန်မာ သွားရောက်ခဲ့စဉ်အတွင်း ပြောသည်။

၎င်းတို့အပေါ် ခွဲခြားဆက်ဆံမှုများ ဆက်လက်ရှိနေသေးသဖြင့် ယနေ့ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးရန် မွတ်စလင်အချို့က စိတ်အားထက်သန်ခြင်းမရှိပေ။ အစိုးရက ၎င်းတို့၏ အခွင့်အရေးများကို ဖော်ဆောင်နိုင်မည်ဟု မယုံကြည်ကြောင်း ဒေသခံအချို့က ဖရွန်းတီးယားမြန်မာကိုပြောသည်။ (သတင်း – စိုးမိုး)
နေ့လယ် ၁၂:၁၅နာရီ
မရမ်းကုန်းတွင် တပ်မဲရုံသို့ ဆန္ဒမဲလာပေးသူဦးရေများပြား
ရန်ကုန်တိုင်းစစ်ဌာနချုပ်အနီးရှိ မရမ်းကုန်း အမှတ်(၇) ရပ်ကွက်၊ မဲရုံ အမှတ်(၄) တပ်မတော်သား မိသားစု သီးသန့်မဲရုံတွင် မဲလာရောက်ပေးသူ များပြားလျက်ရှိသည်။ တပ်မတော်မိသားစုဝင်တစ်ဦးဖြစ်သည့် အသက် ၅၈နှစ်ရှိပြီဖြစ်သည့် ဒေါ်အေးသီတာမြင့်က နှစ်သက်သည့် ပါတီကိုသာ မဲပေးခဲ့သည်ဟု ဆိုသည်။
“ပါတီကတော့ တစ်မိသားစုလုံး ကိုယ့်စိတ်ထဲမှာ တကယ်ကြိုက်နှစ်သက်တာကို မဲပေးခဲ့တယ်။ နာမည်တော့ မပြောတော့ဘူး။ အားလုံးအဆင်ပြေတယ်။ လွတ်လွတ်လပ်လပ်ပဲ မဲပေးခဲ့တယ်”ဟု ၎င်းက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

“လူတွေများတယ်။ မနက် ၆ နာရီကတည်းက လာတာ။ အကြာကြီးစောင့်ရတယ်။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ အထဲမှာပေးရတာလည်း အဆင်ပြေတယ်။ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးတွေလည်းပေးတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မရမ်းကုန်းမြို့နယ်သည် အနောက်ပိုင်းခရိုင်ရှိ တပ်မတော်သား မိသားစုဝင်မဲဆန္ဒရှင်အများဆုံးရှိရာ မဲဆန္ဒနယ်ဖြစ်ပြီး တပ်မတော်သားမဲဆန္ဒရှင် ၅,၃၀၀ ကျော်အထိ ရှိသည်။
နေ့လယ် ၁၂:၀၀နာရီ
မြစ်ကြီးနားတွင် မဲရုံမှူး၏ အစီအစဉ်ကို မကျေနပ်၍ ဒေသခံအချို့လှည့်ပြန်
မြစ်ကြီးနားမြို့နယ်၊ လေကုန်းရပ်ကွက်တွင် မဲရုံအရာရှိများသည် မဲရုံသို့ အရင်ရောက်နှင့်သူများကို မဲမပေးခိုင်းဘဲ မဲစာရင်းနံပါတ်အတိုင်း အစဉ်လိုက်ပေးရန် ပြောဆိုခဲ့ရာ အချို့မဲဆန္ဒရှင်များက စောင့်ဆိုင်းရသည်ကို စိတ်မရှည်သဖြင့် လှည့်ပြန်သွားကြသည်။
အင်ဂျင်းဒုံရပ်ကွက်ရှိ မဲရုံတွင်မူ မဲပေးရန် တန်းစီစောင့်ဆိုင်းနေသူ အလွန်များပြားသဖြင့် အချို့က နေ့ခင်းပိုင်းမှ မဲပေးတော့မည်ဟုဆိုကာ လှည့်ပြန်သွားသည်ဟု သတင်းရင်းမြစ်အချို့က ဖရွန်းတီးယားမြန်မာကို ပြောသည်။

“သူတို့ မဲပေးဖို့ ပြန်မလာမှာ စိုးရိမ်တယ်”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ မြစ်ကြီးနားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဆိုင်းနုပန်က ပြောသည်။
မြစ်ကြီးနားရှိ တပ်မဲရုံများတွင် မဲရုံသို့ ရောက်နှင့်သူများကို ဦးစားမပေးဘဲ တပ်မိသားစုဝင်များကို ဦးစားပေး၍ မဲထည့်စေသဖြင့် ဒေသခံအချို့ ဒေါသထွက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က ဖရွန်းတီးယားမြန်မာကို ပြောသည်။ (သတင်း – ပြည့်စုံအောင်)
နံနက် ၁၁:၂၅နာရီ
ပုသိမ်မြို့က မဲပေးမှုအခြေအနေ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် နံနက် ၅:၀၀နာရီခန့်ကတည်းက ဒေသခံများသည် မဲပေးရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။ ပုသိမ်မြို့ပေါ်ရှိ မဲရုံတစ်ခုချင်းစီတွင် မဲထည့်မည့် ဆန္ဒရှင်အရေအတွက်သည် ပျမ်းမျှအားဖြင့် ၃,၀၀၀ခန့်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားဒေသများကဲ့သို့ပင် မဲဆန္ဒရှင်များအကြား တစ်ဦးနှင့်တစ်ဦး လုံလောက်သော အကွာအဝေး ထားရှိခြင်းမရှိသည်ကို မြင်တွေ့ရသည်ဟု မြေပြင်တွင် ရောက်ရှိနေသည့် သတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။ (သတင်း – ပြည့်စုံအောင်)
နံနက် ၁၁:၂၀နာရီ
နေပြည်တော်တွင် ကပ်ရောဂါကာလကြားကပင် လာရောက်မဲပေးသူများနေ
အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ကပ်ရောဂါကာလကြားကပင် လာရောက်မဲပေးခဲ့သူဦး များပြားလျက်ရှိသည်ဟု မဲရုံမှူးများနှင့် မဲဆန္ဒရှင်များကဆိုသည်။
မဲရုံဖွင့်သည့် နံနက်၆နာရီမထိုးခင်ကပင် မဲရုံရှေ့တွင် လာရောက်တန်းစီနေကြသည်ဟု ဇေယျာသီရိမြို့နယ်၊ မုတောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန်ကဆိုသည်။
“ဒီမနက် ၁၀နာရီအထိ မဲပေးသူပေါင်း ၁,၃၅၇ ဦးရှိပါပြီ။ ကျွန်တော့် ရွာမှာ မဲပေးနိုင်သူပေါင်း ၃,၀၄၄ ဦးပါ’’ဟု ဦးအောင်မြင့်စိန်က ပြောသည်။ ထို့ပြင် ကြိုတင်မဲပေးထားသူဦးရေ ၆၄၀ကျော်ရှိနေသဖြင့် မဲပေးသူဦးရေ ၂,၀၀၀နီးပါးရှိသွားပြီဟု ၎င်းကဆိုသည်။

နေပြည်တော်ရှစ်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူပေါင်း ကိုးသိန်းကျော်ရှိပြီး မဲရုံပေါင်း ၆၄၆ ရုံရှိသည်။ ယင်းရှစ်မြို့နယ်တွင် အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၁၁ခုက ကိုယ်စားလှယ်လောင်းနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၆၆ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
လွန်ခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထိုင်သည့် ဇေယျာသီရိမြို့ကလွဲ၍ ကျန် ပြည်သူ့လွှတ်တော်ခုနှစ်နေရာ၊ အမျိုးသားလွှတ်တော်နှစ်နေရာစလုံး အနိုင်ရရှိခဲ့သည်။ (သတင်း – ပေးပို့)
နံနက် ၁၁:၁၅နာရီ
မရမ်းကုန်းတွင် မိသားစုအလိုက် မဲစာရင်းတွင်မပါ၊ သို့သော် ညှိနှိုင်း၍ မဲထည့်ခိုင်းခဲ့
မရမ်းကုန်းမြို့နယ် အမှတ်(၇)ရပ်ကွက်၊ မဲရုံတွင် မဲစာရင်းမှားယွင်း၍ လိုက်လံရှာဖွေနေရသည့် မဲဆန္ဒရှင်များလည်း ရှိသည်။ ကမ္ဘာအေးဘုရားလမ်းပေါ်တွင်နေသည့် ဒေါ်သီတာမွန်တို့ မိသားစုသည် မဲစာရင်းကပ်စဉ်က နာမည်မပါဝင်ခဲ့ရာ ပုံစံ၃ဖြင့် လျှောက်ထားခိုင်း၍ လျှောက်ထားခဲ့သည်။ သို့သော် ယခုအချိန်အထိ မဲစာရင်းတွင် အမည်မပါဝင်ကြောင်း ၎င်းကဆိုသည်။
“ကပ်တုန်းကလည်း မိသားစုလိုက်မပါလို့ ဒုတိယအကြိမ်မဲစာရင်းတွေကပ်တုန်းက လျှောက်ခဲ့တယ်။ အခုထိလည်းမပါဘူး။ ကျွန်မတို့ မိသားစု လေးယောက်ရှိတာ၊ လေးယောက်လုံးမပါဘူး။ မဲမပေးရ ဖြစ်တော့မယ်။ ကျွန်မတို့ မဲတွေဆုံးရှုံးတော့မယ်”ဟု ဒေါ်သီတာမွန်က ပြောသည်။
“ကျွန်မတို့ မိသားစုက အဲဒီရပ်ကွက်မှာနေတာ ကြာလှပြီ။ လျှောက်လည်း လျှောက်တယ်။ အဲဒါကို မရဘူး”ဟု ၎င်းက ဒေါသတကြီးဖြင့်ပြောသည်။

သို့သော် နောက်ပိုင်းတွင် ရပ်ကွက်ကော်မရှင်က မဲရုံအမှတ်(၁)တွင် မဲစလစ် နံပါတ်ထွက်ရှိထားသည့် ဒေါ်သီတာမွန်တို့ မိသားစုဝင်များအနက် သုံးဦးကို မဲပေးခွင့်ပေးမည်ဖြစ်ကြောင်း ပြောဆို၍ လိုအပ်သည့် လျှောက်လွှာများဖြည့်သွင်းရန် ၎င်းတို့ကို ခေါ်ဆောင်သွားသည်။
“တစ်ယောက်ကတော့ နံပါတ်မရလို့ မဲမပေးရဖို့ များနေပြီ” ဟု ၎င်းကပြောသည်။
ဖရွန်းတီးယားမြန်မာသည် နောက်ထပ် အမှတ်(၇)ရပ်ကွက်ရှိ မဲရုံ၌ မဲစာရင်းတွင်မပါဝင်၍ အသက်၅၀နီးပါးရှိပြီ ဖြစ်သည့် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သမီးဖြစ်သူတို့ မဲထည့်ခွင့်မရဘဲ အိမ်ပြန်သွားသည်ကို ဖရွန်းတီးယားမြန်မာက မြင်တွေ့ခဲ့ရသည်။ ၎င်းတို့ကို သွားရောက်၍ တွေ့ဆုံမေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ (သတင်း – ကောင်းဆက်နိုင်)
နံနက် ၁၁:၀၀နာရီ
ဆိပ်ကြီးခနောင်တိုမြို့နယ် ဆိပ်ကြီးအရှေ့ရပ်ကွက်မဲရုံတွင် သတင်းယူခွင့်ပိတ်ပင်
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက် စွယ်တော်လမ်းရှိမဲရုံအမှတ်-၃အတွင်းသို့ သတင်းထောက်များ သတင်းယူခွင့်မရ ဖြစ်နေသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရုံအတွင်းနှင့် မဲရုံပရဝဏ်တွင် မည်သူ့ကိုမှ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့်မပေးရန်ပြောထားသည်ဟု မဲရုံတာဝန်ကျသူများကပြောသည်။

“ကျွန်တော်တို့ ကော်မရှင်ရဲ့စည်းမျဉ်း ၊စည်းကမ်းတွေအတိုင်းလုပ်နေတာပါ။ ဘယ်သူမှအထဲကိုဝင်ပြီး ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခွင့်ပေးလို့မရဘူး”ဟု မဲရုံဝန်ထမ်း ကိုကျော်ကျော်လွင်က ပြောသည်။
နိုဝင်ဘာ၇ရက်က သတင်းမီဒီယာကောင်စီကထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်ကို သတင်းထောက်များကပြ၍ ခွင့်တောင်းသည့်တိုင် သတင်းယူခွင့်မပေးခဲ့ပေ။ ရွေးကောက်ပွဲနေ့တွင် သတင်းထောက်များသည် မဲရုံအတွင်းမှအပ ကျန်သည့်နေရာများတွင် သတင်းနှင့် ဓာတ်ပုံများကို လွတ်လပ်စွာရိုက်ကူးနိုင်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည် ၂၀၂၀ ရွေးကောက်ပွဲလမ်းညွှန် စာအုပ်တွင် ဖော်ပြထားသည်။
နံနက် ၁၀:၄၅နာရီ
ဒလတွင် မဲလာပေးသူများ ကိုဗစ်စည်းကမ်းများလိုက်နာမှုအားနည်း
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ မဲရုံများတွင် မဲလာပေးသူများပြားနေပြီး ကိုဗစ်-၁၉ကာကွယ်ရေး အစီအမံများ၊ ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည်ကို တွေ့ရသည်။ ဒလမြို့နယ်၊ ရပ်ကွက်သုံးခုရှိ မဲရုံပေါင်း၂၁ရုံကို ဖရွန်းတီးယားမြန်မာက ရောက်ရှိခဲ့ရာ မဲဆန္ဒရှင်များ မဲပေးရာတွင် ကျန်းမာရေးအရ လုံခြုံစိတ်ချမှုမရှိသည့် အခြေအနေကို မြင်တွေ့ခဲ့ရသည်။
“လူတွေကအရမ်းများတယ်။ မဲပေးဖို့တော်တော်လေး စိတ်အားထက်သန်နေတော့ ကျွန်တော်တို့လည်း စည်းကမ်းအတိုင်းလိုက်နာအောင် ပြောဖို့တော်တော်လေး အခက်အခဲရှိတယ်”ဟု ကျန်စစ်သားရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ ဥက္ကဋ္ဌဦးသက်ခိုင်က ပြောသည်။

မဲရုံတာဝန်ကျသူများက မဲရုံအတွင်းဝင်မည့်သူများ နှာခေါင်းစည်းများ၊လက်ဆေးရည်များဝေငှနေခြင်း၊ အပူချိန်တိုင်းခြင်းများ ပြုလုပ်နေသည်။
ကျန်စစ်သာရပ်ကွက်တွင် မဲဆန္ဒရှင် ၁,၀၀၀၀ကျော်ရှိပြီး ကြိုတင်မဲပေးသူ ၁,၃၀၀ရှိသည်။
“အများစုကခြောက်ပေကွာပြီး မရပ်ကြဘူး။ကျမကတော့ ရောဂါပိုးကူးမခံနိုင်ဘူးလို့ ခြောက်ပေအကွာကနေပဲနေတယ်”ဟု ၁၁/၁၄ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်ြမတ်ခိုင်ကပြောသည်။
နံနက် ၁၀:၄၀နာရီ
မိတ္ထီလာတပ်မဲရုံ မဲပေးမှုအခြေအနေ
မိတ္ထီလာမြို့၊ ရတနာမာန်ရ်အောင်ရပ်ကွက်နယ်မြေရှိ၊ အမှှတ်(၈) မဲရုံတွင် တပ်မဲဆန္ဒရှင်များ ယနေ့ နိုဝင်ဘာလ ၈ရက် မနက်ပိုင်းက ဆန္ဒမဲပေးနေကြခြင်းဖြစ်သည်။ မိတ္ထီလာခရိုင်တွင် တပ်မဲဆန္ဒရှင် ၁၅,၀၀၀ ကျော်ခန့်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့၊ ရတနာမာန်ရ်အောင်ရပ်ကွက်နယ်မြေရှိ၊ အမှှတ်(၈) မဲရုံတွင် တပ်မဲဆန္ဒရှင်များ ယနေ့ နိုဝင်ဘာလ ၈ရက် မနက်ပိုင်းက ဆန္ဒမဲပေးနေကြစဉ်။ (ဓာတ်ပုံ | စိုးမိုး)
နံနက် ၁၀:၃၀နာရီ
“တပ်မတော်နှင့် အလုပ်လုပ်လို့ရတဲ့ပါတီကို မဲပေးခဲ့သည်”ဟု တပ်ချုပ်ပြော
တပ်မတော်နဲ့ အလုပ်လုပ်လို့ရတဲ့ပါတီကိုမဲပေးခဲ့တယ်လို့တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်က အနော်ရထာရပ်ကွက် မဲရုံမှာ မဲပေးအပြီး သတင်းထောက်တွေကို ပြောလိုက်တာပါ။
“ကျွန်တော်တို့တပ်မတော်နဲ့ လက်တွဲပြီး အလုပ်လုပ်လို့ရတဲ့ ပါတီကို ကျွန်တော် ရွေးပြီးပေးခဲ့ပါတယ်။ ပိုပြီးကောင်းတဲ့အနာဂတ်ကို ဖန်တီးနိုင်တဲ့သူကိုလည်း ကျွန်တော် အပြည့်အဝယုံကြည်ပါတယ်”လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့ပြင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာပေါ်မှာအလေးထားတဲ့ ပါတီ၊ တို့တာဝန်အရေးသုံးပါးကို အလေးထားတဲ့ပါတီကို မဲပေးခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့က ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲပေးထားတာပါ။ သမ္မတဦိးဝင်းမြင့်ကတော့ သူရဲ့ မဲဆန္ဒနယ်တာမွေမြို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဗဟန်းမြို့အတွက် မဲပေးခဲ့ကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ရဲဘော်ရဲဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူမဲပေးချင်လို့ အဓိက ဒီနေ့မှပေးတာပါ’’ လို့ပြောပါတယ်။
နေပြည်တော်ဇေယျာသီရိမဲဆန္ဒနယ်မှာ မဲဆန္ဒရှင် ၈၂,၀၀၀ ကျော်ရှိပြီး တပ်မတော်သားနဲ့ သူတို့ရဲ့ မိသားစုဝင် မဲဆန္ဒရှင်ပေါင်း ၂၀,၀၀၀ ကျော်ရှိနေတာပါ။ ဒီမဲဆန္ဒနယ်ကို ပြီးခဲ့တဲ့ ၂၀၁ဝပြည့်နှစ်နဲ့ ၂၀၁၅ရွေးကောက်ပွဲ တွေမှာ ပြည်ခိုင်ဖြိုးပါတီက အင်န်အယ်လ်ဒီပါတီကို အနိုင်ရထားပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာတော့ ဇေယျာသီရိပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးဝင်ပြိုင်ထားပါတယ်။ (သတင်း – ပေးပို့)
နံနက် ၁၀:၀၀နာရီ
ကော့ကရိတ်က ပထမဆုံးရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ရွာတစ်ချို့
ရွေးကောက်ပွဲများကို ကရင်အမျိုးသားအစည်းအရုံးလှုပ်ရှားသည့် ဒေသများတွင်လည်း ကျင်းပခဲ့သည်။ ၂၀၁၅တွင် ရွေးကောက်ပွဲမကျင်းပခဲ့သည့် ကော့ကရိတ်မြို့နယ်အတွင်းက ကျေးရွာအချို့တွင် ယခုနှစ်၊ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဒေသခံကရင်တိုင်းရင်းသားများ စိတ်ဝင်တစား မဲပေးခဲ့ကြသည်။
“ကျွန်မက ကရင်တိုင်းရင်းသားဆိုတော့ ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းကိုပဲ မဲပေးခဲ့တယ်။ မဲစာရွက်ပေါ်မှာ ကရင်အလံကိုရှာပြီး ကရင်တိုင်းရင်းသားကိုယ်စားလှယ်လောင်းနာမည်ဘေးမှာ မဲပေးခဲ့တယ်။ တခြားဝင်ပြိုင်တဲ့သူတွေကို မသိတော့ ကရင်ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးခဲ့တာ”ဟု ကရင်အမျိုးသားအစည်းအရုံး လှုပ်ရှားရာနယ်မြေ (ဒူးပလာယာခရိုင်)၊ ကော့ကရိတ်မြို့နယ်၊ ကမိုင်းကုန်းကျေးရွာအုပ်စုတွင်နေထိုင်သူ အသက်၄၆နှစ်ရှိပြီဖြစ်သည့် နော်အဲ့လာထူးက ပြောသည်။ (သတင်း – ပေးပို့)

နံနက် ၉:၅၀နာရီ
အနိုင်၊ အရှုံးက အရေးမကြီးဟု ဦးကိုကိုကြီးပြော
ပြည်သူ့ပါတီခေါင်းဆောင်နှင့် တောင်ဥက္ကလာပပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုကြီးက ယနေ့နံနက်တွင် အမှတ်(၃)မဲရုံသို့ လာရောက်မဲပေးခဲ့သည်။ ကိုဗစ်-၁၉ကြောင့် ပါတီ၏စည်းရုံးရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်ဟု ၎င်းကဆိုသည်။
“ကျွန်တော်တို့ပါတီက အသစ်ဖြစ်တယ်။ သိပ်လည်းလူသိမများသေးဘူး။ မဲဆန္ဒရှင်တွေနဲ့လည်း သိပ်ပြီးမဆက်သွယ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပါတီဟာ ရွေးကောက်ပွဲတစ်ခုတည်းကိုပဲ အာရုံစိုက်တဲ့ ပါတီမဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်စရာတွေ အများကြီးရှိပါသေးတယ်”ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်သည် လွန်ခဲ့သည့် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိထားသည့် မြို့နယ်တစ်ခုဖြစ်သည်။
“နိုင်တာ၊ ရှုံးတာတွေ ကျွန်တော်တို့ သိပ်မစဉ်းစားဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ငါးနှစ်တစ်ခါ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်အရေးပါသလဲဆိုတာ လူတွေကို သိစေချင်တယ်”ဟု ဦးကိုကိုကြီးက ပြောသည်။
၂၀၁၅တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့သော်လည်း အရွေးမခံရသည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ဦးကိုကိုကြီးကဆိုသည်။ သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ ထပ်မံပြောဆိုရန် ၎င်းက ငြင်းဆန်ခဲ့သည်။
နိုင်ငံရေးနှင့်ပတ်သက်၍ သင်ခန်းစာများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်စောင့်နေခြင်းထက် လက်တွေ့ထလုပ်ခြင်းက ပို၍ အလုပ်ဖြစ်သည်ဟု ယုံကြည်ခြင်းကြောင့် ပြည်သူ့ပါတီတည်ထောင်၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ အင်န်အယ်လ်ဒီပါတီနှင့် တိုင်းရေးပြည်ရာများကို ပူးပေါင်းဆောင်ရွက်ရန်လည်း ဝန်မလေးဟု ၎င်းကဆိုသည်။
နံနက် ၉:၄၅နာရီ
ဒလမြို့နယ်ကျန်စစ်သားရပ်ကွက်အတွင်းက မဲပေးမှုအခြေအနေများကို ဖရွန်းတီးယားမြန်မာ ဓာတ်ပုံသတင်းထောက် ငြိမ်းဆုဝေကျော်စိုးက သတင်းဓာတ်ပုံများ သွားရောက်ရိုက်ကူးထားသည်။ ကျန်စစ်သားရပ်ကွက်တွင် မဲပေးသူများသည် ရာနှင့်ချီ လူအုပ်ကြီးက မဲရုံ ပုရဝုဏ်အတွင်းအပြင်တွင် နေရာယူထားကြသည်။ တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်စွာ ထိကပ်နေကြပြီး အကွာအဝေးခြားသည့် စည်းမျဉ်းများ လိုက်နာမှုအားနည်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ သို့သော် မဲဆန္ဒရှင်အများစုသည် နှာခေါင်းစည်းများ တပ်ဆင်ထားကြသည်။
နံနက် ၉:၄၀နာရီ
ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် မဲစာရင်းမပါသူ အများအပြားရှိနေ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ အမှတ်(၆) မူလတန်းကျောင်းမဲရုံတွင် မဲစာရင်းတွင် မပါဝင်သည့် ဒေသခံများနှင့် မဲရုံမှူးကြားအငြင်းပွားမှုဖြစ်ပွားနေသည်။
“ငါဒီရပ်ကွက်မှာမွေးတာ။ ငါ့နာမည်ဘာလို့ မပါရတာလဲ။ ငါတော်တော်စိတ်တိုတယ်”ဟု အမျိုးသမီးတစ်ဦးက မဲရုံရှေ့တွင်အော်ဟစ်ပြောဆိုနေသည်။
အဆိုပါရပ်ကွက်တွင် မဲစာရင်းမပါသူ အများအပြားရှိနေသည်။ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်လွင်က ၎င်းတို့သည် မဲစာရင်းနှစ်ကြိမ်ကြေညာခဲ့သည့်အချိန်တွင် လာရောက်စစ်ဆေးရန် ပျက်ကွက်ကြသူများဖြစ်သည်ဟု ပြောသည်။
“အလုပ်သမားတွေများတဲ့ ရပ်ကွက်ဆိုတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေချာမသိကြဘူး။ကျွန်တော်တို့ နှစ်ကြိမ်ကြေညာခဲ့ပေမဲ့ သူတို့ဘယ်တော့မှ လာမစစ်ဘူး”ဟု ဦးမြင့်လွင်ကပြောသည်။

အသက် ၃၆နှစ်အရွယ် မနန်းခိုင်က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မည်သည့်အတွက်ကြောင့် ၎င်း၏အမည်ကျန်နေခဲ့သည်ကို နားမလည်နိုင်ဟု ပြောသည်။
“အင်န်အယ်လ်ဒီကို မဲပေးဖို့ ကျွန်မလာခဲ့တာ။ ဒါပေမဲ့ သူတို့ (မဲရုံအရာရှိတွေ) က ကျွန်မနာမည်မရှိဘူးလို့ ပြောတယ်။ အမေစုကိုမဲမပေးရလို့ ဝမ်းနည်းမိတယ်”ဟု သူကပြောသည်။ သို့သော် ကော်မရှင်က မဲစာရင်းကြေညာစဉ်က မဲစာရင်းကို မစစ်ခဲ့မိကြောင်း သူကဝန်ခံသည်။
ကျန်စစ်သားရပ်ကွက်တွင် မဲပေးနိုင်သူ ၁၀,၀၀၀ကျော်ရှိပြီး မဲရုံပေါင်း ၁၃ခု ဖွင့်လှစ်ထားသည်။ အမှတ်(၆) မူလတန်းကျောင်းရှိ မဲရုံအမှတ်(၇)တွင် မဲပေးနိုင်သူ ၅,၀၀၀ဝန်းကျင် ရှိသည်။ နံနက် ၉:၀၀နာရီ ဝန်းကျင်တွင် လူအများအပြား မဲရုံရှေ့တွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်တားဆီးရေးလမ်းညွှန်ချက်များကို မျက်ကွယ်ပြုကာ မဲပေးခွင့်ရရန် စောင့်ဆိုင်းလျက်ရှိသည်။ (သတင်း – ဆွေလဲ့မွန်)
နံနက် ၉:၃၀နာရီ
ဖရွန်းတီးယားမြန်မာ ဓာတ်ပုံသတင်းထောက် ခွန်လတ်က တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ ရွေးကောက်ပွဲနေ့ မဲပေးမှုအခြေအနေများကို သတင်းဓာတ်ပုံ ရယူခဲ့သည်။ ရန်ကုန်မြို့၊ အခြားနေရာများကဲ့သို့ပင် ဆန္ဒမဲပေးမည့်သူများသည် တန်းစီစောင့်ဆိုင်းနေကြသော်လည်း တစ်ဦးနှင့်တစ်ဦး အကွာအဝေးသိပ်မခြားသည်ကို မြင်တွေ့ခဲ့ရသည်။
နံနက် ၉:၂၀နာရီ
ကိုဗစ်-၁၉ကူးစက်မှုစိတ်မပူဖို့ ကျန်းမာရေးဝန်ကြီးဌာနပြော
ယနေ့ကျင်းပသည့် ရွေးကောက်ပွဲအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကိုဗစ်-၁၉ပိုးကူးစက်မှု အန္တရာယ်ဖြစ်သည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ မဲသွားပေးရာမှ လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အန္တရာယ်ပင်ဖြစ်သည်။
အောက်တိုဘာလဆန်းမှစ၍ နေ့စဉ်ပိုးတွေ့လူနာဦးရေ လျော့နည်းလာသော်လည်း မြန်မာနိုင်ငံသည် တစ်ရက်လျှင် ပိုးတွေ့လူနာသစ် ၁,၀၀၀နီးပါး ဆက်လက် စစ်ဆေးတွေ့ရှိနေသေးသည်။ ပိုးတွေ့လူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဖြစ်သော်လည်း အခြားဒေသများဖြစ်သည့် ပဲခူး၊ ရခိုင်၊ မန္တလေးတို့တွင်လည်း ပိုးတွေ့လူနာဦးရေမှာ စိုးရိမ်ဖွယ်အနေအထားသို့ မြင့်တက်လာခဲ့သည်။
ကိုဗစ်-၁၉ အန္တရာယ်က မဲဆန္ဒရှင်များ၊ မဲရုံဝန်ထမ်းများအပေါ် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဆက်လက်ကျန်ရှိနေသည်ကို ထင်ဟပ်နေသော ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခု လွန်ခဲ့သော သောကြာနေ့က ဖြစ်ပွားခဲ့သည်။ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် သန်လျင်မြို့နယ်က အသက် ၅၆နှစ်ရှိပြီဖြစ်သည့် ကျောင်းဆရာမတစ်ဦး ကိုဗစ်-၁၉ ပိုးကူးစက်ခံရ၍ ရုတ်တရက် သေဆုံးသွားခဲ့သည်။

သို့သော် ၎င်းတို့အနေဖြင့် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးအစီအမံအားလုံးကို ဆောင်ရွက်ထားပြီးဖြစ်သဖြင့် ရွေးကောက်ပွဲနေ့တွင် စိတ်ချလက်ချ မဲပေးနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တို့ကမူ အခိုင်အမာဆိုထားသည်။ သို့တိုင် မဲဆန္ဒရှင်များကိုမူ ကိုဗစ်-၁၉ကာကွယ်ရေး အခြေခံစည်းမျဉ်းများကို လိုက်နာရန် သတိပေးထားသည်။
တစ်ဦးနှင့်တစ်ဦး အကွာအဝေးခြားစေခြင်း အပါအဝင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများကို မဲရုံများတွင် ဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ သို့သော် ယင်းသို့ဆောင်ရွက်သည့်အတွက်ကြောင့် မဲဆန္ဒရှင်တစ်ဦးလျှင် မဲပေးချိန် ခုနှစ်မိနစ်ခန့်သာ ရရှိမည်ဖြစ်သည်။ မဲပေးနေစဉ်အတွင်း “ပိုးကူးစက်မှုအန္တရာယ်လုံးဝမရှိအောင်” စီမံထားသည်ဟု ၎င်းက ဖရွန်းတီးယားမြန်မာသို့ ပြောဆိုထားသည်။
မဲဆန္ဒရှင်များကို မဲရုံဝန်ထမ်းများက မဲရုံအဝင်ဝတွင် ကိုယ်ပူချိန် တိုင်းတာခြင်း၊ လက်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ဆန္ဒမဲပေးမည့်သူများသည် နှာခေါင်းစည်း (မာ့စ်) မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်သည်။
ရွေးကောက်ပွဲနေ့တွင် အသုံးပြုရေးအတွက် ကိုဗစ်-၁၉ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ တရုတ်ထံမှ ဝယ်ယူရန် အစိုးရက ငွေကျပ် ၃၆ဘီလျံခန့် သုံးစွဲထားသည်။ အောက်တိုဘာလကုန်တွင် အဆိုပါပစ္စည်းများ ရောက်ရှိလာပြီဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး နေရာအနှံ့သို့ ဖြန့်ဝေထားကြောင်း အစိုးရပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ၅ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့သည်။

အဆိုပါကာကွယ်ရေးပစ္စည်းများတွင် N-95 နှာခေါင်းစည်းများ၊ မျက်နှာကာများ၊ ဆေးဖက်ဆိုင်ရာသုံး ခေါင်းဆောင်းများနှင့် ရောဂါကာကွယ်ရေးသုံး ဝတ်စုံများပါဝင်သည်။ အဆိုပါ ကာကွယ်ရေးပစ္စည်းများမှ မဲဆန္ဒရှင်များ၊ မဲရုံဝန်ထမ်းများနှင့် မဲရုံတွင်ကူညီမည့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန်ဖြစ်သည်။
၎င်းတို့အနေဖြင့် မဲဆန္ဒရှင်ပေါင်း ၁၂၀,၀၀၀နီးပါး မဲပေးကြမည့် မဲရုံ၁၈၂ရုံသို့ ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင်တွင် ပါဝင်သော ဒလမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမျိုးသိန်းက ပြောသည်။ မြို့နယ်ထွေအုပ်များက ကာကွယ်ရေးပစ္စည်းများကို ဦးဆောင်၍ မဲရုံများသို့ သွားရောက် ဝေငှခဲ့ကြောင်း ၎င်းက ပြောသည်။ (သတင်း – အောင်ဖေကြည်စိုး)
နံနက် ၉:၀၅နာရီ
မဲပေးရာတွင် တစ်ဦးနှင့်တစ်ဦး နီးကပ်လွန်းသည်ဟုဆို
မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ အမှတ်(၁)မူလတန်းလွန်ကျောင်းက မဲရုံတွင်မူ မဲရုံစဖွင့်ချိန်က စပြီး လူဦးရေ ၁၀၀ကျော် စောင့်ဆိုင်းနေသည်။ မဲရုံစဖွင့်ချိန်ကစပြီး ဆန္ဒမဲပေးမည့်သူများ မပြတ်ရောက်ရှိလာသည်။ အမှတ်(၄)မဲရုံသည် တပ်မတော်သားမိသားစုဝင်များ မဲပေးရမည့် မဲရုံဖြစ်ပြီး ဆန္ဒမဲပေးမည့်သူဦးရေ ၂,၃၂၆ဦးရှိသည်။
“မဲပေးဖို့ မနက် ၆နာရီကတည်းကရောက်နေတာ။ မဲပေးဖို့ နှစ်နာရီ လောက်စောင့်ခဲ့ရတယ်။ အရမ်းကြီး ပူးကပ်နေတာတော့ အဆင်မပြေဘူး။ ကျန်တာကတော့ အဆင်ပြေပါတယ်”ဟု မဲရုံအမှတ်(၄) တွင်မဲပေးခဲ့သည့် ဦးဖြိုးကိုကို (အသက်၃၄နှစ်) ကပြောသည်။

အခြားမဲဆန္ဒရှင်များက ၎င်းတို့ဆန္ဒမဲပြုသည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီများ၏အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော်လည်း ၎င်းကမူ မည်သူ့ကိုမဲပေးခဲ့သည်ကို ဖရွန်းတီးယားမြန်မာသို့ ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။
“ပြည်သူ့လွှတ်တော်အတွက်က PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) ကိုပေးခဲ့တယ်။ အပြောင်းအလဲ ဘယ်လောက်လုပ်နိုင်မလဲ ကြည့်ချင်လို့၊ ကျန်တာတွေက NLD (အင်န်အယ်လ်ဒီ) ကိုပေးခဲ့တယ်” ဟု ဦးဖြိုးကိုကိုကပြောသည်။ (သတင်း – ကောင်းဆက်နိုင်)
နံနက်၉:၀၀နာရီ
ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ တပ်ပြင်ပမဲရုံများတွင် ယနေ့နံနက် ဆန္ဒမဲပေးမှုအခြေအနေများကို ဖရွန်းတီးယားမြန်မာ၏ ဓာတ်ပုံသတင်းထောက် သူရဇော်က သတင်းဓာတ်ပုံသွားရောက် ရိုက်ကူးခဲ့သည်။ အဆိုပါမဲရုံတွင် တပ်မတော်သားအချို့ ဆန္ဒပြုခဲ့ကြသည်။
နံနက် ၈:၄၅နာရီ
အရပ်သားတွေနဲ့မဲပေးတဲ့ တပ်မတော်သားတစ်ဦးရဲ့ ရင်ဖွင့်သံ
မကွေးမြို့၊ နံကပ်ကျွန်းအုပ်စု၊ ချမ်းမြေ့သာယာရပ်ကွက်၊ မဲရုံအမှတ်(၆)နှင့် (၇)များသည် တပ်မတော်သားများနှင့် အရပ်သာများ မဲပေးရန် ပူးတွဲဖွင့်လှစ်ထားသည့် မဲရုံနှစ်ခုဖြစ်သည်။ မဲရုံအမှတ်(၆)တွင် ဆန္ဒမဲပေးမည့်သူဦးရေ ၂,၁၀၀ဝန်းကျင်ရှိပြီး မဲရုံအမှတ်(၇)တွင် ဆန္ဒမဲပေးမည့်သူ ၁,၉၀၀ကျော်ရှိသည်။
“အခုမဲရုံမှာ တပ်မတော်သားမဲဆန္ဒရှင်တွေလည်း ပါဝင်မဲ ပေးနေကြပါတယ်။ ကျွန်တ်ောတို့ အတွက်တော့ တပ်ဝင်းအပြင်မှာ မဲပေးတာဒါက ပထမဆုံးပါ။ အခုလိုစီစဉ်ပေးတာ ကောင်းတဲ့ အစီအစဉ်ပါပဲ”ဟု ဆန္ဒမဲပြုသည့် တပ်မတော်သားတစ်ဦးက ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အေးအေးသန်းကလည်း “မဲပေးရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ လူတွေအရမ်းများနေတော့ ကိုဗစ်နဲ့ပတ်သက်လို့ စိုးရိမ်တာတော့ ရှိတာပေါ့”ဟု မဲပေးအပြီးတွင် ပြောကြားခဲ့သည်။ (နေအောင် | မကွေးပို့စ်)
နံနက် ၈:၃၀နာရီ
တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက မဲပေးခဲ့သူများ
ဆိပ်ကြီးခနောင်တိုမြို့နယ်က အသက် ၂၃နှစ်သာရှိသေးသော သူနာပြုတစ်ဦးဖြစ်သူ မလဲ့လဲ့နှင်းအေးသည်လည်း ယခုနှစ် ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးမည်ဖြစ်သည်။ မိမိဘဝတွင် ပထမဆုံးအကြိမ် မဲပေးရမည် ဖြစ်သဖြင့် စိတ်လှုပ်ရှားနေကြောင်း ၎င်းကဖရွန်းတီးယားမြန်မာကို ပြောသည်။

“ရွေးကောက်ပွဲမှာ မဲပေးတဲ့ အတွေ့အကြုံတော့မရှိဘူး။ ဒါကြောင့် အွန်လိုင်းကနေ မဲဘယ်လိုပေးသလဲဆိုတာ မနေ့ညက စောင့်ကြည့်ခဲ့တယ်။ မဲပေးတဲ့အချိန်မှာတော့ ဘာမှအခက်အခဲမရှိ မဲပေးနိုင်ခဲ့တယ်”ဟု မလဲ့လဲ့နှင်းအေးက ပြောသည်။
“အရင်နေ့တွေက မဲရုံနားမှာ ဗုံးတွေဘာတွေပေါက်တယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖတ်ရတော့ လုံခြုံရေးအတွက် စိတ်ပူတာပေါ့။ တိုင်းပြည်ပြောင်းလဲဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းကပြောသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်က အခြားမဲဆန္ဒရှင်တစ်ဦးဖြစ်သူ အသက်၃၄နှစ်ရှိပြီဖြစ်သော မွတ်စလင်အမျိုးသား ကိုဇော်မင်းဦးကလည်း ဗုံးပေါက်ကွဲသည့် သတင်းများကြောင့် ကြောက်လန့်နေခဲ့သော်လည်း ယနေ့နံနက် မဲပေးရာတွင် မည်သည့်အခက်အခဲတစ်စုံတစ်ရာမှ မရှိခဲ့ကြောင်း ပြောသည်။
“နိုင်ငံသားတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံကို ပြောင်းလဲပေးနိုင်မဲ့ပါတီကို မဲပေးခဲ့တယ်။ ဘယ်ပါတီကို မဲပေးခဲ့တယ်ဆိုတာတော့ မပြောချင်ဘူး။ ဒါပေမဲ့ နောက်ငါးနှစ်အတွင်း နိုင်ငံကို တိုးတက်အောင် လုပ်ပေးမဲ့ပါတီကိုပဲ မဲပေးခဲ့တယ်”ဟု ၎င်းက ပြောသည်။ (သတင်း – နော်ဘတ်တီဟန်)

နံနက် ၈:၀၀နာရီ
ပါတီကိုပဲကြည့်ပြီးမဲပေးခဲ့တယ်
တောင်ဥက္ကလာပမြို့နယ်သည် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်နှင့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်သည်။ ဦးကိုကိုကြီး၏ နိုင်ငံရေးရပ်တည်ချက်သဘောထားကို သဘောကျသော်လည်း အခြားပါတီတစ်ခုကို ဆန္ဒမဲပေးခဲ့ကြောင်း အသက်၄၀နှစ်ရှိပြီဖြစ်သည့် တောင်ဥက္ကလာပမြို့ခံ ဒေါ်မိုးမိုးအေးကပြောသည်။
“နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူ့ရဲ့ခံယူချက်တွေကို ကျွန်မသဘောကျပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာတော့ ဘယ်သူဘယ်ဝါဆိုတာ ကျွန်မတို့က မစဉ်းစားဘူး။ ဘယ်ပါတီကိုမဲပေးမလဲ ဆိုတာပဲ စဉ်းစားတယ်”ဟု ၎င်းကပြောသည်။
“ကျွန်မနှလုံးသားထဲက နစ်နစ်ကာကာယုံကြည်တဲ့ ပါတီကိုပဲ မဲပေးခဲ့တယ်။ ဘယ်ပါတီလည်းဆိုတာတော့ ကျွန်မပြောဖို့မလိုတော့ဘူးထင်တယ်။ ဝင်ပြိုင်တဲ့ပါတီတွေပိုများလာလို့ ဒီနှစ်ရွေးကောက်ပွဲက ၂၀၁၅ကထက် စာရင် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်”ဟု ၎င်းကပြောသည်။
ကိုဗစ်-၁၉ဖြစ်ပွားစဉ် မဲပေးသည့်အတွေ့အကြုံအပေါ်ကျေနပ်နှစ်သက်မိကြောင်း ၎င်းကဆိုသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကိုဗစ်-၁၉ကြောင့် မဲပေးခြင်းသည် မလုံခြုံနိုင်ဟု သတင်းများ ကြားသိခဲ့ရသော်လည်း မဲသွားပေးရာတွင် အဆင်ပြေချောမွေ့ကြောင်း၊ တစ်ဦးနှင့်တစ်ဦး အကွာအဝေး တစ်ခုခြားပါက ပို၍အဆင်ပြေနိုင်ကြောင်း ၎င်းကဆိုသည်။ (သတင်း – ဟိန်းသာ)

နံနက် ၇:၃၀နာရီ
ပထမဆုံးအကြိမ်မဲပေးသည့် လူငယ်မဲဆန္ဒရှင်၏ ရင်တွင်းစကား
နံနက်မိုးလင်းလာသည်နှင့်အမျှ ဒလမြို့နယ်၊ ၁၁/၁၄ရပ်ကွက်တွင် မဲပေးရန် ဒေသခံများ မဲရုံများသို့ တဖွဲဖွဲရောက်ရှိလာပြီဖြစ်သည်။ ယခုနှစ်တွင် ပထမဆုံးအကြိမ် မဲပေးခဲ့သည့် အသက်၂၁နှစ်သာရှိသေးသော မဝင်းပပလှိုင်က မဲပေးရန် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်ဟုဆိုသည်။ သို့သော် အမှားအယွင်းမရှိ မဲပေးနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
“ကျွန်မဘယ်ပါတီကိုမဲပေးတယ်ဆိုတာကတော့ မပြောချင်ဘူး။ ဒါကလျှို့ဝှက်ချက်လေ။ မဲပေးဖို့ကတော့ အချိန် ၆မိနစ်လောက်ပဲကြာတယ်”ဟု မဝင်းပပလှိုင်က ဖရွန်းတီးယားမြန်မာကို ပြောသည်။ “မဲမပေးခင် မဲရုံမှူးနဲ့ မဲလက်မှတ်ကို စစ်ဆေးတယ်။ ကိုယ့်မဲက ပယ်မဲဖြစ်သွားမှာစိုးလို့ပါ”ဟု သူကပြောသည်။
၁၁/၁၄ရပ်ကွက်တွင် မဲရုံခွဲပေါင်း ခြောက်ခုရှိပြီး တစ်မြို့နယ်လုံးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၂၀,၀၀၀ခန့် ရှိသည်။ ဒလမြို့နယ်အတွင်းက မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော် (ဒလ)၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉)၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁)နှင့်(၂)တို့အတွက် မဲပေးရမည်ဖြစ်သည်။ ရခိုင်နှင့် ကရင်တိုင်းရင်းသားများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုလည်း ရွေးချယ်မဲပေးရမည်ဖြစ်သည်။ (သတင်း – ဆွေလဲ့မွန်)

နံနက်၇:၃၀နာရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်များတွင် မြေပြင်ကွင်းဆင်း သတင်းရယူနေသည့် ဖရွန်းတီးယားမြန်မာသတင်းထောက်များ၏ အဆိုအရ ဆန္ဒမဲပေးသူအများစုသည် နှာခေါင်းစည်းများ တပ်ဆင်ထားသော်လည်း တစ်ဦးနှင့်တစ်ဦး အကွာအဝေးခြားသည့် (Social Distancing) စည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာကျင့်သုံးဟန် မရှိပေ။ ဒလမြို့နယ်အတွင်းက အမှတ် ၁၁/၁၄ရပ်ကွက်တွင်မူ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် မဲဆန္ဒရှင်များကို မဲရုံတာဝန်ရှိသူများက နှာခေါင်းစည်းများ ဝေငှပေးလျက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။


နံနက် ၇:၂၅နာရီ
နိုဝင်ဘာ၇ရက်၊ ယမန်နေ့သည် မဲမဆွယ်ရသည့်နေ့ရက် (Silent Day)ဖြစ်ခဲ့ပြီး မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ခွင့်မရှိတော့သည့် နေ့လည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများကလည်း ၎င်းတို့၏ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်များကို နိုဝင်ဘာ၆ရက်၊ ည၁၂:၀၀နာရီမတိုင်မီ ပြန်လည်ဖြုတ်သိမ်းခဲ့ကြသည်။
ထို့ပြင် မဲရုံများတွင်လည်း ရွေးကောက်ပွဲနေ့အတွက် ပြင်ဆင်မှုများ အကြီးအကျယ်ပြုလုပ်ခဲ့ကြသည်။ ဖရွန်းတီးယားမြန်မာ၏ ဓာတ်ပုံသတင်းထောက်များက ထိုပြင်ဆင်မှုပုံရိပ်များကို သတင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

နံနက် ၇:၀၀နာရီ
ရန်ကုန်မြို့တွင်းနေရာအနှံ့အပြားတွင် မဲပေးမှုစတင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း မဲရုံများဖွင့်လှစ်ပြီး မဲပေးမှုစတင်နေပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲရုံများတွင် ကိုဗစ်-၁၉ကာကွယ်ရေးအတွက် မဲဆန္ဒရှင်များကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိပါက နှားခေါင်းစည်းဝေငှပေးခြင်း စသည်တို့ကို မဲရုံတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

နံနက် ၆:၄၅နာရီ
ယခုနှစ်တွင် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် ရွေးကောက်ပွဲကျင်းပသည့် သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် သိန်းပေါင်းများစွာသော အသက်၆၀နှင့်အထက် သက်ကြီးရွယ်အိုများသည် ကြိုတင်မဲပေးခွင့် ရရှိခဲ့ကြသည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် မဲဆန္ဒရှင်များ မဲပေးခွင့် ဆုံးရှုံးခြင်းမှ ကာကွယ်ရန် ရွေးကောက်ပွဲကော်မရှင်က ဖြေလျှော့မှုတစ်ချို့ကို လုပ်ဆောင်ခဲ့သည်။

သက်ကြီးရွယ်အိုများ မဲပေးမှုရာခိုင်နှုန်း အတန်အသင့်မြင့်မားခဲ့ခြင်းကြောင့် ယခုနှစ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူရာခိုင်နှုန်း အတိုင်းအတာတစ်ခုအထိ မြင့်တက်လာမည်ဟု မျှော်လင့်ရပါသည်။ ကိုဗစ်-၁၉ကူးစက်ခံရမည်ကို စိုးရိမ်စိတ်များရှိသော်လည်း ပြည်သူလူထုသည် ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲပေးရန် ရွေးကောက်ပွဲနေ့တွင် မဲရုံများသို့ လာရောက်ကြလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က ဖရွန်းတီးယားမြန်မာကို ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။

နံနက် ၆:၂၁နာရီ
မဲရုံများ စတင်ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြို့မ(၄)ရပ်ကွက်တွင် မဲပေးရန် ဆန္ဒရှင်၆၀ခန့်က စောင့်ဆိုင်းနေကြသည်။ “ကျွန်မတို့က နိုင်ငံအတွက် မဲပေးဖို့လာတာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးမှာပါ”ဟု နံနက် ၅:၃၀နာရီကတည်းက မဲရုံရှေ့တွင် စောင့်ဆိုင်းနေသည့် ဒလမြို့ခံဒေါ်သိင်္ဂီလှိုင်ကပြောသည်။ မြို့မ(၄)ရပ်ကွက် မဲရုံတွင် ဆန္ဒပြုမည့် မဲဆန္ဒရှင်ဦးရေ ၃,၆၄၃ဦးရှိပြီး၊ မဲရုံတာဝန်ရှိသူများက မဲဆန္ဒရှင်များကို နှာခေါင်းစည်းများ ဝေငှပေးနေသည်။ (သတင်း – ဆွေလဲ့မွန်)

နံနက် ၆:၁၅နာရီ
တောင်ဥက္ကလာပ၊ မရမ်းကုန်းနှင့် ဒလအပါအဝင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် မဲရုံများတွင် မဲပေးရန် တန်းဆီစောင့်ဆိုင်းနေသော မဲဆန္ဒရှင် အများအပြားရှိနေကြောင်း ဖရွန်းတီးယားမြန်မာ၏ သတင်းထောက်များက သတင်းပေးပို့လာပါသည်။
နံနက် ၆:၀၀နာရီ
မဲရုံများ စတင်ဖွင့်လှစ်၍ မဲပေးမှုစတင်ပါပြီ။ နိုင်ငံတစ်ဝန်းရှိ မဲရုံထောင်သောင်းများစွာတွင် မဲပေးမည့် မဲဆန္ဒရှင်များ စတင်တန်းစီနေပြီဖြစ်ပါသည်။ မဲရုံများကို နံနက်၆:၀၀နာရီထိုးသည်နှင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ညနေ ၄:၀၀နာရီတွင် မဲရုံပိတ်မည်ဖြစ်ပါသည်။ (သို့သော် မဲရုံပိတ်ချိန် ညနေ ၄:၀၀မတိုင်မီ မဲရုံပရဝုဏ်အတွင်း ရောက်ရှိနေသည့် မဲဆန္ဒရှင်များကမူ မဲပေးခွင့်ရရှိမည်ဖြစ်သည်။) မကြာမီ ရန်ကုန်မြို့အနှံ့က သတင်းဓာတ်ပုံများနှင့် နောက်ဆုံးရရွေးကောက်ပွဲသတင်းများကို တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် မဲရုံပေါင်း ၅,၈၀၉ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၅ဒသမ၆သန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။