အိမ့်သက်ဆု
ရာသီဥတုပြောင်းလဲမှုကြောင့် မြေအောက်ရေရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် ကားရေဆေးလုပ်ငန်း၊ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းအပါအဝင် ရေပြုန်းတီသည့်လုပ်ငန်းများကို စည်းကမ်းသတ်မှတ် ထိန်းချုပ်နိုင်ရန် လိုအပ်နေပြီဟု ပညာရှင်များက တိုက်တွန်းပြောကြားလိုက်သည်။
ကမ္ဘာ့ရေနေ့အကြိုအဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပညာရှင်များ ဆွေးနွေးရာ၌ ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ဥပဒေကြောင်းအရ ထိန်းကျောင်းရန်လည်း လိုအပ်နေသည်ဟု ပြောကြားခဲ့ကြသည်။
ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် စိမ်းလန်းအမိမြေအဖွဲ့အစည်းမှ ဥက္ကဌ ဦးဝင်းမျိုးသူက ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးလာခြင်းကို ဖြေရှင်းရန်အတွက် မိုးရေစုဆောင်းထားတတ်မှုမှာ အရေးပါသည့် ကိစ္စရပ်ဖြစ်ကြောင်း ပြောသည်။
“အဆောက်အအုံတစ်ခုဆောက်ရင် အဆောက်အအုံအောက်မှာ မိုးရေလှောင်ကန် ထိန်းသိမ်းရေးတွေ လုပ်ဖို့လိုအပ်တယ်။ ခက်ခက်ခဲခဲ ယူထားတဲ့ရေတွေကို ကားရေဆေးလုပ်ငန်း လုပ်တာတွေ ဖြုန်းတီးတာတွေကို စည်းကမ်းတွေချပြီးလုပ်မလားဆိုတာမျိုးပေါ့”ဟု ၎င်းက ဆိုသည်။
img_0469.jpg
title=
အစိုးရကဖွဲ့စည်းထားသည့် အမျိုးသားရေအရင်းအမြစ်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါက်တာ ခင်မောင်လွင်ကလည်း ရေဆုံးရှုံးမှုများကို ထိန်းချုပ်နိုင်ရန်အတွက် လူများ၏ အပြုအမူများကို ပြောင်းလဲရန် လိုအပ်သည်ဟု ထည့်သွင်းဆွးနွေးခဲ့သည်။
“လူတွေရဲ့အပြုအမူကြောင့် ရရှိနေတဲ့ရေတွေရဲ့တဝက်လောက်ဟာ ဆုံးရှုံးသွားပါတယ်။ လူတွေရဲ့ အပြုအမူပြောင်းလဲမှုမရှိဘဲ ရေဆုံးရှုံးမှုတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ မိုးရေကို အများစုက သယံဇာတလို့ မသတ်မှတ်ဘူး။ အမှန်တော့ သယံဇာတ တစ်ခု ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ရေနေ့ကို မတ်၂၂ရက်တွင် ကမ္ဘာနှင့်အဝန်း ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကို “ရေနှင့်ရာသီဥတုပြောင်းလဲမှု- ကျွမ်းကျင်ပညာရှင်များဘယ်လိုထင်မြင်ကြသလဲ” ဟူ၍ သတ်မှတ်ထားသည်။