ဘေကျင်း၊ ဧပြီ ၁၀
မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံပိုက်လိုင်းအတွက် တရုတ်နှင့် မြန်မာတို့အကြား သဘောတူညီချက်ရရှိခဲ့ကာ သဘောတူညီချက်များ၏ တစ်စိတ်တစ်ဒေသကို နှစ်နိုင်ငံခေါင်းဆောင်များ ဘေကျင်းမြို့၌ တွေ့ဆုံစဉ် လက်မှတ်ရေးထိုးခဲ့ကြသည်။
ပြီးခဲ့သည့်နှစ်က သမ္မတဦးထင်ကျော် ရာထူးရယူပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ချစ်ကြည်ရေးခရီး၏ အဆုံးသတ်တွင် တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာနိုင်ငံအနောက်ဘက်ရှိ ကျောက်ဖြူဆိပ်ကမ်းနှင့် တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကူမင်းမြို့တော်တို့ကို ဆက်သွယ်ထားပြီး တစ်စိတ်တစ်ပိုင်း ပြီးစီးနေပြီဖြစ်သော ရေနံပိုက်လိုင်းအတွက် သဘောတူညီချက်ကို နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု တရုတ် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က ပြောကြားသည်။ အဆိုပါပိုက်လိုင်းကို မကြာမီအသုံးပြုနိုင်မည်ဟု တရုတ်အစိုးရက မျှော်လင့်ထားသည်။
တရုတ်က ကျောထောက်နောက်ခံပြုထားပြီး ၂၀၁၁ ခုနှစ်က ဆန္ဒပြမှုများကြောင့် ရပ်ဆိုင်းထားခဲ့သည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန် အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်ပြီးလည်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက သတင်းထောက်များကို ထိပ်သီးတွေ့ဆုံပွဲအပြီး ပြောကြားသည်။
စီမံကိန်းအား ဖျက်သိမ်းပစ်တော့မည်ဟု ထင်မြင်ယူဆချက်များ ထွက်ပေါ်နေသော်လည်း တရုတ်နိုင်ငံကမူ စီမံကိန်းပြန်လည်စတင်နိုင်ရန် ရပ်နားချိန်ကတည်းက ဖိအားပေးမှုများ ရှိနေသည်။
“အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်စေမယ့် ဦးတည်ချက်အပြင် နှစ်ဦးနှစ်ဖက်အတွက် အရှုံးမရှိစေဖို့အတွက် ဒီစီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားနိုင်အောင် နှစ်ဖက်လုံးက ဆန္ဒရှိနေပါတယ်” ဟု Liu က ပြောကြားသည်။
ထို့ပြင် ပြည်သူ့ကျန်းမာရေး၊ အားကစားနှင့် ပို့ဆာင်ရေးကဏ္ဍများအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကိုးခုကို နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြသည်။
တရုတ်-မြန်မာ နယ်စပ်အနီး တိုက်ပွဲများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံကြောင်း တရုတ်က ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမြောက်ပိုင်းမှာ တည်ငြိမ်အေးချမ်းရေးက မြန်မာအစိုးရတစ်ခုတည်းအတွက် စိန်ခေါ်မှု မဟုတ်ပါဘူး။ တရုတ်အစိုးရအတွက်လည်း စိန်ခေါ်မှုဖြစ်ပါတယ်” ဟု Liu က ပြောကြားသည်။
သတင်း-အေအက်ဖ်ပီ