ရိုးရာလက်ဝှေ့ ပရော်ဖက်ရှင်နယ်ဆန်အောင် ဘာလုပ်ဖို့လိုမလဲ

မြန်မာ့ရိုးရာ လက်ဝှေ့အားကစား စီးပွားရေးဆန်ဆန် ဖြစ်လာဖို့ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင် ရင်းနှီးမြှုပ်နှံလာဖို့၊ လက်ဝှေ့ပွဲတွေ အဆက်မပြတ် ပုံမှန်ကျင်းပပြီး ငွေရှာနိုင်ဖို့၊ ရုပ်သံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ဝင်ငွေရအောင်လုပ်ဖို့၊ ကြော်ငြာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး အများကြီး လုပ်ကိုင်ဖို့လိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က ရန်ကုန် မိုးလုံလေလုံ သုဝဏ္ဏ အားကစားရုံမှာ One Championship (MMA) ပြိုင်ပွဲ ကျင်းပပါတယ်။ အဲဒီပွဲမှာ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန် အပါအဝင် မြန်မာနဲ့ နိုင်ငံခြားသားတွေပါတဲ့ တွဲဆိုင်းတွေ ယှဉ်ပြိုင်ထိုးသတ်ကြပါတယ်။

အဲဒီပွဲကို သုဝဏ္ဏကွင်း ပြည့်လျှံတဲ့အထိ ပရိသတ်တွေ သွားရောက်အားပေးခဲ့ကြသလို စကိုင်းနက်ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသတာကိုလည်း တစ်နိုင်ငံလုံးက ပြည်သူတွေ စောင့်ကြည့်အားပေးတာ တွေ့ရပါတယ်။ပြောရရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အားကစားနည်း တစ်မျိုးဖြစ်တဲ့ One Championship (MMA) ပွဲ အောင်မြင်တယ်ဆိုတဲ့သဘောပါ။

အလားတူ နောက်တစ်နေ့ နိုဝင်ဘာ ၄ ရက်၊ အဲဒီသုဝဏ္ဏ အားကစားရုံမှာပဲ နိုင်ငံတကာအဆင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြန်ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက ပြိုင်ပွဲဝင်သူတွေ မြန်မာ့ရိုးရာ လက်ဝှေ့နည်းစနစ်အတိုင်း ယှဉ်ပြိုင်ထိုးသတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီပွဲကို ကြည့်ရှုအားပေးသူ သိပ်မလာကြသလို ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တော့လည်း MMA ပွဲလောက် ကြည့်ရှုသူတွေ သဲသဲလှုပ်ဖြစ်တာ သိပ်မတွေ့ရပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာတောင် မြန်မာ့ရိုးရာလက်ဝှေ့ စီးပွားရေး အောင်မြင်မှု မရသေးတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးကြည့်ကြရအောင်ပါ။

လတ်တလောကာလအတွင်း မြန်မာ့ရိုးရာလက်ဝှေ့ စီးပွားရေးလောကထဲကို လုပ်ငန်းရှင် သူဌေးကြီး နှစ်ယောက် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု လုပ်လာပါတယ်။ တစ်ယောက်ကတော့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေရဲ့သား ဦးဇေသီဟ ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေနဲ့ ကန်ထရိုက်စာချုပ်တွေ ချုပ်ဆို၊ World Lethwei Championship (WLC) ပွဲတွေ ကျင်းပပါတယ်။ နောက်တစ်ယောက်ကတော့ မြန်မာအမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းကပဲ မြို့ကြီးသုံးမြို့မှာ ရိုးရာ လက်ဝှေ့ကလပ် ၄ ခု ဖွင့်လှစ်ပါတယ်။ သူကတော့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကြီးကို ကူညီတာလို့ ပြောထားတာပါ။

လက်ဝှေ့ကလပ်တွေဖွင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ ကုမ္ပဏီအကြီးအကဲ ဦးစိုးထွန်းရှိန်ပြောတာက မြန်မာ့လက်ဝှေ့လောကဟာ အခြေအနေ မကောင်းတဲ့အကြောင်း၊ ရိုးရာလက်ဝှေ့လောကမှာ ထိုးကြေးများများရတဲ့ အထက်တန်း လက်ဝှေ့သမားတွေလောက်ပဲ ပရော်ဖက်ရှင်နယ်တွေအနေနဲ့ ရပ်တည်နိုင်တဲ့အကြောင်း၊ ထိုးကြေး သောင်းဂဏန်းလောက်ပဲရတဲ့ လက်ဝှေ့သမားတွေ ဒီလောကထဲ မရပ်တည်နိုင်ကြောင်း၊ အိမ်နီးချင်း ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံက လက်ဝှေ့သမားတွေကတော့ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေထက် ထိုးကြေး ပိုပြီးများများရ၊ ပိုပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် ရပ်တည်နိုင်ကြတဲ့အကြောင်း၊ အခု သူတို့က အဲဒီအခြေအနေ ပြောင်းလဲသွားအောင် ကြိုးစားမယ့်အကြောင်း ပြောဆိုကြပါတယ်။

လက်ဗလာနဲ့ ထိုးသတ်ကြတာမို့ လက်အိတ်ခံပြီး ထိုးသတ်ရတဲ့ တခြားနည်းစနစ်အားလုံးထက် ထိခိုက်ဒဏ်ရာ အနာတရ ပိုပြီးများပါတယ်။ ဒီအတွက် တစ်ကြိမ်ထိုးသတ်ပြီးရင် ရလာတဲ့ ဒဏ်ရာဒဏ်ချက်ပေါ် မူတည်ပြီး နောက်တစ်ကြိမ် ထိုးသတ်ဖို့အတွက် အချိန်တစ်ခု ယူရပါတယ်။ ပြောရရင် လက်အိတ်စွပ်ပြီး ထိုးသတ်ရတဲ့သူတွေလို တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် မှန်မှန်ထိုးသတ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

သူတို့တွေပြောတာ မှန်ပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့ဟာ မြန်မာပြည်သူအများ ကြိုက်နှစ်သက်ကြသလို၊ လက်ရှိ ဂျပန်အပါအဝင် နိုင်ငံတကာကိုလည်း ထိုးဖောက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာ့ရိုးရာလက်ဝှေ့ စီးပွားရေးလုပ်ငန်းဟာ အိမ်နီးချင်းနိုင်ငံတွေနည်းတူ ကြီးကျယ်မလာသေးသလို ရိုးရာလက်ဝှေ့သမားတွေ ဘဝဟာလည်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ရပ်တည်နိုင်ဖို့ဝေးလို့ အတော်လေး နိမ့်ပါးနေတာ တွေ့နိုင်ပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့လောက မြင့်မားလာစေရေးနဲ့ လက်ဝှေ့သမားတွေ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရပ်တည်လာနိုင်အောင် ဘာအချက်တွေ လိုအပ်မလဲဆိုတာ ဆက်ပြီးလေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

လောလောဆယ် မြန်မာနိုင်ငံထဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့ကလပ် ၅၀ ကျော်လောက် ဖွင့်လှစ်ထားပါတယ်။ ကလပ်တွေမှာ ရိုးရာလက်ဝှေ့သမားတွေ မွေးမြူလေ့ကျင့်၊ ပွဲသွင်းတာမျိုး ရှိသလို ပြင်ပက ဝါသနာပါသူတွေကို အခကြေးငွေယူ အပျော်သဘော သင်တန်းပေးတာမျိုးလည်း လုပ်ပါတယ်။ ဒါပေမဲ့ ကလပ်အများစုဟာ မတည်ငြိမ်ပါဘူး။ စီးပွားရေးအရ မရပ်တည်နိုင်လို့ ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်တဲ့ ကလပ်တွေလည်း မနည်းမနောပါပဲ။

အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ မြန်မာ့ရိုးရာ လက်ဝှေ့လောကကို အိမ်နီးချင်း ထိုင်းနိုင်ငံလို စီးပွားရေးဆန်ဆန် မတည်ဆောက်နိုင်တာ၊ လက်ဝှေ့တစ်ပွဲ ကျင်းပပြီဆို တခြားကုန်ကျစရိတ်နဲ့ မြတ်စွန်းသူတွေက မြတ်စွန်းပြီး တကယ်လက်ဝှေ့ထိုးတဲ့သူတွေက ငွေကြေးနည်းနည်းပဲရတာ စတဲ့ ပြဿနာတွေကြောင့်လည်း ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့အားကစား စီးပွားရေးဆန်ဆန် ဖြစ်လာဖို့ဆိုရင် စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင် ရင်းနှီးမြှုပ်နှံလာဖို့၊ လက်ဝှေ့ပွဲတွေ အဆက်မပြတ် ပုံမှန်ကျင်းပပြီး ငွေရှာနိုင်ဖို့၊ ရုပ်သံလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ဝင်ငွေရအောင်လုပ်ဖို့၊ ကြော်ငြာလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး အများကြီး လုပ်ကိုင်ဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာကတော့ အဲလိုစီးပွားရေးဆန်ဆန် မတည်ဆောက်နိုင်သေးတဲ့အတွက် လက်ဝှေ့ပွဲစဉ်တွေလည်း များများမရှိပါဘူး။ ကလပ်အသင်း၊ လက်ဝှေ့ပွဲသွင်းသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ ရုပ်သံထုတ်လွှင့်ရေး စတာတွေ ပေါင်းစပ်ပြီး လုပ်ကိုင်နိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒီအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို နမူနာယူပြီး ပေါင်းစပ်လုပ်ကိုင်ခဲ့ရင် စီးပွားရေးဆန်ဆန် လည်ပတ်လာနိုင်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ပြဿနာကြီးတစ်ခုက မြန်မာ့ရိုးရာလက်ဝှေ့ ထိုးသတ်နည်းစနစ်ပါ။ မြန်မာ့ရိုးရာလက်ဝှေ့ ထိုးသတ်တဲ့နည်းစနစ်မှာ လက်အိတ်စွပ်ပြီး မထိုးကြပါဘူး။ လက်ဗလာနဲ့ ထိုးသတ်ကြတာမို့ လက်အိတ်ခံပြီး ထိုးသတ်ရတဲ့ တခြားနည်းစနစ်အားလုံးထက် ထိခိုက်ဒဏ်ရာ အနာတရ ပိုပြီးများပါတယ်။ ဒီအတွက် တစ်ကြိမ်ထိုးသတ်ပြီးရင် ရလာတဲ့ ဒဏ်ရာဒဏ်ချက်ပေါ် မူတည်ပြီး နောက်တစ်ကြိမ် ထိုးသတ်ဖို့အတွက် အချိန်တစ်ခု ယူရပါတယ်။ ပြောရရင် လက်အိတ်စွပ်ပြီး ထိုးသတ်ရတဲ့သူတွေလို တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် မှန်မှန်ထိုးသတ်ဖို့ သိပ်မဖြစ်နိုင်ပါဘူး။

ဒီအတွက် တစ်ကြိမ်ထိုးသတ်မှ ထိုးသတ်ကြေးရတဲ့ ပရော်ဖက်ရှင်နယ်လုပ်ငန်းမှာ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေဟာ အကြိမ်ရေများများ မထိုးသတ်နိုင်တဲ့အတွက် ဝင်ငွေလည်း အရနည်းစေပါတယ်။ အခြားတစ်ဖက်မှာတော့ ထိခိုက်ဒဏ်ရာရတာလည်း တခြားလက်ဝှေ့နည်းစနစ်တွေထက် ပိုပါတယ်။ မြန်မာ့ရိုးရာ လက်ဝှေ့လောကကို ပရော်ဖက်ရှင်နယ်လောက ဖြစ်လာအောင်၊ စီးပွားရေးဆန်ဆန် ဖြစ်လာအောင်ဆိုရင် အဲဒီအချက်ကို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ကြိုးစားနေကြသူတွေကတော့ မြန်မာ့လက်ဝှေ့ဟာ မွေထိုင်းအပါအဝင် တခြားလက်ဝှေ့နည်းစနစ်တွေနဲ့ မတူတဲ့ထူးခြားချက် ၄ ခုရှိကြောင်း၊ အဲဒီအထဲမှာ လက်အိပ်မစွပ်ဘဲ ယှဉ်ပြိုင်ထိုးသတ်ရတာလည်း တစ်ချက်ပါတာမို့ ဒီအချက်ကို ပြင်ဆင်ဖို့ အလွန်ခက်ခဲကြောင်း ရှင်းပြကြပါတယ်။

ဒီအတွက် လုပ်နိုင်တာ တစ်ခုကတော့ ပုံမှန်ထိုးသတ်ပွဲတွေမှာ လက်အိတ်စွပ် ထိုးသတ်စေပြီး တကယ့်ထိပ်တန်းတွေ၊ ဆုကြေးငွေ အလွန်များများရနိုင်မယ့် အထူးပွဲတွေလောက်မှာပဲ လက်အိတ်လွတ်ထိုးပွဲ ကျင်းပစေတာမျိုး လုပ်သင့်ပါတယ်။ ဒါမှသာ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေရဲ့ ခန္ဓာကိုယ်ကျန်းမာရေး၊ ရေရှည်လက်ဝှေ့ထိုးသတ်နိုင်ရေး၊ ကိုယ့်ဝင်ငွေနဲ့ကိုယ် ပရော်ဖက်ရှင်နယ်အဖြစ် ရပ်တည်နိုင်ရေး၊ ရိုးရာလက်ဝှေ့လောက စီးပွားရေးဆန်ဆန် လည်ပတ်နိုင်ရေးဆိုတာ နီးစပ်လာမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar