အေအက်ဖ်ပီ
ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၂၀ ရက်နေ့က သွားရောက်ခဲ့သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် ပြဿနာပေါင်းစုံ ဝိုင်းနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ တရားလမ်းကြောင်းအတိုင်း ဖြစ်စေလိုကြောင်းနှင့် ကမ္ဘာက ယခုအတိုင်းငြိမ်နေလိမ့်မည် မဟုတ်ဟု ပြောကြားသည်။
ဟန့်၏ နှစ်ရက်ကြာ မြန်မာပြည်ခရီးတွင် ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။ ရခိုင်ပြည်နယ်သည် ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော်ကို မြန်မာစစ်တပ်က မောင်းထုတ်ခဲ့သော နေရာဖြစ်သည်။ ဤကိစ္စအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် ဟန့်က တောင်းဆိုနေခြင်းဖြစ်သည်။
“နိုင်ငံတကာအသိုက်အဝန်းက ငြိမ်နေမှာ မဟုတ်ဘူးဆိုတာကိုတော့ မြန်မာပြည်က သိဖို့လိုပါတယ်” ဟု ဟန့်က ဆိုသည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက စစ်ဆေးရန် တောင်းဆိုမှုတို့ကို ငြင်းပယ်ပြီး ရိုဟင်ဂျာတို့အပေါ် စစ်တပ်၏ အရေးယူဆောင်ရွက်မှုကို စစ်ဆေးဆုံးဖြတ်ပေးရန် လွတ်လပ်သော စုံစမ်းရေး ကော်မရှင်တစ်ခု ဖွဲ့စည်းပေးခဲ့သည်။ “ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်မှုမရှိရင် တရားဥပဒေအတိုင်း ဖြစ်လာဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းကိုသုံးပြီး လုပ်ရလိမ့်မယ်၊ ကမ္ဘာက စောင့်ကြည့်နေပါတယ်” ဟု တွေ့ဆုံပွဲအပြီးတွင် ဟန့်က ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမှာ ‘သွက်လက်’၊ ‘ပွင့်လင်း’မှု ရှိပါသည်ဟုလည်း ဆိုသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ အစီရင်ခံစာ ထွက်ပေါ်လာသော သီတင်းပတ်အတွင်းမှာပင် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်လာခြင်းဖြစ်သည်။ ကုလသမဂ္ဂအစီရင်ခံစာတွင် ရိုဟင်ဂျာမူဆလင် လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာ စစ်ဗိုလ်ချုပ်ခြောက်ယောက်ကို တရားစွဲဆိုသင့်ကြောင်း အသေးစိတ် ဖော်ပြထားသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြသော ရိုဟင်ဂျာများသည် ရှိနှင့်ပြီး ရိုဟင်ဂျာ သုံးသိန်းနှင့် ပူးပေါင်းကာ ပြွတ်သိပ်ကျပ်တည်းနေသော ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသည်။ ထွက်ပြေးလာသူများက တရားဥပဒေမဲ့ သတ်ဖြတ်မှု၊ လိင်ကျူးလွန်မှုနှင့် နေအိမ်မီးရှို့ခံရမှုတို့ကို ပြောပြခဲ့ကြသည်။
သက်သေအထောက်အထားများသည် လူမျိုးတုံးသတ်ဖြတ်မှု၊ ရာဇဝတ်မှု၊ လူသားအပေါ် ကျူးလွန်မှုနှင့် စစ်ရာဇဝတ်မှုများ မြောက်သည်ဟု ကုလသမဂ္ဂ စစ်ဆေးသူများက ဆိုသည်။
ထောင်ချခံရသော ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးအတွက်လည်း စိတ်ပူကြောင်း ဟန့်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။ ၎င်းတို့ နှစ်ဦးကို အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ယခုလ စောစောပိုင်းက ထောင် ခုနစ်နှစ်စီ ချမှတ်ခဲ့သည်။ ထိုသတင်းထောက် နှစ်ယောက်သည် ရခိုင်ပြည်နယ် အင်းဒင်ရွာတွင် ရိုဟင်ဂျာ ၁ဝ ယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ခံခဲ့ရမှုအား ဖော်ထုတ်ခဲ့သည်။ ထိုအဖြစ်အပျက်ကို စစ်တပ်ကလည်း ဝန်ခံခဲ့ပြီး ဖြစ်သည်။ ယခင်အစိုးရလက်ထက်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်တိုင်တိုင် နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ပြစ်ဒဏ်ချမှတ်မှုသည် ဥပဒေနှင့်အညီ စီရင်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ဒီကိစ္စ သူ လေ့လာကြည့်လိုက်ပါဦးမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟန့်က စက်တင်ဘာ ၂ဝ ရက်နေ့တွင် ပြောကြားသည်။
တင်းတင်းကြပ်ကြပ် စီစဉ်ထားသော ခရီးစဉ်
တွေ့ဆုံပွဲမတိုင်မီ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟန့်ကို ရခိုင်ပြည်နယ်သို့ ရဟတ်ယာဉ်ဖြင့် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။ သုံးနာရီကြာမြင့်သော ရခိုင်ခရီးစဉ်တွင် တောင်ပြိုလက်ဝဲရှိ ပြန်လာမည့်သူများ ကြိုဆိုလက်ခံရေးစခန်းသို့ သွားရောက်ခဲ့သည်။
ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် ယမန်နှစ်က လက်မှတ် ရေးထိုးခဲ့ကြသည်။ သို့သော် ဒုက္ခသည်များက ၎င်းတို့၏ လုံခြုံရေးနှင့် ရပိုင်ခွင့်များကို အကြောင်းပြကာ ပြန်မလာကြသေးပေ။
000_1999f8.jpg
title=
ဟန့်ကို ခေါ်ယူပြသသော အခြားလက်ခံရေးစခန်း သုံးခုတွင် ကြိုတင်ရွေးချယ်ထားသော လူစုများနှင့်သာ တွေ့ဆုံ မေးမြန်းခွင့်ရရှိခဲ့သည်။ နောက်ဆုံးစခန်းဖြစ်သည့် ပန်တော်ပြင်ကျေးရွာ လက်ခံရေးစခန်းအရောက်တွင် ဟန့်က လမ်းလျှောက်ထွက်သွားပြီး အနီးအနားရှိ ဒေသခံများအား ၎င်းတို့၏ အတွေ့အကြုံများကို မေးမြန်းပြောဆိုရန် ထူထပ်လှသည့် လုံခြုံရေးများအကြားမှ ကြိုးစားခဲ့သည်။ စစ်တပ်က မိမိတို့ဘာမျှ အမှားမလုပ်ခဲ့ဟု တလျှောက်လုံး ငြင်းဆိုလာခဲ့ပြီး အကြမ်းဖက်စစ်သွေးကြွများကို အမြစ်ပြတ်ချေမှုန်းရန် စစ်ဆင်ရေး ဆင်နွှဲခဲ့ရခြင်းသာဖြစ်သည်ဟု ပြောဆိုနေခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကလည်း ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့သည် တစ်ဖက်သတ်ကျပြီး မှားယွင်းမှုများလည်း များစွာပါသည်ဟု ပြောကြားခဲ့သည်။ တစ်ချိန်က ဒီမိုကရေစီပြယုဂ်ဖြစ်ခဲ့သောယ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အကြပ်အတည်း မဖြေရှင်းနိုင်သဖြင့် နိုင်ငံတကာတွင် သိက္ခာကျလျက်ရှိသည်ဟု အချို့က ထင်မြင်ယူဆကြသည်။ ယခုတိုင် တန်ခိုးထွားဆဲဖြစ်သော စစ်တပ်သည် လွှတ်တော်၏ လေးပုံတစ်ပုံ နေရာယူထားကာ ဝန်ကြီးဌာနသုံးခုကိုလည်း ထိန်းချုပ်ထားသည်ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လက်များကို ချည်နှောင်ထားသကဲ့သို့ ဖြစ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ပြောဆိုကြသည်။
အစိုးရ၏ “လုပ်လိုက်၊ မလုပ်လိုက်” အပြုအမူများကြောင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အားပေးသလို ဖြစ်နေသည်ဟု ကုလသမဂ္ဂစုံစမ်းသူများက ပြောကြသည်။
ဂျယ်ရီမီဟန့်သည် လာမည့် ရက်သတ္တပတ်တွင် ကုလသမဂ္ဂညီလာခံသို့ တက်ရောက်မည်ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာနိုင်ငံအရေး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သဘာပတိအဖြစ် ၎င်းက ဆောင်ရွက်ရမည် ဖြစ်သည်။ နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ ထိပ်သီးညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည် မဟုတ်ချေ။