ရသေ့တောင်မြို့နယ် စေတီပြင်ရွာရှိ ဗလီတလုံး မီးလန့်မှုဖြစ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်းရှိ စေတီပြင်ရွာတွင် နိုဝင်ဘာ ၁၄ ရက် ညက ဗလီတလုံး မီးလန့်မှုဖြစ်ပွားခဲ့ပြီး အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရှိရသေးဟု ကျေးရွာအုပ်ချုပ်ရေးမှူးက Frontier ကို ပြောသည်။

စေတီပြင်ရွာရှိ အဆိုပါ ဗလီသည် ရွာဈေးအနီးတွင်တည်ရှိပြီး ဗလီနှင့်ကပ်လျက်၌ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တည်ရှိကာ တစ်ဖက်တွင် ဗုဒ္ဓဘာသာဝင်များနှင့် အခြားတစ်ဖက်တွင် မွတ်ဆလင်များ နီးကပ်စွာနေထိုင်နေသည့် ရွာလည်းဖြစ်သည်။

မီးလန့်မှုကြောင့် ဗလီတွင်းရှိ တရုတ်လုပ် ဗီဒိုတလုံး၊ စတီးပန်းကန် အချပ် ၃၀ ခန့်နှင့် စတီးဇွန်းများ၊ ကောဇောအခင်း အနည်းငယ်တို့ မီးကျွမ်းသွားခဲ့သည်ဟု သွားရောက်ကြည့်ရှုခဲ့သူများက ဆိုသည်။

“ဗလီ မီးလောင်တယ်ဆိုပြီး မနက် ၆ နာရီခွဲလောက်မှာ မွတ်ဆလင်ရွာက ရာအိမ်မှူးတွေ လာတိုင်တယ်။ တွေ့ရှိရသလောက် ဘယ်လိုပုံစံနဲ့ စတင်လောင်ကျွမ်းသလဲဆိုတာ မသိရသေးဘူး။ ဖယောင်းတိုင်မီးလဲ ဖြစ်ချင်ဖြစ်မှာပဲ။ ကျနော်တို့ သွားစစ်ကြည့်ရဦးမယ်” ဟု စေတီပြင်ရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေးတင်က Frontier ကိုပြောသည်။

ပြင်ပတွင် ဗလီကို မီးရှို့ခံရသည်ဟု ကောလာဟလများပြန့်နှံ့နေသော်လည်း အမှန်တကယ် ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ စုံစမ်းနေဆဲဖြစ်ကာ အမှုဖွင့်ခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများလည်း မရှိသေးပေ။

“ကျွန်တော်ကတော့ လုပ်ကြံသတင်းလွှင့်နေကြတယ်လို့ ထင်တယ်။ ဘာမှကြီးကြီးကျယ်ကျယ် ဖြစ်တာ မဟုတ်ပါဘူး။ အတွင်းက ပစ္စည်းနည်းနည်း မီးကျွမ်းသွားတာပါ။ ဒီမှာကတော့ အားလုံး အေးဆေးပဲ” ဟု စေတီပြင်ရွာဒေသခံ ဦးမောင်ခင်ဝင်းက ပြောသည်။

မီးလန့်မှုဖြစ်ခဲ့သည့် ဗလီသည် ဈေးအနီးတွင် တည်ရှိသည့်အတွက် အစောင့်ထားခြင်းမရှိဘဲ ခြံဝန်းနှင့် အဆောက်အဦးတွင်းသို့ဝင်သည့် အပေါက်များကို သော့ခလောက်များဖြင့် ခတ်ထားလေ့ရှိသည်။

“မနက် ဗလီလာတဲ့အချိန် ၄ နာရီလောက်မှာ တွေ့တာ။ ခတ်ထားတဲ့ လက်ခုပ်သီး (သော့ခလောက်) နှစ်ခုကို ဖျက်ထားတယ် တွေ့တယ်” ဟု မွတ်ဆလင်ရာအိမ်မှူး အီဆူးက Frontier ကိုပြောသည်။

“ဘယ်သူလုပ်တာလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ကျွန်တော်တို့လည်း စဉ်းစားမရပါဘူး။ မြင်လည်း မမြင်ရဘူး။ အုပ်ချုပ်ရေးမှူးကို တိုင်ထားပါတယ်” ဟု အီဆူးက ဆက်လက်ပြောကြားသည်။

စေတီပြင်ရွာသည် မွတ်ဆလင်များနှင့် ရခိုင်တိုင်းရင်းသားများ ရောနှောပြီး ရင်းနှီးစွာနေထိုင်သည့် ကျေးရွာတရွာဖြစ်ပြီး ရွာကို အခြားမွတ်ဆလင်ရွာ ၁၁ ရွာခန့်က ပစောက်သဏ္ဍန် ဝန်းရံထားသည်။ အဆိုပါ မွတ်ဆလင်ကျေးရွာများမှာ လေးမိုင်ခန့်ကွာဝေးသည့် ဘူးသီးတောင်မြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်လျက်ရှိသည်။

၂၀၁၂ ခုနှစ်တွင် ပြည်နယ်တွင်းနေ လူမှုအသိုက်အဝန်းနှစ်ခုကြား ပဋ္ဋိပက္ခများ ဖြစ်ပွားကာ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူအမြောက်အများ သေကြေခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်လက နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပွားလာသည်။ အစိုးရ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်မှုများအတွင်း သေဆုံးမှုများလည်း ထပ်မံပေါ်ပေါက်နေသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar