ရန်ကုန် ယာဉ်မောင်းအချို့က ယာဉ်မောင်းစဉ် ထိုင်ခုံခါးပတ် ပတ်ရန် ဝန်လေးနေကြဆဲ

မော်တော်ယာဉ်အများစုတွင် ထိုင်ခုံခါးပတ်များ တပ်ဆင်မောင်းနှင်ရန် အချက်ပြစနစ်များ ပါဝင်ကြသော်လည်း ခါးပတ်ပတ်ရန် အလေ့အကျင့်မရှိခဲ့သည့် ယာဉ်မောင်းအများစုမှာ အချက်ပြမှုများကို လျစ်လျူရှုထားကြလေ့ရှိသည်။

ဆုမြတ်မွန် ရေးသားသည်။

ယခုလဆန်းပိုင်းက စတင်ကာ ရန်ကုန်မြို့တွင် မောင်းနှင်နေသည့် မော်တော်ယာဉ်များတွင် ထူးခြားမှုကို သတိပြုမိကြမည်ဖြစ်သည်။

ထိုထူးခြားမှုမှာ ယာဉ်မောင်းများနှင့် ယာဉ်မောင်းဘေး မော်တော်ယာဉ်ရှေ့ခန်းတွင် လိုက်ပါသူများ ထိုင်ခုံခါးပတ် ပတ်လာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒကို ပြီးခဲ့သည့်အစိုးရလက်ထက်တွင် စတင် ပြောင်းလဲလိုက်ပြီးနောက် မော်တော်ယာဉ်တင်သွင်းခွင့်များ အထိုက်အလျောက် လွတ်လပ်လာချိန်တွင် ပြည်တွင်းသို့ မော်တော်ယာဉ်အသစ်များနှင့် အတော်အသင့်ကောင်းမွန်သည့် တစ်ပတ်ရစ်မော်တော်ယာဉ်များ တင်သွင်းခွင့်ရရှိလာသည်။

အဆိုပါမော်တော်ယာဉ်အများစုတွင် ထိုင်ခုံခါးပတ်များ တပ်ဆင်မောင်းနှင်ရန် အချက်ပြစနစ်များ ပါဝင်ကြသော်လည်း ခါးပတ်ပတ်ရန် အလေ့အကျင့်မရှိခဲ့သည့် ယာဉ်မောင်းအများစုမှာ အချက်ပြမှုများကို လျစ်လျူရှုထားကြလေ့ရှိသည်။ အချို့မှာလည်း အချက်ပြစနစ်ကို ပိတ်ထားကြလေ့ရှိသည်။

မြန်မာနိုင်ငံတွင် ယာဉ်မောင်းအများစုက Seat Belt တပ်ရန် အသိမရှိကြသေးဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားခဲ့ဖူးသည်။

“မြန်မာပြည်မှာ လူတွေက Seat Belt တပ်ရမှာပျင်းတော့ ဆိုင်တွေက အရုပ်တွေကိုဝယ်ပြီး အလှလေးတွေလုပ်ပြီး သတိပေးချက် (Alarm) မြည်တာကို နားငြီးသက်သာအောင်ဆိုပြီးတော့ ထိုးထည့်ထားကြတယ်။ အဲဒါကြောင့် မတော်တဆမှု တစ်ခုခု ဖြစ်ရင် ကျွန်တော်တို့မှာ အသည်းအသန်ဖြစ်ရတာပေါ့” ဟု ၎င်းကပြောသည်။

သို့သော် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ကာ မော်တော်ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ်ပတ်ထားရန် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက ကြေညာလိုက်ပြီးနောက် ယာဉ်မောင်းအများစု ခါးပတ်ပတ်လာကြသည်ကို တွေ့မြင်လာရခြင်းဖြစ်သည်။

သို့သော် ယာဉ်မောင်းအချို့ကမူ ယာဉ်ကြောပိတ်ဆို့နေသည့် ရန်ကုန်မြို့တွင် ထိုင်ခုံခါးပတ် ပတ်ထားရန် မလိုအပ်သေးဟု ယူဆနေကြဆဲဖြစ်သည်။

“ဘာကြောင့်လည်းဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုက ဒီလောက်ဆိုးရွားနေတာ အရှိန်နဲ့မှ မောင်းလို့မရတာ။ ဒါပေမယ့်လည်း အစိုးရက လုပ်ခိုင်းတော့ လုပ်ရတာပေါ့” ဟု အင်းစိန်မြို့နယ်နေ ယာဉ်မောင်းသက် အနှစ် ၂၀ ရှိ ဦးအောင်ရင်ထွေးက ရယ်လျက် ပြောကြားသည်။

၎င်း ယာဉ်မောင်းနှင်နေသည့် သက်တမ်းတစ်လျောက် ထိုင်ခုံခါးပတ်ပတ်ရန်အတွက် ယခုကဲ့သို့ အစိုးရက တိုက်တွန်းနှိုးဆော်မှု မရှိခဲ့ဟုလည်း ၎င်းက ပြောကြားသည်။

“ခါးပတ်ပတ်ပြီးကားမောင်းရင်း အရေးအကြောင်းတစ်ခုခုဆိုလျှင် ကားထဲက ထွက်ရတာခက်ပါတယ်။ ကျွန်တော်တို့ ကားတွေက အော်တိုစနစ်မဟုတ်တော့ အပြင်မှာ မိုးရွာလျှင်လည်း ကားကိုရပ်ပြီး ခါးပတ်ကိုချွတ်ကာ တံခါးကို ပြန်ပိတ်ရတာဆိုတော့ ခက်တာပေါ့” ဟု ၎င်းကပြောကြားသည်။

“ရန်ကုန်လိုမျိုးနေရာမှာ ကားတိုက်မှုတစ်ခုဖြစ်ရင် အပြင်ကို လူလွင့်စဉ်သွားတဲ့ အဖြစ်မျိုးမရှိဘူး” ဟု ၎င်းက ပြောပါသည်။

“အခြေအနေကတော့ ကားမောင်းသူတွေက လုယက်စားသောက်ရတဲ့ အနေအထားဆိုတော့ သူတို့လည်း တစ်ယောက်ကို တစ်ယောက် ကျော်တက်ကာ မောင်းနှင်ကြတယ်။ ပြီးတော့ တစ်နေရာ၊ လမ်းချိုးတစ်ကွေ့မှာ ပေါ်လာရင် ကားတိုက်မှု ဖြစ်တာပဲ” ဟု ဦးအောင်ရင်ထွေးက ပြောကြားသည်။

မြန်မာနိုင်ငံ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ၏ ထုတ်ပြန်ချက်အရ ခရီးသွားပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ရည်ရွယ်လျှက် ဇန်နဝါရီလက စတင်ကာ Seat Belt မတပ်ဆင်သော ယာဉ်များအားလုံးကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖမ်းဆီးအရေးယူသွားမည်ဖြစ်သည်။

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

မှော်ဘီမြို့နယ်နေ တက္ကစီယာဉ်မောင်းသက် ငါးနှစ်ရှိပြီဖြစ်သည့် ကိုကျော်လွင်ဦးကလည်း ၎င်းအား ယာဉ်ထိန်းရဲတစ်ဦးက သတိပေးပြီးနောက်ပိုင်း ထိုင်ခုံခါးပတ်ပတ်ကာ မောင်းနှင်နေပြီဖြစ်သည်ဟု ပြောကြားသည်။

“အရင်တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ အခုတော့ ခါးပတ်ပတ်ကာ မောင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ခရီးသည်များကိုလည်း ထိုင်ခုံခါးပတ် ပတ်ထားရန် သတိပေးသည်ဟု ၎င်းကပြောကြားသည်။

“ခင်ဗျားတို့ ပေးလို့ရတာက ငွေနည်းနည်းလေး၊ ခင်ဗျားတို့ တက္ကစီ စီးတဲ့အခါ ခါးပတ် မပတ်ထားလို့ရှိရင် ကျွန်တော်တို့ လျှော်ရမှာက မနည်းပါဘူး။ ဒါကြောင့်မို့ ခါးပတ်ပတ်ဖို့အတွက် ကျွန်တော်တို့က ပြောရပါတယ်” ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်မောင်းနှင်နေစဉ် ယာဉ်မောင်းသူအပါအဝင် ခရီးသည်များပါ Seat Belt တပ်ဆင်ရန် လိုအပ်သည်။ အဆိုပါ သတ်မှတ်ချက်အား ချိုးဖောက်ပါက ကျပ် ၃၀,၀၀၀ ထက်မကျော်သည့် ဒဏ်ငွေပေးဆောင်ရမည်ဟုလည်း ဥပဒေတွင် ဖော်ပြထားသည်။

“လုံခြုံရေးဆိုတာက ခါးပတ်ပတ်ပြီး ကားစီးတာ တစ်ခုတည်းတော့ မဟုတ်ဘူး။ ဘယ်လိုပဲပြောပြော ကျွန်တော်တို့ကတော့ အစိုးရက လုပ်ခိုင်းရင် လုပ်ရတာပဲ” ဟု ကိုကျော်လွင်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က စတင်ကာ ကားမောင်းလာသည့် ဦးနိုင်လင်းကလည်း ကားမောင်းနှင်နေစဉ် ခါးပတ် ပတ်ထားပါက သက်တောင့်သက်သာမဖြစ်ဟု ခံစားရကြောင်း ပြောကြားသည်။

“ခါးပတ်ပတ်ထားရတာက သက်တောင့်သက်သာ မဖြစ်တဲ့အပြင် ကားမောင်းစဉ်တွင် အရှေ့မှာရှိတဲ့ ကားတွေကိုလည်း မမြင်ရပါဘူး။ ပြီးတော့ တစ်ချိန်လုံး ကားလမ်းတွေ ပိတ်ကျပ်နေတဲ့ ရန်ကုန်မြို့မှာ ခါးပတ်ပတ်ဖို့က လိုအပ်ချက် တစ်ခုမဟုတ်ပါဘူး” ဟု ၎င်းကပြောကြားသည်။။

“ဒါပေမယ့်လည်း ခါးပတ်ပတ်ဖို့က အဝေးပြေးလမ်းမကြီးတွေမှာက ပိုပြီး အရေးကြီးပါတယ်” ဟု ၎င်းကပြောကြားသည်။

လသာမြို့နယ်နေ ယာဉ်မောင်းသက် ခုနစ်နှစ်ခန့် ရှိနေပြီဖြစ်သည့် ဦးချမ်းမြေ့ဦးကမူ ခါးပတ်ပတ်မောင်းနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သော်လည်း ခရီးသည်များကိုမူ သတိမပေးမိဟု ပြောကြားသည်။

“ခရီးသည်တွေက ခါးပတ်မပတ်ပဲ စီးနေကြတာ အလေ့အထဖြစ်နေတာကြောင့် မိမိကိုယ်တိုင်ပဲ ပတ်လေ့ရှိပြီး၊ ခရီးသည်ကို မပြောဖြစ်ပါဘူး” ဟု ၎င်းကပြောကြားသည်။

“ကားအချင်းချင်း မျက်နှာချင်းဆိုင် တိုက်မိတဲ့အခါမှာတော့ ခါးပတ်မပတ်ထားလို့ရှိရင် လွင့်စဉ်သွားနိုင်တာပေါ့။ ဒါပေမယ့် ရန်ကုန်မှာကတော့ အဲဒါမဖြစ်နိုင်ပါဘူး” ဟု ၎င်းကပြောကြားသည်။

“ကားလမ်းပိတ်ကြပ်မှုတွေကြောင့် ရန်ကုန်မြို့မှာ ကားမောင်းရတာ အရှိန်ကို မပါဘူး” ဟုလည်း ဦးချမ်းမြေ့ဦးက ဆက်လက်ပြောကြားသည်။

ယာဉ်မောင်းနှင်စဉ် ထိုင်ခုံခါးပတ် ဝတ်ဆင်မောင်းနှင်ရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကို ယာဉ်မောင်းသူများ လိုက်နာစေရေးအတွက် ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲ ၃၁ ဖွဲ့ဖြင့် စစ်ဆေးနေသည်ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါစီမံချက်ကို မြန်မာတစ်နိုင်ငံလုံးတွင်လည်း လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် ရန်ကုန်မြို့ရှိ ဘတ်စ်ကားများတွင်လည်း ယာဉ်မောင်းသူများ ထိုင်ခုံခါးပတ် ပတ်လေ့မရှိသည်ကို တွေ့နေရဆဲဖြစ်သည်။ အချို့သော ဟောင်းနွမ်းနေသည့် ဘတ်စ်ကားများတွင် ထိုင်ခုံခါးပတ်များပင် မပါရှိသည်ကိုလည်း တွေ့နေရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း မော်တော်ယာဉ် မတော်တဆမှုများကြောင့် လူပေါင်း ၂,၁၅၉ သေဆုံးခဲ့ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် လူပေါင်း ၁၀၀,၀၀၀ တွင် ၂၀ ဦးမှာ ယာဉ်မတော်တဆမှုများကြောင့် သေဆုံးနေရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar