ရန်ကုန် ပန့်ခ်လူမှုအဖွဲ့အစည်း

မကြာသေးခင်က ရန်ကုန်မှာ ပြုလုပ်တဲ့ပွဲ တစ်ပွဲက မြို့ရဲ့ထွန်းကားလာနေတဲ့ ပန့်ခ်ဂီတ ပရိသတ်တွေကို စုစည်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ပန့်ခ်ပရိသတ်တွေဟာ သူတို့ရဲ့နေထိုင်မှုဟန်ပန်ကြောင့် ဝိုင်းပယ်ခံရမှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

စာသားနဲ့ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မစိုးပွင့်ဖြူတစ်ယောက် သူ့ရဲ့ ဧရာဝတီတိုင်းဒေသကြီး ဇာတိမြို့ကနေ ရန်ကုန်ကို ရောက်လာချိန်မှာ ပန့်ခ်ဒီဇိုင်း ဝတ်စားထားတဲ့ ယောကျ်ားလေးတွေကို ပထမဆုံးအကြိမ် မြင်ရတော့ အံ့သြမှင်တက်သွားခဲ့မိပါတယ်။

“ကျွန်မ သူတို့ကို အရမ်းကြောက်သွားခဲ့တယ်”လို့ သူက ပြောပါတယ်။ “ဒါပေမဲ့ အခုတော့ ပန့်ခ်က ကျွန်မဘဝ ဖြစ်သွားပြီ။ ကျွန်မ ပန့်ခ်ဖက်ရှင်ကို ချစ်တယ်။ သူ့ရဲ့တွဲဖက်ပစ္စည်းတွေကို ချစ်တယ်။ ကျွန်မ နှာခေါင်းကိုရော ပါးစပ်ကိုပါ ဖောက်ပြီး ပန့်ခ်လို အလှဆင်ထားတယ်”

nswks-4.jpg

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

သူက ပန့်ခ်ဂီတကိုလည်း ချစ်ပါတယ်။ အနည်းဆုံးတော့ ပန့်ခ်စာသားတွေကို ချစ်ပါတယ်။ ဒါပေမဲ့ ပန့်ခ်ပရိသတ်မြင်ကွင်းထဲမှာ တွေ့ရတဲ့ အမျိုးသမီးအနည်းစုထဲက တစ်ဦးဖြစ်တဲ့သူက တီးဝိုင်းတစ်ခုကို စတင်ဖို့ဆိုတဲ့ သူ့ရဲ့ရည်ရွယ်ချက် အကောင်အထည်ပေါ်လာဖို့က ခက်ခဲတဲ့ကာလတစ်ခု ရှိနေပါတယ်။ အမျိုးသမီးအများစုကတော့ မစိုးပွင့်ဖြူလို ပန့်ခ်ဘဝနေထိုင်မှုပုံစံလို နေထိုင်ဖို့ ဝန်လေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးရိုးစွဲ လူမှုသဘောထားတွေကြောင့်ပါ။

“ကျွန်မမိဘတွေကတော့ ကျွန်မလုပ်နေ ကိုင်နေတာကို မကြိုက်ပါဘူး။ ဒါပေမဲ့ သူတို့က အတင်းအကျပ်တော့ မတားပါဘူး။ ကျွန်မနဲ့ပတ်သက်လို့ တခြားသူတွေ ဘယ်လိုထင်ထင် ဂရုစိုက်ပါဘူး။ ကျွန်မက ရှင်သန်နေတဲ့ လွတ်လပ်တဲ့ စတိုင်နဲ့ နေရတာကို သဘောကျတယ်”

nswks-5.jpg

Never Reverse ရဲ့လိဒ်ဂစ်တာသမားနဲ့ အဆိုရှင်ဖြစ်တဲ့ မောင်ဉာဏ်ဟာ ၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်အာဏာရှင်တွေက ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာနဲ့ပတ်သက်ပြီး ဆန့်ကျင်လိုစိတ်နဲ့ ပန့်ခ်တစ်ယောက် ဖြစ်လာပါတယ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

စက်တင်ဘာ ၁၁ က ရန်ကုန်မြို့ ဂိုထေးဗီလာ Goethe Villa မှာ ကျင်းပတဲ့ Jam It က စီစဉ်ခဲ့တဲ့ အန်ဒါဂရောင်းရှိုးပွဲ underground show တစ်ခုမှာ သူက Frontier ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေမယ့်အစီအစဉ်မှာ ပါဝင်တဲ့ဝိုင်း ၁၀ ဝိုင်းအနက် သုံးဝိုင်းက ပန့်ခ်ဖြစ်ပြီး Never Reverse ဝိုင်းလည်း ပါပါတယ်။ အဲဒီဝိုင်းကို လိဒ်ဂစ်တာတီးခတ်သူနဲ့ တေးသံရှင် မောင်ဉာဏ်က ၂၀၀၉ မှာ စထောင်ခဲ့ပြီး နောက်တစ်နှစ်မှာ ဖျော်ဖြေမှုစပါတယ်။ အဲဒီအချိန်ကတည်းက အန်ဒါဂရောင်းပွဲတွေမှာ အစဉ်တစိုက် အားပေးသူတွေကို ရယူထားနိုင်ခဲ့ပါတယ်။

nswks-6.jpg

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဒါက လွယ်လွယ်ကူကူနဲ့ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ မူလက ပါဝင်ခဲ့ကြတဲ့ တခြားအဖွဲ့ဝင်တွေအားလုံး ထွက်သွားပြီးပါပြီ။ တချို့ကတော့ မူးယစ်ဆေးဝါး အလွဲသုံးလို့ပါ။ ခေတ္တခဏတာလောက်တော့ မောင်ဉာဏ်က တစ်ဦးတည်းသော အဖွဲ့ဝင်ပေါ့။ ဒါပေမဲ့ လက်ရှိလူစာရင်းရဲ့ ကျန်လူတွေဖြစ်ကြတဲ့ ဂျပန်ကြီးနဲ့ အသေးလေးတို့က သိပ်မကြာခင်မှာပဲ ဝင်ရောက်လာခဲ့ပါတယ်။ သူက ပင်ကိုယ်ရေးသီချင်းတွေသာ ရေးပြီး အများစုက နိုင်ငံရေးနဲ့ သက်ဆိုင်ပါတယ်။

“ကျွန်တော်က လူ့အခွင့်အရေး၊ စစ်ပွဲနဲ့ ပန့်ခ်လူမှုအဖွဲ့အစည်းအကြောင်း သီချင်းတွေရေးပါတယ်လို့ သူက ပြောပါတယ်။ မကြာသေးခင်က ရေးခဲ့တဲ့ သီချင်းတစ်ပုဒ်ခေါင်းစဉ်က Burning the Society ဖြစ်ပြီး လူကောင်းတွေက ဆိုးသွမ်း ရက်စက်ရိုင်းစိုင်းမှုတွေ ဖြစ်လာတဲ့အကြောင်း ရေးထားတာပါ” လို့ သူက ပြောပါတယ်။

nswks-2.jpg

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

၂၀၀၇ က ရန်ကုန်မှာ ဆန္ဒပြနေတဲ့ သံဃာတော်တွေနဲ့ အရပ်သားတွေကို ပစ်ခတ်နေတဲ့ အာဏာပိုင်တွေကို တွေ့မြင်နေခဲ့ရာက မောင်ဉာဏ်ဟာ ပန့်ခ်သမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ပန့်ခ်သမားတစ်ဦးဖြစ်ခြင်းက တစ်ကိုယ်တော် တော်လှန်ရေးလုပ်တာနဲ့ အတူတူပဲလို့ မောင်ဉာဏ်က ညီမျှခြင်းချပြပါတယ်။

“အဲဒီအချိန်က ကျွန်တော်လည်း အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ တော်လှန်ရေးတစ်ခု ဆင်နွှဲချင်ခဲ့တာ။ ဒါပေမဲ့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က အဲဒီအချိန်က ချာတိတ်လေးပဲ ရှိသေးတယ်လေ။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကန့်ကွက်ဆန္ဒပြလို့ကတော့ ဘာမှ အကျိုးမရှိလောက်ဘူးလို့ သိနေခဲ့တယ်။ အဖြေတစ်ခုရဖို့ အချိန်အကြာကြီး စဉ်းစားခဲ့ရတယ်။ နောက်တော့ ပန့်ခ်ကို ကျွန်တော်သွားတွေ့တာပဲ” လို့ သူက ပြောပါတယ်။

nswks-3.jpg

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မောင်ဉာဏ်အတွက် နောက်ထပ်အရေးပါတဲ့ ကာလတစ်ခုက သင်္ဘောသားသူငယ်ချင်းတစ်ယောက်က မြန်မာနိုင်ငံ ပြန်လာချိန်မှာ နိုင်ငံခြားက ဝယ်လာတဲ့ ပန့်ခ်စီဒီတွေကို ပေးလိုက်တဲ့အချိန်ပါပဲ။

မောင်ဉာဏ်က အင်တာနက်ကဖေးတစ်ခုကို သွားပြီး Sex Pistol နဲ့ Casualties တို့ရဲ့သီချင်းစာသားတွေကို ဒေါင်းလုပ် ဆွဲတယ်။ ပြီးတော့ မြန်မာပြန်တယ်။ ဒီမှာတင် တစုံတရာဟာ ဖျတ်ကနဲ လင်းပွင့်သွားခဲ့ပါတယ်။

nswks-1.jpg

ဂိုထေးဗီလာမှာ Jam It! ကဦးဆောင်ကျင်းပခဲ့တဲ့ တလောလေးက အန်ဒါဂရောင်းရှိုးပွဲဟာ ရန်ကုန်မြို့က ပန့်ခ်လူမှုအဖွဲ့အစည်းရဲ့အဖွဲ့သားတွေကို စုစည်းပေးနိုင်ခဲ့ပါတယ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

လူတော်တော်များများကတော့ သူရွေးချယ်တဲ့ ဘဝနေထိုင်မှုပုံစံကို မကြိုက်ပါဘူး။ အထူးသဖြင့် သူ့ရဲ့သွင်ပြင်ကိုပါ။ တကယ့်ပန့်ခ်အစဉ်အလာအတိုင်းပါပဲ၊ သူကတော့ ဂရုမစိုက်ပါဘူးလို့ ပြောပါတယ်။

“ကျွန်တော့်ဆောင်ပုဒ်က ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ တခြားသူတွေ ဘာထင်ထင် ဂရုမစိုက်ဘူး။ ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်ဆိုတာပဲ”

“ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့အခွင့်အရေး ရှိပါတယ်။ သာဓကဆောင်ရရင် ကျွန်တော့်ဆံပင်ကို ကျွန်တော်ကြိုက်သလို ပြင်နိုင်ပါတယ်။ လမ်းပေါ်မှာ လူ့အခွင့်အရေးလို့ အော်နေသူတွေက ထွက်သွားလို့ ကျွန်တော့်ကို ပြောတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော့်အခွင့်အရေးပါ”

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.