ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့အဆောက်အဦးအား ဖွင့်လှစ်လိုက်သည့်အတွက် လေကြောင်းကဏ္ဍတွင် အလ ျှင်အမြန် တိုးတက်လာမှုကို အထောက်အကူပြုနိုင်မည်ဟု လေကြောင်းလိုင်းလုပ်ငန်း သတင်းလွှာတစ်စောင်က ရေးသားထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့အဆောက်အဦး။ ဓာတ်ပုံ- အေအက်ဖ်ပီ
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့အခြေစိုက် CAPA က ဧပြီ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာတွင် ရေးသားထားချက်အရ ပြီးခဲ့သည့်နှစ်တွင် နိုင်ငံတကာ ခရီးသွားအရေအတွက် ကျဆင်းလာသော်လည်း ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်လက် တိုးတက်လာသည့်အတွက် လေဆိပ်တိုးချဲ့မှုက အထောက်အကူ ပြုပေးနိုင်မည်ဟု ဆိုသည်။
“ရန်ကုန်လေဆိပ်အား အဆင့်မြှင့်တင်လိုက်ခြင်းအားဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက အာရှနှင့် ဥရောပကြား လေကြောင်းလိုင်းများ ပျံသန်းမှုတွင် တစ်ထောက်နားသည့် လေဆိပ်ဖြစ်ခဲ့ဖူးသည့် အခြေအနေကို ပြန်လည် ရယူနိုင်ရန် ဖြစ်သည်” ဟု CAPA က ရေးသားထားသည်။
“ရန်ကုန်အား အဓိကလေဆိပ် ဖြစ်လာစေရေးအတွက် ပိုမိုကြီးမားသည့် ပြည်တွင်းလေကြောင်းလိုင်းလည်း လိုအပ်သည်” ဟု ရေးသားထားသည်။
ရန်ကုန်လေဆိပ်၏ ရည်မှန်းချက်အား ပြည့်ဝစေရေးအတွက် ဂျပန်နိုင်ငံမှ All Nippon Airways နှင့် ပြည်တွင်းမှ လုပ်ငန်းကြီးတစ်ခု ပူးပေါင်းကာ Asian Blue အမည်ဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခု ထူထောင်ရန် ဆောင်ရွက်မှုက အထောက်အကူ ပြုပေးဖွယ်ရှိသည်ဟုလည်း ရေးသားထားသည်။
ထိုသို့ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်းလုပ်ငန်းမှာ ရွှေသံလွင်က ပိုင်ဆိုင်သည့် Golden Sky World ဖြစ်သည်ဟု မီဒီယာများက ရေးသားထားသည်။
သို့သော် Asian Blue လေကြောင်းလိုင်းသစ်အနေဖြင့် ပြည်တွင်းရှိ လေကြောင်းလိုင်းနှစ်ခုနှင့် ယှဉ်ပြိုင်ရမည်ဟု မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းနှင့် မြန်မာအမျိုးသားလေကြောင်းလိုင်းနှစ်ခုအား ရည်ညွှန်းကာ CAPA က ရေးသားထားသည်။
ထို့ပြင် အရှေ့တောင်အာရှဒေသရှိ အခြေကျပြီး လေကြောင်းလိုင်းများအပြင် လေကြောင်း အချက်အချာဒေသများနှင့်လည်း ပြင်းထန်စွာ ယှဉ်ပြိုင်ရမည်ဟု ရေးသားထားသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာလေကြောင်းလိုင်း ၂၄ လိုင်း ပြေးဆွဲနေသည်။ ပြီးခဲ့သည့် လေးနှစ်ကမူ ၁၃ ခုသာ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းဈေးကွက်သည် ၂၀၁၁ ခုနှစ်ကထက် နှစ်ဆတိုးတက်လာခဲ့သည်ဟု CAPA က ရေးသားထားသည်။
သတင်း- Frontier