ရန်ကုန်ရှိ လောင်းကစားဝိုင်းအသွင်ဆောင်သည့် ဂိမ်းဆိုင်များကို ဖမ်းဆီးအရေးယူလျက်ရှိ

ရန်ကုန်မြို့တွင် ဂိမ်းဆိုင်များ ဖွင့်လှစ်ခွင့်ကို ပိုမိုတင်းကြပ်စွာ စစ်ဆေးသွားမည်ဖြစ်သလို လောင်းကစားဝိုင်းအသွင်ဆောင်သော ဂိမ်းဆိုင်များကိုလည်း ဖမ်းဆီး အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ နယ်စပ်ရေးရာနှင့် လုံခြံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြောကြားသည်။

“၂၀၁၇ ခုနှစ်မှစ၍ ဂိမ်းဆိုင်များသည် လိုင်ကိုင်ခွင့်များကို လွယ်ကူစွာ ရနိုင်တော့မှာ မဟုတ်ပါဘူး။ လိုင်စင်လက်မှတ် သတ်တမ်းတိုးခြင်းများကိုလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ်ကုန်ဆုံးမည့် ၂၀၁၇ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် ဂိမ်းဆိုင်လိုင်စင်များကို ထပ်မံစိစစ်ခွင့်ပြုချိန်၌ သေချာစွာ ပြန်လည်သုံးသပ်သွားမည်ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

“သက်ဆိုင်ရာ အစိုးရအနေနဲ့လည်း ထိုဆိုင်များကို ပြန်လည်ခွင့်ပြုသင့်သလား၊ မပြုသင့်ဘူးလားဆိုတာကို သေသေချာချာ ပြန်လည်သုံးသပ်သွားရန်ရှိပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများအနေနဲ့လည်း နိုင်ငံခြားများမှ လောင်းကစားအသွင်ဆောင်သော ဂိမ်းများကို တင်သွင်းခွင့်မပြုရန် ဆွေးနွေးပြီး ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်များတွင်လည်း လောင်းကစားဝိုင်းအသွင်ဆောင်သည့် ဆိုင်များကို စဉ်ဆက်မပြတ်အရေးယူလျက်ရှိသည်ဟု ဆိုသည်။

၎င်း၏ ပြောကြားချက်အရ အောက်တိုဘာ ၂၃ ရက်နေ့အထိ အမှုပေါင်း ရှစ်မှုဖြင့် လူပေါင်း ၁၃၅ ဦးအပါအဝင် ကျပ် ၁၀,၀၄၁,၀၀၀ ကို သိမ်းဆည်းခဲ့သလို လက်ရှိအချိန်တွင်လည်း ပိုင်းလော့စီမံချက်ဖြင့် ဆောင်ရွက်နေသည်ဟုဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော် (ခေါ်) ဦးနေဘုန်းလတ်က ဘဝမြင့်မှတ်တိုင်၊ ဘီအိုစီမှတ်တိုင်မှ AKK Shopping Mall အပေါ်ထပ်နှင့် AKK Shopping Mall အရှေ့စသည့်နေရာများတွင် အကြွေစေ့ဂိမ်းဆိုင်များသည် အပျော်တမ်းထက် ကျော်လွန်ကာ လောင်းကစားဝိုင်းအသွင် ဆောင်နေပြီး ပြည်သူမျာ၏ စားဝတ်နေရေးကိုပါ ထိခိုက်သဖြင့် လောင်းကစားဝိုင်းများကို တရားဥပဒေအရ ဖယ်ရှား ရှင်းလင်းရန် အစီအစဉ်ရှိမရှိကို လွှတ်တော်တွင် မေးမြန်းရာ၌ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေဘုန်းလတ်က ထိုဆိုင်များတွင် ကလေးငယ်များသာမက လူကြီး၊ လူရွယ်အတော်များများ အကြွေစေ့နည်းဖြင့် ကစားရာတွင် တဖြည်းဖြည်း ငွေပမာဏများလာက အကြွေးတင်ပြီ မိသားစု ထိခိုက်ရသည့် အခြေအနေကိုပါ ရင်ဆိုင်ကြရသည်ဟု ပြောကြားသည်။

ဗိုလ်မှူးကြီးတင်အောင်ထွန်းကမူ ၎င်းတို့ ထိုဂိမ်းဆိုင်များကို သွားရောက်စစ်ဆေးချိန်တွင် ဆိုင်များ ပိတ်ထားကြောင်းတွေ့ရပြီး အချို့ဆိုင်များတွင်လည်း ကလေးကစားစရာများသာ တွေ့ရသည်ဟု ဖြေကြားခဲ့သည်။

ဦးနေဖုန်းလတ်က ထိုသို့ ပိတ်ထားရခြင်းမှာ သတင်းပေါက်ကြားမှုကြောင့် ဖြစ်နိုင်သည်ဟု ပြောကြားသည်။

“အစိုးရပိုင်းဆိုင်ရာတွေက သွားရောက်စစ်ဆေးတဲ့အခါ အဲဒီဆိုင်တွေ ဘာကြောင့် မရှိတော့ဘူးဆိုတာကိုတော့ ကျွန်တော်တို့ မသိပါဘူး။ အဲဒါ ဘာကြောင့် မရှိတော့တာလဲဆိုတာက သတင်းပေါက်ကြားမှုမရှိလျှင် သူတို့ကို လုံးဝတွေ့နိုင်ပါတယ်။ ပြီးတော့ အဲဒါက သင်္ဃန်းကျွန်းမှာဆိုရင် သင်္ဃန်းကျွန်းက ရဲတွေလည်း မသိပဲ မနေဘူး” ဟု ၎င်းကပြောကြားသည်။

ထိုသို့ပြောကြားချက်နှင့် ပတ်သက်ပြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လောင်းကစားဆန်သည့် ဂိမ်းဆိုင်များနှင့် ပတ်သက်နေသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အရေးယူသွားမည်ဟုပြောကြားသည်။

သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် ငွေကြေးရယူကာ လုပ်ပိုင်ခွင့်များမပေးရန်နှင့် အကယ်၍ ငွေကြေးရယူကာ ပါဝင်ပတ်သက်မှုရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသော ဂိမ်းဆိုင် စုစုပေါင်း ၄၃ ဆိုင်ရှိရာ ရန်ကုန် အနောက်ပိုင်းခရိုင်တွင် ၂၁ ဆိုင်နှင့် အရှေ့ပိုင်းခရိုင်တွင် ၂၂ ဆိုင်တို့ ဖြစ်ကြသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar