ရန်ကုန်မြို့၏ မြစ်ချောင်းများအတွင်း River Taxi ပြေးဆွဲနိုင်ရန် ပြင်ဆင်လေ့လာနေ

ရန်ကုန်မြို့တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်လာစေရေးအတွက် ရန်ကုန်မြို့ရှိ မြစ်ချောင်းများတွင် River Taxi ပြေးဆွဲနိုင်ရန် လေ့လာနေကာ လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များကို မကြာမီ တင်ဒါခေါ်ယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ စီမံကိန်း ဖြစ်မြောက်နိုင်မှုရှိမရှိကို ပြီးခဲ့သည့် ဇွန်လကတည်းက စတင်ကာ လှိုင်မြစ်၊ ရန်ကုန်မြစ်၊ ငမိုးရိပ်ချောင်းနှင့် ပုစွန်တောင်ချောင်းများတွင် သက်ဆိုင်ရာ နိုင်ငံတကာပညာရှင်များအပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများက စတင်လေ့လာခဲ့ကြသည်ဟု တိုင်းဒေသကြီးအစိုးရ လ ျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အောက်တိုဘာ ၂၈ ရက်နေ့က ပြောကြားသည်။

ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းများကို သြဂုတ်အတွင်း ကွင်းဆင်းလေ့လာခဲ့ကြရာ အဓိကအားဖြင့် ခရီးသည်များ အများဆုံး အသုံးပြုနိုင်ခြင်း၊ ရေလမ်းနှင့် ဘတ်စ်ကားလိုင်းများ ချိတ်ဆက်ရန် လွယ်ကူခြင်း၊ ခရီးသည်များ ဘေးကင်းလုံခြုံစွာ အတက်အဆင်း ပြုလုပ်နိုင်ခြင်းတို့အပေါ်မူတည်ကာ ရွေးချယ်ခဲ့သည်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

ထိုသို့ရွေးချယ်ပြီးနောက် လှိုင်မြစ်နှင့် ရန်ကုန်မြစ်တလျောက်တွင် လှိုင်သာယာမှ ပန်းဆိုးတန်းအထိ ခရီးသည်များအတွက် ဆိပ်ကမ်းခုနစ်ခုနှင့် ငမိုးရိပ်ချောင်းတစ်လျောက်တွင် ဒဂုံမြို့သစ် မြောက်ပိုင်း ခရီးစဉ်အတွက် ဆိပ်ကမ်း ၁၁ ခုကို ကွင်းဆင်းလေ့လာရွေးချယ်ထားသည်။ ထပ်မံ၍လည်း လိုအပ်သော ကွင်းဆင်း လေ့လာမှုများကို ဆက်လက်ဆောင်ရွက်နေသည်ဟု ဒေါ်နီလာကျော်က ပြောကြားသည်။

လုပ်ကိုင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်ယူသွားမည်ဟု ၎င်းကပြောသည်။

ထိုသို့ခေါ်ယူရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများအနေဖြင့် ရေယဉ်များ၏ ကြံံ့ခိုင်မှု၊ စိတ်ချရမှုအပြင် ရေယာဉ်များကို မောင်းနှင်မည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းများကိုပါ ထည့်သွင်းကာ သေချာစိစစ် ခေါ်ယူသွားမည်ဖြစ်သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar