ရန်ကုန်နည်းပညာတက္ကသိုလ်၌ မြန်မာ့ပထမဆုံး 5G နည်းပညာစင်တာ ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် 5G နည်းပညာစင်တာကို ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Nokia နှင့် အူရီဒူးတို့ ပူးပေါင်း တည်ထောင်လိုက်သည်ဟု Nokia က ပြောကြားသည်။

အဆိုပါ နည်းပညာစင်တာသည် ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော အောင်မြင်မှုတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော ဆက်သွယ်ရေးဆိုင်ရာ ဒီပလိုမာသင်တန်း တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ လေ့လာသင်ယူနိုင်မည်ဟု Nokia ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Nokia နည်းပညာ စင်တာတွင် 4G/3G/2G နည်းပညာများအပြင် နောက်ဆုံးပေါ် 5G နည်းပညာကို ကူညီထောက်ပံ့ ပေးနိုင်သည့် စလယ်ဆုံး ရေဒီယိုစနစ်ချိတ်ဆက်မှု၊ မည်သည့်ဆက်သွယ်ရေးစနစ်ကိုမဆို ချိတ်ဆက်အသုံးပြုနိုင်သော စနစ်နှင့် ပင်မကွန်ရက်စနစ်တို့ကို တပ်ဆင်ပေးထားပြီး ဖင်လန်နိုင်ငံတွင်တည်ရှိသော Oulu တက္ကသိုလ်၏ သင်ရိုး ညွှန်းတမ်းအတိုင်း သင်ကြားပေးသွားမည်ဟုဆိုသည်။

ဘွဲ့လွန်ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်၍ သင်ရိုးညွှန်းတန်းကို ရေးဆွဲထားပြီး တက္ကသိုလ် ၂ ခုတွင် ယခုနှစ် မတ်လ၌ စတင်မည့် ထိုဒီပလိုမာသင်တန်းအသစ်တွင် သင်ရိုးညွှန်းတမ်းများအား ပိုမို ထိရောက်စွာ သင်ကြားနိုင်ရန်နှင့် ကျောင်းသားကျောင်းသူများအနေနှင့် ၎င်းတို့ သင်ကြားရသည့် သီအိုရီပေါ်တွင် ရရှိထားသော ဗဟုသုတများအား လက်တွေ့စမ်းသပ်လုပ်ဆောင်နိုင်သည့် သင်ထောက်ကူပစ္စည်းကိရိယာ အစုံအလင် ပါဝင်သော လက်တွေ့စမ်းသပ်ခန်း တည်ဆောက်ရန် လိုအပ်နေခဲ့သည်။

အဆိုပါ သင်ရိုးညွှန်းတမ်းများအား Nokia ၏ နည်းပညာများပေါ်တွင် အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည့်အတွက် Nokia နှင့် အူရီဒူးမြန်မာတို့သည့် ယင်းအစီအစဉ်အား အထောက်အကူဖြစ်စေရန် Nokia နည်းပညာစင်တာကို ပူးပေါင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

“ဆက်သွယ်ရေးဆိုင်ရာ ဒီပလိုမာသင်တန်းရဲ့ သင်ရိုးညွှန်းတမ်းတွေက Nokia ရဲ့ နည်းပညာနဲY နည်းလမ်းများအပေါ်မှာ အခြေခံထားတဲ့ သီအိုရီပိုင်းဆိုင်ရာ နဲ့ စက်မှုနယ်ပယ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို စုစည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်” ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်၏ ပါမောက္ခချုပ် ဒေါက်တာ မြင့်သိန်းက ပြောသည်။

“ကျောင်းသားကျောင်းသူတွေအတွက် ဒီသင်တန်းအစီအစဉ်ကို စတင်ပေးဖို့ အသင့်ဖြစ်နေဖို့ ရန်ကုန်နည်းပညာတက္ကသိုလ်မှာရှိတဲ့ မဟာဌာနမှ ဆရာဆရာမများက Oulu တက္ကသိုလ်မှာက ပါမောက္ခတွေနဲ့အတူ အတူတကွ ဆောင်ရွက်ခဲ့ကြပါတယ်” ဟုလည်း ၎င်းကပြောသည်။

Nokia နည်းပညာစင်တာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် Bell Labs က တီထွင်ထားသည့် ဆန်းသစ်သော နောက်ဆုံးပေါ် အဆင်မြင့် 5G နည်းပညာကို လေ့လာနိုင်ရန် ပြသထားသည်ဟု Head of Nokia Myanmar ဖြစ်သူ Dr.Danabalan Amirthalingam က ပြောသည်။

“5G နည်းပညာရဲ့ ဦးဆောင်သူတစ်ဦးအနေနဲ့ ကျွန်တော်တို့ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပြီး ခေတ်မီ အဆင့်မြင့်နည်းပညာတွေအသုံးပြုပြီး ကျောင်းသားကျောင်းသူတွေရဲ့ နည်းပညာပိုင်း ထိတွေ့မှုတွေ ပိုမိုတိုးတက်လာအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်ပြီး ဘက်ပေါင်းစုံ လုပ်ငန်းခွင် အတွေ့အကြုံများကို ရရှိစေရန် Nokia နှင့် အူရီဒူးက အလုပ်သင်အစီအစဉ်ကို ထောက်ပံ့ပေးမည် ဖြစ်သည်။

“ပညာရေးနဲ့ လူငယ်များ လုပ်ဆောင်နိုင်စွမ်း တွေ မြင့်တက်လာဖို့ အားပေးမှုပိုင်းဟာဆိုရင် အူရီဒူးအတွက် အဓိက ဦးစားပေး သော့ချက်များပဲဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ချက် ခြေလှမ်းမှာ ဦးဆောင်နေတဲ့ မိတ်ဖက်ဖြစ်တဲ့ Nokia နဲ့ အတူ Nokia နည်းပညာစင်တာနဲ့ နည်းပညာကို လေ့လာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် အကျိုးရှိစေမယ့် အလုပ်သင် အစီအစဉ်တွေ ထောက်ပံ့နိုင်ခဲ့လို့ ကျွန်တော်တို့အနေနဲ့ အရမ်း ကျေနပ်ဝမ်းသာရပါတယ်” ဟု အူရီဒူး မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha က ပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar