ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေတစ်ခု ဖန်တီးဖို့ အရေးကြီးပါတယ်

Filip Lauwerysen သည် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများကို မြင့်တင်ရန် ပြီးခဲ့သောနှစ်က စတင်တည်ထောင်ခဲ့သည့် EuroCham အဖွဲ့အစည်း၏ အမှုဆောင် ဒါရိုက်တာဖြစ်သည်။ EuroCham အဖွဲ့အစည်းသည် ဥရောပသမဂ္ဂ (အီးယူ) က ငွေကြေးထောက်ပံ့ပေးထားသော အဖွဲ့အစည်း ဖြစ်သည်။ တရုတ်ပြည်နှင့် ယှဉ်ပြိုင်နိုင်ရေး၊ အစိုးရသစ်နှင့် လက်တွဲလုပ်ဆောင်နိုင်ရေးနှင့်  မြန်မာနိုင်ငံအတွက် ရင်းနှီးမြုပ်နှံမှုသစ်များကို ဆွဲဆောင်နိုင်ရန်တို့အတွက် မဟာဗျူဟာများနှင့် ပတ်သက်ပြီး သူက Frontier နှင့် ဆွေးနွေးခဲ့သည်။

ဂျာရတ် ဒေါင်းနင်း မေးမြန်းသည်။

EuroCham က ရန်ကုန်မှာ ဘာလို့ ရုံးခွဲ လာရောက်ဖွင့်လှစ်တာလဲ။ မြန်မာနိုင်ငံအပေါ်မှာ အရေးယူ ပိတ်ဆို့မှုတွေ ပြေလျော့သွားလို့လား။ မြန်မာနိုင်ငံရဲ့ အလားအလာကောင်းတဲ့ စီးပွားရေးကြောင့်လား။ နှစ်ခုလုံးကြောင့်လား။

နှစ်ခုစလုံးကြောင့်ပါ။ ကျွန်တော်တို့ရဲ့ မူလရည်ရွယ်ချက်က ဥရောပကုမ္ပဏီတွေ မြန်မာနိုင်ငံကို ဝင်ရောက်ရာမှာ အောင်မြင်စေဖို့ပါ။ ကျွန်တော်တို့က ဥရောပမှာ အလုပ်အကိုင်တွေ ဖန်တီးချင်တယ်။ ဥရောပက စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ သူတို့ရဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာကို ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းရာမှာ အကူအညီပေးဖို့ပါ။ အထူးသဖြင့် အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကိုပါ။ ဒီအမြင်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ ဈေးကွက်တစ်ခုပါ။

အီးယူကုမ္ပဏီတွေက သီးခြားစိတ်ဝင်စားတဲ့ စီးပွားရေးကဏ္ဍမျိုး ရှိပါသလား။

ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် မြန်မာနိုင်ငံက ဥရောပကုမ္ပဏီတွေအတွက် အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လူဦးရေလည်း အများကြီးရှိတယ်။ ကဏ္ဍမျိုးစုံမှာ အလားအလာကောင်းတွေ ရှိပါတယ်။ စွမ်းအင်ကဏ္ဍက အာရုံစိုက်မှုတွေ အများအပြား ရရှိနေပါတယ်။ စိုက်ပျိုးရေးလို ကဏ္ဍတွေမှာလည်း ရင်နှီးမြုပ်နှံမှုတွေ တွေရှိနေရပါပြီ။ မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေတွေ အများအပြား ရှိပါတယ်။

ဥရောပအတွက် ဒေသတွင်းမှာ အဓိကပြိုင်ဖက်ကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်၊ ထိုင်းနဲ့ မလေးရှား တို့လည်း ပါဝင်ပါတယ်။ ကျွန်တော့ရဲ့ အမြင်က ဘက်လိုက်ချင် လိုက်နေမယ်။ ဒါပေမဲ့ ဥရောပ ရင်းနှီးမြုပ်နှံမှု တွေကို ဖွင့်ပေးလိုက်တဲ့အတွက် ဒီကလူတွေ ရရှိနိုင်မယ့် ကောင်းကျိုးတွေက ကြီမားလွန်းပါတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာတွေ ကြည့်မယ်ဆိုရင် ရင်းနှီးမြုပ်နှံမှုတွေက နိုင်ငံတစ်နိုင်ငံကို ဘယ်လို ဖြစ်စေနိုင်သလဲဆိုတာ သိရပါမယ်။ ရင်းနှီးမြုပ်နှံမှုက မိုးမျှော်တိုက်တာ အဆောက်အအုံတွေ ပေါ်ပေါက်လာစေ နိုင်တယ်။ လူလတ်တန်းစားတွေ ထွက်ပေါ်လာစေနိုင်တယ်။ နိုင်ငံကို ကမ္ဘာ့မြင်ကွင်းထဲ ရောက်ရှိစေနိုင်တယ်။ မေးစရာရှိတာက NLD နဲ့ အစိုးရသစ်က ဒီအမြင်မျိုး ရှိသလားဆိုတာပဲ။

အစိုးရသစ်က အီးယူရဲ့ ရင်းနှီးမြုပ်နှံမှုတွေကို လက်ခံဖို့ ဆန္ဒရှိသလား။

ရှိပါတယ်။ ကျွန်တော် ဝန်ကြီးအချို့နဲ့ တွေ့ပြီးပါပြီ။ သူတို့က နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှု ရင်းမြစ်တွေကို ဖြန့်ကျက်ထားချင်ကြတယ်။ နိုင်ငံတစ်နိုင်ငံထဲမှာပဲ မမှီခိုချင်ကြဘူး။

အဲဒီနိုင်ငံက တရုတ်နိုင်ငံလား။

ကျွန်တော် အဲဒီလိုချည်း မပြောပါဘူး။ ဒါပေမဲ့ သူတို့က သဘာဝပတ်ဝန်းကျင် အတွက်ရော၊ တခြား အကြောင်းချက်တွေကြောင့်ပါ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေကို ဖြန့်ကျက်ထားချင်ကြတယ်။ ဥရောပက သူတို့ရဲ့ ရွေးချယ်စရာတွေထဲက အကြီးမားဆုံးတစ်ခုပါ။

အီးယူကုမ္ပဏီတွေက အာရှက သူတို့ရဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်အောင် EuroCham က ဘယ်လို အကူအညီပေးသွားမလဲ။

ကျွန်တော်တို့ ပြုလုပ်ပေးချင်တာက ရင်းနှီးမြုပ်နှံသူတွေကို အလုပ်အလိုက် အုပ်စုဖွဲ့၊ ကော်မတီဖွဲ့ပြီး သူတို့ရဲ့ မူဝါဒ အကြံပေးချက်တွေကို စာရွက်ပေါ်ရေးသားပြီး အစိုးရသစ်နဲ့ ချိတ်ဆက်ပေးမယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေကို ဥရောပအမြင်နဲ့ ပြသသွားမှာပါ။

ဥရောပရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ။

မြန်မာနိုင်ငံက အိမ်ခန်းတစ်ခန်းထဲ ဝင်ကြည့်မယ်ဆိုရင် တစ်ခန်းထဲမှာပဲ မီးပလပ်ပေါက် ခြောက်မျိုးလောက် ရှိနေတာကို တွေ့ရမယ်။ ကားအကြောင်း ပြောမယ်ဆိုလည်း ကားတစ်စီးက ယဉ်မောင်းထိုင်ခုံ ဘယ်ဘက်မှာ ရှိမယ်။ နောက်တစ်စီးက ညာဘက်မှာ ရှိမယ်။ စံနှုန်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ဥရောပက ဒါမျိုးတွေနဲ့ ပတ်သက်ရင် အတွေ့အကြုံ အများကြီး ရှိထားပါတယ်။ ဒီမှာ အကူအညီ အများကြီး ရနိုင်ပါတယ်။ ကုန်သည်ကြီးများ အသင်းတစ်ခုအနေနဲ့ လမ်းကြောင်းတစ်ခု ချမှတ်ပေးပြီး ကျွန်တော်တို့က ကုမ္ပဏီတွေကို အစိုးရသစ်နဲ့ ဆက်သွယ်ပြီး သူတို့ရဲ့ အကြံပြုချင်တွေကို ပြသပေးခိုင်းမယ်။ အစိုးရသစ်အတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဖန်တီးပေးမယ်။

အစိုးရက ကျွန်တော်တို့ ပြောစကားကို နားထောင်မယ်လို့ အာမခံချက် မပေးနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က မြန်မာအာဏာပိုင်တွေကို သတင်းစကားတစ်ခု ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက ဥရောပပုံစံ ရင်းနှီးမြုပ်နှံမှုတွေ ရရှိရင် အကျိုးဖြစ်ထွန်းမယ် ဆိုတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဥရောပကုမ္ပဏီတွေက ဒေသခံ အလုပ်သမား တွေကိုပဲ ငှားရမ်းပါတယ်။ ဒေသခံတွေကို လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ သူတို့က ဒေသတွင်းနဲ့ ကိုက်ညီအောင် လျင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိတို့ နိုင်ငံက လူတွေကို နိုင်ငံခြားကို ခေါ်လာရင် ဈေးကြီးလို့ ဖြစ်ပါတယ်။ တခြား အာရှနိုင်ငံတွေက ရင်းနှီးမြုပ်နှံမှုလုပ်ရင် မိမိတို့ အလုပ်သမားတွေကို ခေါ်ဆောင်လာတတ်ပါတယ်။ ဥရောပ ရင်းနှီးမြုပ်နှံမှုက သူတို့နဲ့ မတူပါဘူး။ သူတို့က ဒေသတွင်းနဲ့ ကိုက်ညီအောင် လျင်မြန်စွာ လုပ်ဆောင်တယ်။ ဒေသခံတွေကို လေ့ကျင့်ပျိုးထောင်ပေးတယ်။ ဒါက ပိုမို အကုန်အကျ သက်သာစေပြီး အလုပ်အကိုင်များစွာကိုလည်း ဖန်တီးပေးပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာမှာ ဘယ်သူက ပိုမို သတိကြီးကြီးထားဖို့ လိုလိမ့်မလဲ။ အစိုးရလား။ အီးယူကုမ္ပဏီတွေလား။

မြန်မာနိုင်ငံကို လာရောက်တဲ့ အီးယူကုမ္ပဏီတွေက သတိကြီးကြီး ထားရမှာပါ။ ဘာလို့လဲဆိုတော့ ဥရောပ တိုက်သားတွေက တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို လိုလားပါတယ်။ ဒါကြောင့်ပဲ ဥရောပကုမ္ပဏီတွေက မြန်မာ နိုင်ငံကို လာရောက်ရာမှာ သတိကြီးစွာ ထားနေရပါတယ်။ မြန်မာနိုင်ငံက ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကို တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်ရာမှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ အကျင့်ပျက် ချစားမှုဆိုင်ရာ ကိစ္စမှာလည်း မြန်မာနိုင်ငံက အဆိုးဆုံးထဲမှာ ပါဝင်နေပါတယ်။ အပြောင်းအလဲတွေကို အလွန် လျင်မြန်စွာ လုပ်ဆောင်ခဲ့ပေမဲ့ မြန်မာနိုင်ငံကို စီးပွားရေး လုပ်ဆောင်ရာမှာ အန္တရာယ်များတဲ့ နေရာတစ်ခုအဖြစ် မြင်နေကြတုန်းပါပဲ။

စိုးရိမ်နေတဲ့ ရင်းနှီးမြုပ်နှံသူတွေကို ခင်ဗျားတို့က ယုံကြည်လာအောင် ဘယ်လိုပြောဆိုမလဲ။

ကျွန်တော်တို့က ရိုးသားရမှာပါ။ အခွင့်အလမ်းကောင်း တစ်ခုတွေ့ရင် ကျွန်တော်တို့က သူတို့ကို ပြောရမယ်။ တစ်ချိန်တည်းမှာပဲ ပါဝင်လာမယ့် အန္တရာယ်တွေကိုလည်း ပြောပြမှာပါ။ အကောင်းဘက် ပြောင်းလဲတာတွေ့ရင်၊ မြန်မာအစိုးရက အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးတာတွေ့ရင် ကျွန်တော်တို့က သူတို့ကို ပြောပြပါတယ်။ ဒါပေမဲ့ အရှိကို အရှိအတိုင်း ပြောပြရမှာပါ။ ကျွန်တော်တို့က ဖွံ့ဖြိုးရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ဥရောပ ကုမ္ပဏီတွေ အောင်မြင်အောင် အကူအညီပေးဖို့ ဒီကို ရောက်နေတာပါ။

လုပ်အားအများအပြား လိုအပ်သော စက်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် ဥရောပကုမ္ပဏီများက စိတ်ဝင်စားနေကြသည်။ ဓါတ်ပုံ - အေအက်ဖ်ပီ/ရဲအောင်သူ

လုပ်အားအများအပြား လိုအပ်သော စက်မှုလုပ်ငန်းများကို လုပ်ကိုင်ရန် ဥရောပကုမ္ပဏီများက စိတ်ဝင်စားနေကြသည်။ ဓါတ်ပုံ – အေအက်ဖ်ပီ/ရဲအောင်သူ

EuroCham Myanmar က အားမပေးတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိပါသလား။

ကျွန်တော်တို့က ကာကွယ်ရေး၊ လက်နက်နဲ့ သက်ဆိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေကို အားမပေးပါဘူး။ ကျွန်းသစ် တင်ပို့မှုနဲ့ ကျောက်မျက်ရတနာတို့လို ပွင့်လင်းမြင်သာမှုမရှိတဲ့ ကဏ္ဍတွေလည်း ရှိပါတယ်။ ဒီလို နေရာမျိုးတွေမှာ ရင်းနှီးမြုပ်နှံမှုတွေကို ကျွန်တော်တို့ အားမပေးပါဘူး။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိတဲ့ အီးယူကုမ္ပဏီတွေက အမေရိကန်နိုင်ငံက ပြိုင်ဖက်တွေထက် အားသာတဲ့အချက်က ဘာဖြစ်မလဲ။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု တစ်ချို့ ကျန်ပါသေးတယ်။ ပိတ်ဆို့မှုတွေက အရင်ကလောက် မပြင်းထန်တော့ပါဘူး။ ဥရောပက ဒီအချက်မှာ အားသာပါတယ်။

အီးယူက အရေးယူပိတ်ဆို့မှုတွေ မရှိဘူးလား။

ရှိပါတယ်။ လက်နက်ရောင်းဝယ်ရေးမှာပါ။ အီးယူက အနည်းငယ်တော့ ဂရုတစိုက် လုပ်ကိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ အရေးယူပိတ်ဆို့မှုတွေကို အရင်ဦးဆုံး ဖြေလျော့ပေးတာက အီးယူပါ။ အခုဆို ဗီယက်နမ်နိုင်ငံမှာ လက်နက်ရောင်းဝယ်မှုကို အမေရိကန်နိုင်ငံက ဖွင့်ပေးလိုက်ပြီ။ ဒါက ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ ကို ပြသနေတယ်။ သူတို့က ဒါကို တုန့်ပြန်လုပ်ဆောင်တာပါ။

ဗီယက်နမ်က ရုံးခွဲတွေကနေ ဘာသင်ခန်းစာများ ရရှိနိုင်သလဲ။

လုပ်ငန်းကွန်ယက်တွေ တည်ဆောက်ဖို့အတွက် အချိန်အနည်းငယ် လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဗီယက်နမ်နိုင်ငံက လေ့လာနိုင်တဲ့ အရာကတော့ နိုင်ငံအုပ်ချုပ်ရေး မြို့တော်က စီးပွားရေး အချက်အခြာမြို့နဲ့ ဝေးတဲ့အခါမှာ ဘယ်လိုအလုပ်လုပ်ရမယ် ဆိုတာပါပဲ။ စီးပွားရေးလုပ်ငန်းတွေက တောင်ပိုင်းမှာရှိတယ်။ ဒါပေမဲ့ နေပြည်တော်မှာ အဆုံးအဖြတ်တွေက ပြုလုပ်မှာပါ။ ဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ဖြေရှင်းစရာ စိန်ခေါ်မှုတစ်ချို့ ရှိမှာပါ။ ဒါကြောင့် ကုမ္ပဏီတွေအဖို့ နေပြည်တော်မှာ ကိုယ်စားလှယ်တွေ ထားရှိဖို့ လိုပါလိမ့်မယ်။

မြို့တော်ကို ရန်ကုန်ကို ပြန်လည် ပြောင်းရွှေ့ပေးတာကလွဲပြီး လာရောက်ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတွေကို လွယ်ကူစေအောင် NLD က ဘာတွေလုပ်ပေးနိုင်ပါသလဲ။

ဟုတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ အရေးကြီးပါတယ်။ ကုမ္ပဏီတွေက သူတို့နိုင်ငံက အလုပ်သမားတွေကို လုပ်ငန်းလုပ်ဖို့ ဒီကို လွှတ်နိုင်ရမယ်။ ဒေသခံတွေကို အလုပ်ပေးဖို့က တဖြည်းဖြည်း ဖြစ်လာရမှာပါ။ ကုမ္ပဏီတွေအပေါ် အတင်းအကျပ်လုပ်လို့ မရပါဘူး။ ဒါက ကုမ္ပဏီတွေ ထိန်းကျောင်းလုပ်ဆောင်ရမယ့် သဘာဝအတိုင်း ဖြစ်ပေါ်လာရမယ့် စီးပွားရေး ဖြစ်စဉ်ပါ။

တရုတ်နိုင်ငံက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများအတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခု ဖန်တီးရာမှာ အလွန်အောင်မြင်ခဲ့ပါတယ်။ သူတို့မှာ တစ်နေရာတည်း အားလုံးလုပ်ဆောင်လို့ရတဲ့ ဝန်ဆောင်မှုတွေ၊ နိုင်ငံခြားသားတွေအတွက် သီခြားသတ်မှတ်ထားတဲ့ နေရာတွေ ရှိခဲ့တယ်။ အခုထိလည်း ရှိနေတယ်။ သူတို့မှာ ရှင်းလင်းပြီး ပွင့်လင်းမြင်သာတဲ့ ဗီဇာလုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ သူတို့မှာ ရှိနိုင်သမျှ ရှိအောင် လုပ်ထားတယ်။ ဆေးရုံကောင်းတွေ၊ စာသင်ကျောင်းကောင်းတွေ ရှိတယ်။ နိုင်ငံခြားသားတွေက သူတို့ရဲ့ ကလေးတွေကို ကျောင်းလွှတ်နိုင်အောင် ဖြစ်တယ်။

ဒီလို အခြေခံ အဆောက်အအုံတွေက ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာ အရေးပါတယ်။ ငွေကြေးကဏ္ဍ မှာလည်း တိုးတက်အောင် လုပ်ဆောင်စရာ အများကြီးရှိသေးတယ်။ အိမ်ခြံမြေဈေးတွေကလည်း မတရား ကြီးမားလွန်းနေတယ်။ မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်လိုရင် ဒီအရာတွေအားလုံး ပြောင်းလဲဖို့ လိုလိမ့်မယ်။

ပြီးတော့ ငြိမ်းချမ်းရေးပါ။ ရင်းနှီးမြုပ်နှံသူတွေက ငြိမ်းချမ်းရေးကို နှစ်သက်ကြတယ်။ သူတို့က သူတို့ရဲ့ ကုမ္ပဏီကို လူမျိုးစုပဋိပက္ခတွေ ဖြစ်နေတဲ့နေရာမှာ ဓါတ်ပုံအရိုက်မခံချင်ကြဘူး။ သူတို့က သူတို့ရဲ့ ရှယ်ယာပိုင်ရှင်တွေကို သူတို့ဟာ တည်ငြိမ်အေးချမ်းတဲ့နေရာမှာ ရင်နှီးမြုပ်နှံထားတယ်လို့ ပြသချင်ကြတယ်။

ခင်ဗျားရော မြန်မာနိုင်ငံအတွက် အကောင်းမြင်ပါသလား။

အများအပြားက အစိုးရသစ်အပေါ် မူတည်နေပါတယ်။ ကျွန်တော်ကတော့ အကောင်းမြင်ပါတယ်။ အစိုးရသစ်ကို ကျွန်တော် ယုံကြည်ပါတယ်။ သူတို့က တကယ် အပြောင်းအလဲကို လိုချင်ပါတယ်။ ကျွန်တော် တွေ့ဆုံဖူးတဲ့ ဝန်ကြီးတွေက ပွင့်လင်းပြီး ရိုးသားလွန်းလို့ အံ့သြမိပါတယ်။ သူတို့က အကောင်းဘက်ကို အမှန်တကယ် ပြောင်းလဲချင်ကြတာပါ။ ဒါပေမဲ့ သူတို့လုပ်ဆောင်မယ့် အစီအစဉ်တွေကို ထုတ်ဖော်ဖြေကြားပေးဖို့ လိုအပ်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ NLD ရဲ့ ကြေငြာစာတမ်း တစ်ခုပဲရှိပါတယ်။ကြေငြာစာတမ်းထဲမှာ စီးပွားရေးနဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စာကြောင်းတစ်ချို့ ပါတာလောက်ပဲ ရှိပါတယ်။ ဒါ့အပြင် တခြား သိဖို့ လိုအပ်တာတွေ မပါဘူး။ ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးပြီး အဖြေတွေ လိုချင်ပါတယ်။

ဥရောပနဲ့ မြန်မာနိုင်ငံကြားမှာ ရင်းနှီးမြုပ်နှံမှု ကာကွယ်ခြင်းဆိုင်ရာ သဘောတူညီမှုတစ်ခု အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။ ဒီသဘောတူညီမှုက နှစ်ဖက်စလုံးကို အကျိုးရှိနိုင်မယ်လို့ ထင်ပါတယ်။ သဘောတူညီမှု စာချုပ်တစ်ခုက ရင်းနှီးမြုပ်နှံသူ အသစ်တွေ လာမယ်လို့ အာမခံချက် မပေးနိုင်ပေမဲ့ အကူအညီတော့ ပေးနိုင်ပါတယ်။

လာမယ့် ငါးနှစ်အတွင်းမှာ မြန်မာနိုင်ငံကို ဘယ်လို မျှော်မှန်ထားပါသလဲ။

ဗီယက်နမ်နိုင်ငံက စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာတစ်ခုပဲ။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် ဟိုချီမင်းမြို့ကို မြင်တွေ့ခဲ့ရတာ ရန်ကုန်မြို့ရဲ့ တစ်ချို့အစိတ်အပိုင်းတွေနဲ့ ဘာမှမထူးပါဘူး။ နောက် ၁၂ နှစ်ကြာပြီးနောက် သူတို့နိုင်ငံသားတွေအတွက် အဆောက်အအုံတွေ၊ လှပတဲ့နေရာတွေ ဖန်တီးပေးလိုက်တာ ကျွန်တော် အံ့အားသင့်ခဲ့ရပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေက ပေးလိုက်တဲ့ အခွင့်အလမ်းတွေကို အသုံးချပြီး လုပ်ဆောင်သွားတာပါ။ အခုဆို ဗီယက်နမ်နိုင်ငံက ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာ ဥရောပနဲ့အပြိုင် ရင်းနှီးမြုပ်နှံသူကြီး ဖြစ်နေပါပြီ။

မေးစရာရှိတာက မြန်မာနိုင်ငံဟာ ဗီယက်နမ်နိုင်ငံလို လုပ်ဆောင်ရာမှာ အောင်မြင်နိုင်မလား။ ဒါမှမဟုတ် အကျင့်ပျက်ချစားမှုတွေဆီ ပြန်လည်ဦးတည်ပြီး ရင်းနှီးမြုပ်နှံသူတွေကို ခြောက်လွှတ်စေမယ့် ပိုမိုဗျောင်းဆန်တဲ့  အခြေအနေကို ရောက်ရှိသွားမလား ဆိုတာပါပဲ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar